Tuesday, October 14, 2014

“Wall Streetက ဖိနပ်တိုက်သမား”

နယူးယောက်မြို့ Wall Streetရဲ့ လူစည်ကားရာအရပ်မှာရှိတဲ့ Blackstone Group က အမေရိကန်နိုင်ငံရဲ့အကြီးဆုံး ရင်းနှီးမြှုပ်နှံစီမံအုပ်ချုပ်ရေးကုမ္ပဏီကြီးဖြစ်တယ်။ အဲဒီနေရာမှာ ကမ္ဘာ့ထိပ်တန်းအကျော်အမော်ဝန်ထမ်းတွေရှိသလို ဖိနပ်တိုက်သမားလို “ယောင်ပေပေ”လူတွေလည်းရှိတယ်။



ဒီနေရာမှာရှိတဲ့ ဖိနပ်တိုက်သမားတွေဟာ သပ်ရပ်တူညီတဲ့ဝတ်စုံကို ဝတ်ထားကြပါတယ်။ သူတို့ကို “ဖိနပ်တိုက်ပညာရှင်”လို့ ကုမ္ပဏီထဲမှာရှိတဲ့လူတွေက တင်စားကြပါတယ်။ ဖိနပ်တိုက်သမားတိုင်းက မတူတဲ့အခန်းထဲကဖိနပ်တွေကို တာဝန်ယူရပါတယ်။ တိုက်မယ့်ရှူးဖိနပ်တွေကို အမြန်ဆုံးသိမ်းဆည်းပြီး ပိုးသတ်ထားတဲ့ကွင်းထိုးဖိနပ်ကို ဖိနပ်အတိုက်ခံမယ့်ဝန်ထမ်းကို အရင်ဆုံးပေးစီးထားရပါတယ်။
ဒီအလုပ်က ကြည့်ရတာလွယ်ကူပြီး အစဉ်ကျတဲ့အလုပ်ဆိုပေမယ့် ဒီနေရာကို Mauricio Dias မရောက်လာခင်တုန်းက အရမ်းကသောင်းကနင်းဖြစ်ခဲ့ပါတယ်။ ဖိနပ်တိုက်သမားတွေဟာ ငွေရဖို့အရေး ဖိနပ်တိုက်သေတ္တာကိုကိုင်ဆွဲပြီး ဖိနပ်တိုက်မယ့်သူတွေကို ရုံးခန်းထဲ ဟိုဝင်ဒီထွက်နဲ့ စည်းမရှိကမ်းမရှိ သားကောင်လိုက်ရှာသလို ရှာခဲ့ပါတယ်။
ဒီကုမ္ပဏီမှာအလုပ်လုပ်တဲ့ဝန်ထမ်းတွေက အရမ်းအလုပ်များတာမို့ ဖိနပ်တိုက်ဖို့အချိန်တောင် မပေးနိုင်ခဲ့ကြပါဘူး။ ဒါကြောင့် ဖိနပ်တိုက်သမားလည်း စိတ်တိုင်းကျဝင်ထွက်ပြီး ဖိနပ်တိုက်ခံမယ့်လူတွေကို ရှာခဲ့ကြပါတယ်။

Wall Streetမှာ ဖိနပ်သွားတိုက်မယ်ဆိုတာက Mauricio Dias ရဲ့စိတ်ကူးအိပ်မက်တစ်ခုပါ။ ဖိနပ်တိုက်သေတ္တာကိုဆွဲပြီး ကုမ္ပဏီအဆောက်အဦးရှေ့သူရောက်ရှိချိန်မှာ လက်လက်ထနေတဲ့ ရှူးဖိနပ်ကိုစီးပြီး ကုမ္ပဏီထဲ ဝင်ထွက်သွားလာနေကြတဲ့ ဝန်ထမ်းတွေကို သူစူးစိုက်ကြည့်ခဲ့မိပါတယ်။ လူတွေဟာ သူ့ရှေ့ကနေ ကသုတ်ကရိုက်သွားလာနေကြပြီး သူ့ကိုတစ်ချက်တောင် လှည့်မကြည့်ခဲ့လို့ ဖိနပ်တိုက်သမားတစ်ယောက်အနေနဲ့ ဒီနေရာမှာ သူရပ်တည်နိုင်ပါ့မလားလို့ သူတွေးခဲ့မိပါတယ်။

ဒီကဝန်ထမ်းတွေဟာ အလုပ်များလွန်းတယ်၊ ဝန်ထမ်းအများက တစ်ဖက်ကအလုပ်လုပ်နေရင်း တစ်ဖက်က ဖိနပ်အတိုက်ခံတယ်ဆိုတာကို နောက်ပိုင်းမှာ Dias သိခဲ့ရတယ်။ ဒီဖိနပ်တိုက်သမားတွေမှာ ဖောက်သည်ပုံမှန်ရှိတယ်။ တခြားသူတွေ ကြားဝင်တိုးလို့မရပါဘူး။ Dias လို လူသစ်ဆိုရင် ဖိနပ်တိုက်ဖို့မပြောနဲ့ ကုမ္ပဏီရှေ့မှာ ယောင်ပေပေလုပ်နေလို့ တခြားဖိနပ်တိုက်သမားတွေရဲ့ အရိုက်မခံရတာတောင် တော်သေးတယ်လို့ ပြောရပါမယ်။

ကုမ္ပဏီရှေ့မှာ ရက်အတန်ကြာအကဲခတ်ပြီးနောက် သဲလွန်စတစ်ခုကို Dias ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီသဲလွန်စက Blackstone Group က ယှဉ်ပြိုင်မှုပြင်းထန်တဲ့နေရာဖြစ်တယ်။ ရက်သတ္တပတ်တိုင်းလိုလို ဝန်ထမ်းဟောင်းတွေကိုဖြုတ်ပြီး ဝန်ထမ်းသစ်တွေကို ခန့်အပ်တာမျိုးရှိခဲ့ပါတယ်။
“ဝန်ထမ်းဟောင်းတွေက ဖိနပ်တိုက်သမားတွေရဲ့ ဖောက်သည်ဖြစ်နေပြီဆိုတော့ အသစ်ဝင်လာတဲ့ဝန်ထမ်းသစ်တွေကနေပဲ ငါလုပ်ငန်းစရမယ်”လို့ Dias တွေးလိုက်တယ်။ အဲဒီနောက် တစ်ပတ်အကြာမှာ အသစ်ဝင်ရောက်လာတဲ့ ဝန်ထမ်းDannကို သူရွေးလိုက်ပါတယ်။ Dann ပထမဆုံးအကြိမ် ဖိနပ်တိုက်ချိန်မှာ Dias က ဖိနပ်တိုက်ခမယူခဲ့ပါဘူး။ သူက Dann ကိုတောင် “ကုမ္ပဏီဥက္ကဌက မင်းအတွက် ငွေရှင်းလိုက်ပြီ။ သူက ကောင်းမွန်တဲ့၊ နွေးထွေးတဲ့ပုံစံနဲ့ ဝန်ထမ်းသစ်တွေကို ကြိုဆိုလိုက်တာပါ”လို့ “လိမ်ညာ”ပြောခဲ့ပါတယ်။

Dann က Diasရဲ့ ဖောက်သည်ဖြစ်သွားချိန်မှာ ဒီ “အလိမ်ညာ”ရဲ့ အမှန်ကိုသိခဲ့ပါတယ်။ ဒီကိစ္စကို Blackstone Groupရဲ့ အကြီးအကဲ Rosenကြားသိရတော့ နက်နက်နဲနဲခံစားသွားခဲ့ပါတယ်။ သူ့ကိုအကောင်းပြောပြီး ကူညီခဲ့တဲ့ Dias ကို သူတွေ့ဆုံခဲ့ပါတယ်။
ကုမ္ပဏီရဲ့အကြီးအကဲRosenကိုတွေ့ခွင့်ရတာနဲ့ Dias က သူ့စိတ်ကူးကို ရဲရဲဝံ့ဝံ့တင်ပြခဲ့ပါတယ်။ သူ့စိတ်ကူးက ဖိနပ်တိုက်သမားတွေကို အဆင့်ရှိတဲ့ဖိနပ်တိုက်သမားတွေအဖြစ် လေ့ကျင့်ပေးပြီး သူတို့ရဲ့အရည်အချင်းဟာလည်း ဝန်ထမ်းတွေရဲ့ရှူးဖိနပ်တွေလို
ပြောင်လက်တောက်ပလာဖို့ဖြစ်တယ်။ ဖိနပ်တိုက်သမားတွေဟာလည်း ကုမ္ပဏီရဲ့စည်းကမ်းရှိတဲ့ဝန်ထမ်းအဖြစ် တစ်စိတ်တစ်ပိုင်းပါဝင်ဖို့ဖြစ်ပါတယ်။ Diasရဲ့စိတ်ကူးကို Rosen အားပေးခဲ့ပြီး လိုအပ်တာတွေကို
ထောက်ပံ့ကူညီပေးခဲ့ပါတယ်။

သိပ်မကြာခင်အတွင်းမှာ Diasက သူ့ကိုယ်ပိုင်ဖိနပ်တိုက်ဆိုင်လေးတစ်ဆိုင် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ သူ့ဆီဖိနပ်လာတိုက်သူတွေထဲမှာ Barclays, Morgan Stanley, Merrill Lynch စတဲ့အမေရိကန်နာမည်ကြီး ကုမ္ပဏီက ဝန်ထမ်းထောင်ပေါင်းများစွာ ပါဝင်ခဲ့ပါတယ်။ Goldman Sachs ကုမ္ပဏီအကြီးအကဲ Jon Corzine က “ဒီဖိနပ်တိုက်ဆိုင်မှာ ဖိနပ်တစ်ရံတိုက်ရင် ၆ဒေါ်လာပေးရတယ်။ တခြားနေရာမှာတော့ ၃ဒေါ်လာပဲယူတယ်။ ဒါပေမယ့် ဒီနေရာကိုပဲ ကျွန်တော်လာမယ်။ အကြောင်းက Diasကပေးတဲ့ အဆင့်မြင့်ဝန်ဆောင်မှုကို ခံစားကြည့်ချင်လို့ပါပဲ”လို့ ဆိုခဲ့တယ်။
Diasရဲ့အောင်မြင်မှုကို Rosen သတိပြုခဲ့မိတယ်။ ဖိနပ်တိုက်သမားတွေကို ဦးဆောင်နိုင်သူတစ်ယောက်ဟာ အဖွဲ့အစည်းတစ်ခုကိုလည်း စည်းစည်းလုံးလုံးရှိအောင် ဦးဆောင်နိုင်မှာပဲလို့ သူတွေးခဲ့တယ်။ Blackstone Groupမှာ ဒီလိုအရည်အချင်းရှိတဲ့လူလိုအပ်တယ်။ ဒီလိုနဲ့ Diasဟာ Blackstone Groupရဲ့ ငယ်ရွယ်ပြီးရာထူးကြီးတဲ့ ဝန်ထမ်းတစ်ဦးဖြစ်လာခဲ့တယ်။ ဖိနပ်တိုက်သေတ္တာကို ကိုင်ဆွဲခဲ့သူတစ်ယောက်က ရုံးစာရွက်စာတမ်းတွေထည့်ထားတဲ့အိတ်ကိုကိုင်ဆွဲတဲ့ ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်လာခဲ့ပါတယ်။

Rosenနဲ့ လူအများကို ပိုအံ့သြစေခဲ့တာက Diasဟာ ဟားဗတ်တက္ကသိုလ်က ဘွဲ့ရခဲ့သူတစ်ဦးဖြစ်တယ်ဆိုတာပါပဲ။ သူဟာ တစ်ချိန်က DJL (Donaldson, Lufkin & Jenrette) ရင်းနှီးမြှုပ်နှံဘဏ်က ဝန်ထမ်းတစ်ဦးဖြစ်တယ်။ DJL ကို Credit Suisse ဘဏ်ကဝယ်ယူလိုက်တဲ့နောက် သူအလုပ်လက်မဲ့ဖြစ်သွားခဲ့တယ်။ အလုပ်လက်မဲ့ဖြစ်သူတစ်ယောက်ကို လူတွေအထင်မသေးအောင် ဘယ်လိုလုပ်ရမလဲ။ Dias ဟာ အလုပ်လက်မဲ့ဖြစ်ချိန်ကစပြီး Wall Streetမှာဖိနပ်သွားတိုက်ဖို့ သူဆုံးဖြတ်ခဲ့တယ်။ အဲဒီနေရာက Blackstone Groupနဲ့ အနီးဆုံးဖြစ်တဲ့အတွက်ကြောင့် ဖြစ်တယ်။

Dais ဟာ အောက်ခြေအလုပ်နဲ့ ကိုယ့်တန်ဖိုးကိုပြသခဲ့ပါတယ်။ သူရဲ့အောင်မြင်တဲ့အတွေ့အကြုံကိုလည်း ဟားဗတ်တက္ကသိုလ်ရဲ့ သင်ရိုးစာအုပ်မှာ ရေးသားခံခဲ့ရတယ်။ အဲဒီထဲမှာ စကားတစ်ခွန်းက ဒီလိုရေးထားပါတယ်။ “တကယ်လို့ Wall Streetက ဝန်ထမ်းမဖြစ်နိုင်ခဲ့ရင် Wall Streetက ဖိနပ်တိုက်သမားလုပ်ပါ”ဆိုတာပဲဖြစ်ပါတယ်။

မူရင်းရေးသားသူ -- Kē yù shēng
နိုင်းနိုင်းစနေ

No comments:

Post a Comment