Monday, October 13, 2014

လောကရဲ့သဘာဝတရား

(၁) နေ့ရက်တစ်ရက်တိုင်းမှာ သင့်အတွက်ရွေးချယ်စရာ (၂) ခုရှိတယ်။ လက်ရှိရောက်နေတဲ့နေ့ရက်ကို အကျိုးရှိရှိနဲ့ ဖြတ်သန်းမလား? အချည်းနှီး ကုန်ဆုံးစေမလား? ဆိုတဲ့ရွေးချယ်စရာတွေပါပဲ။ သင်ရောက်ရှိနေတဲ့ နေ့ရက်တိုင်းကို အကောင်းဆုံးဖြစ်အောင် အသုံးချပါ။
(၂) သင့်ဘဝထဲကို ဝင်လာတဲ့သူတချို့ဟာ သင်မျှော်လင့်ထားတဲ့အချိန်ထက် ပို၍စောစီးစွာပဲ သင့်ဘဝထဲကနေ ပြန်လည်ထွက်ခွာသွားကြတယ်။ သူတို့အနေနဲ့ သင့်အနားမှာ တစ်သက်လုံးနေနေခြင်းဖြင့် မပေးနိုင်တဲ့ သင်ခန်းစာတချို့ကို ဒီလိုစောစောစီးစီး ထွက်ခွာသွားလိုက်ခြင်းဖြင့် အပြည့်အဝပေးခဲ့ကြတယ်။


(၃) ပျော်ရွှင်မှုဆိုတာ သင့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာနဲ့ တိုင်းတာဖော်ပြလို့ရတဲ့အရာ မဟုတ်ပါဘူး။ သင့်အတွင်းစိတ်ထဲမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတဲ့ အချက်နဲ့သာ သင့်ရဲ့ပျော်ရွှင်မှုအတိုင်းအတာကို ဖော်ပြနိုင်တာပါ။
(၄) အပြုံးတွေကို ဆောင်ပါ။ တင်းမာမှုတွေကို လျှော့ချပါ။ စိုးရိမ်ပူပန်မှုတွေကို အတတ်နိုင်ဆုံး မဝင်လာအောင်နေပါ။ ငြိမ်းအေးမှုတွေကို အလေ့အကျင့်လုပ် လက်ကိုင်ပြုပါ။ နာကျင်ခံစားရမှုတွေကို လွှတ်ချထားပစ်ခဲ့ပါ။ ဒီလိုသာဆို သင်ဟာအချိန်ပြည့်မဟုတ်တောင် အချိန်တော်တော်များများမှာ ပျော်ရွှင်နေတဲ့လူသားတစ်ယောက် ဖြစ်နေမှာပါ။
(၅) တခါတလေမှာ ရင့်ကျက်မှုဆိုတာ ရရှိလာဖို့ စိတ်ဒဏ်ရာအနာတရတွေကို ခံစားခဲ့ရတယ်။ ပိုင်ဆိုင်ခြင်းရဲ့တန်ဖိုးကို ဘဝတစ်ခုလုံး၊ ရင်ခွင်တစ်ခုလုံးနဲ့ နားလည်ခံစားတတ်ဖို့အတွက် ဆုံးရှုံးမှုတွေကိုလည်း ပွေ့ပိုက်ခဲ့ရတယ်။ တန်ဖိုးအရှိဆုံးသော ဘဝပေးသင်ခန်းစာတွေဆိုတာ အကောင်းဆုံးသော ထိခိုက်နာကျင်မှုတွေကို ဖြတ်သန်းနိုင်ခဲ့လို့ ရလာတာပါ။
(၆) ဘဝဖြတ်သန်းမှုဆိုတာ အလှည့်အပြောင်းတွေနဲ့ ဆန်းပြားသလို၊ လေးနက်သိမ်မွေ့မှုတွေလည်း အများကြီးပါတယ်။ အခွင့်အရေး အများအပြား၊ အစုံအလင်ကိုလည်း သယ်ဆောင်လာပေးတတ်တယ်။ သင့်အနေနဲ့ မှန်ကန်တဲ့ရှုထောင့်ကနေ ကြည့်တတ်မှ ဒီအခွင့်အရေးတွေကို မြင်ပါလိမ့်မယ်။
(၇) တခါတလေ သင့်မှာကိုယ်ပိုင်စိတ်စွမ်းအား၊ ခံနိုင်ရည်အင်အား အစစ်အမှန်ဘယ်လောက်ရှိသလဲဆိုတာ သင့်ရဲ့အကြီးမားဆုံးသော အားနည်းချက်ကြီးနဲ့ မျက်နှာချင်းဆိုင် ထိပ်တိုက်ရင်မဆိုင်ရသေးသရွေ့ သင်ကိုယ်တိုင်တောင် အတိအကျသိရှိနိုင်မှာ မဟုတ်ပါဘူး။
(၈) သင့်အပေါ်လူတွေက အကောင်းအဆိုး ဘယ်လိုထင်မြင် ယူဆကြသည်ဖြစ်စေ၊ ဘယ်လိုသက်ဝင် ခံစားကြသည်ဖြစ်စေ သင့်အနေနဲ့ တစ်ဦးချင်းစီကို လိုက်ပြောင်းလဲနေလို့ မရနိုင်ပါဘူး။ သင့်နှာခေါင်းပေါက်နဲ့သင် လွတ်လွတ်လပ်လပ် အသက်ရှူပါ။ သင်ရပ်တည်လိုတဲ့ပုံစံအတိုင်း မည်သူ့ကိုမှမထိခိုက်ဘဲနဲ့ သင့်ဘဝကိုပျော်ရွှင်စွာ ရပ်တည်နိုင်ပါတယ်။ သင်အပါအဝင် လူတိုင်းဟာ ကိုယ့်ဘဝနဲ့ကိုယ်ပါ။

Burmese Treasure

No comments:

Post a Comment