Thursday, October 2, 2014

“နွေးထွေးကြင်နာ”တဲ့ ကော်ဖီတစ်ခွက်

Green Mountain Coffeeကို Starbucks လောက် လူသိမများကြဘူး။ အရင်တုန်းကတော့ သူဟာ ကုမ္ပဏီသေးလေးတစ်ခုပေါ့။ အခုချိန်မှာတော့ အောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်နေတာဟာ အဲဒီကုမ္ပဏီကိုတည်ထောင်ခဲ့တဲ့ Robert Stillerက ကော်ဖီတစ်ခွက်တိုင်းကို ၁ဒေါ်လာတိုးယူခဲ့လို့ဖြစ်တယ်။

ဒါ ဘယ်လိုဖြစ်ရတာပါလိမ့်… တစ်ခါက Stillerဟာ
တောင်အမေရိကန်တိုက်မှာရှိတဲ့ ကော်ဖီစိုက်ခင်းတွေဆီ သွားရောက်ကြည့်ရှုခဲ့တယ်။ အဲဒီက အလုပ်သမားတွေဟာ ဆင်းရဲပင်ပန်းလွန်းပြီး လုပ်အားခ နည်းနည်းလေးပဲရတာကို သတိပြုမိခဲ့တယ်။ လူတိုင်းရဲ့ တစ်ရက်လုပ်အားခက ဒေါ်လာ ၅တောင်မရှိပါဘူး။


ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုပြီး မေးမြန်းအဖြေရှာကြည့်တော့ ကော်ဖီဝယ်ယူသူတွေက ကော်ဖီလိုအင်တွေများပြီး ဈေးကောင်းနေပါရက်နဲ့ ကော်ဖီစိုက်သူတွေဆီကနေ ကော်ဖီတွေကိုဈေးနိမ်ပြီးဝယ်ယူခဲ့ကြတယ်။ ကော်ဖီရောင်းဈေး မကောင်းတော့ အလုပ်သမားတွေရတဲ့ လုပ်အားခကလည်း နည်းခဲ့ရတယ်။

“ရတဲ့လုပ်အားခနည်းပေမယ့် ဗိုက်ဟောင်းလောင်းနဲ့ အိမ်မှာနေနေတာထက် ကောင်းပါတယ်”လို့ ဆင်းရဲတဲ့အလုပ်သမားတွေက ဆိုကြပါတယ်။

အကြောင်းစုံကိုသိပြီးနောက် Stiller တုန်လှုပ်သွားမိခဲ့တယ်။ သူဟာ လေးလေးနက်နက်စဉ်းစားတွေးတောပြီး ကော်ဖီဝယ်ယူသူတွေဟာ အလုပ်သမားတွေအပေါ် ဒီလိုခေါင်းပုံမဖြတ်သင့်ဘူး၊ တခြားလူတွေ လုပ်ရင်တောင် Green Mountainက ဒီလိုမလုပ်သင့်ဘူးလို့ သူထင်ခဲ့တယ်။ ဒါကြောင့်သူဟာ လူတွေအံ့သြရလောက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပါတယ်။

“အလုပ်သမားတွေကို လုပ်အားခတိုးပေးမယ်ဆိုရင် ကော်ဖီစိုက်သူတွေဆီကနေ နဂိုဈေးနှုန်းထက် ၃ ဆပေးပြီး ကော်ဖီတွေကို ကျွန်တော်တို့ဝယ်မယ်”

ကုမ္ပဏီတစ်ခုက အရင်းအနှီးများရင် လည်ပတ်ရခက်သွားပါတယ်။ ကုမ္ပဏီဆက်လက်လည်ပတ်ဖို့ Green Mountainကော်ဖီတွေ
ဈေးတက်ရပါတော့မယ်။ ဒါကြောင့် သူတို့က “တောင်အမေရိကတိုက်က သနားစရာ ကော်ဖီစိုက်သူတွေကိုကူညီတဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ကော်ဖီဈေးတက်ရတာဖြစ်ပါတယ်။ ကော်ဖီတစ်ခွက်ကို ၁ ဒေါ်လာဈေးတက်ပါတယ်”လို့ ကြေညာခဲ့တယ်။

ကော်ဖီရဲ့အရည်အသွေးမပြောင်း၊ ခွက်အရွယ်အစားမပြောင်းပေမယ့်
ဈေးတက်သွားပါပြီ။ ပြောရရင်တော့ ဒီGreen Mountainကော်ဖီက တံခါးပိတ်ရမယ့်ကိန်းဆိုက်နေပါပြီ။ တခြားကော်ဖီဆိုင်တွေက နေရာအနှံ့ရှိတာမို့ ဘယ်သူမှ ဈေးနှုန်း၁ဒေါ်လာတက်သွားတဲ့ကော်ဖီကို ဝယ်သောက်ချင်ကြမှာ
မဟုတ်ပါဘူး။ တကယ်တမ်းမှာတော့ Green Mountainကော်ဖီဆိုင် ပိတ်မသွားခဲ့ပါဘူး။ ဝယ်ယူစားသောက်သူတွေကိုတောင် ပိုစွဲဆောင်နိုင်ခဲ့ပါတယ်။

“Green Mountainကော်ဖီက တခြားကော်ဖီတွေနဲ့ မတူပါဘူး.. သူဟာ
“နွေးထွေးကြင်နာမှု”ရှိပါတယ်”လို့ ဝယ်ယူသူတွေက ပြောခဲ့ကြပါတယ်။

ဝယ်ယူသူတွေက ဒီလိုတွေးကြပါတယ်.. တကယ်လို့ Green Mountainကော်ဖီကို ငါတို့မဝယ်ရင် မကြာခင်မှာပဲ သူတို့ဆိုင်ပိတ်သွားရလိမ့်မယ်။ ဒီလိုဆိုရင် ကော်ဖီလုပ်သားတွေဟာ တိုးတက်ကောင်းမွန်တဲ့ဘဝကို တည်ဆောက်ဖို့ အခွင့်အရေးဆုံးရှုံးသွားလိမ့်မယ်။

“ဈေးတက်သွားတဲ့ ၁ဒေါ်လာကို ငါတို့ပေးမယ်.. ဒါဟာ ကောင်းမှုတစ်ခုလုပ်နေတယ်လို့ပဲ ငါတို့ထင်မှတ်တယ်”

“Green Mountainကော်ဖီတစ်ခွက် သွားဝယ်ပါ.. ဒါဟာလည်း ကောင်းမှုတစ်ခုလုပ်နေတာပဲ”

၁ဒေါ်လာပိုပေးပြီး Green Mountainကော်ဖီသောက်သူတွေရဲ့ ရင်ထဲမှာလည်း ငြိမ်းချမ်းခြင်းတွေရှိမှာပါ။ မိုင်ထောင်ပေါင်းများစွာက ဆင်းရဲသားလုပ်သားတွေကို သူတို့ကူညီခွင့်ရနေတယ်ဆိုပြီး စိတ်မသန့်တာတွေဖြစ်နေမှာ မဟုတ်ပါဘူး။

ဒီလိုကရုဏာမေတ္တာနဲ့ပဲ Green Mountainကော်ဖီဟာ မယိုင်လဲဘဲ အောင်မြင်ခဲ့တာဖြစ်ပါတယ်။
-------

မူရင်းရေးသားသူ -- Xú jìng cǎo
မူရင်းလင့် -- http://www.85nian.net/xinling/3949.html

နိုင်းနိုင်းစနေ

No comments:

Post a Comment