Sunday, October 12, 2014

ဘုရားအလောင်းတော် ပါရမီဖြည့်စဉ် ဖြစ်တော်စဉ်များ

နုမှာငါးရာ ရင့်မှာတစ်ကျိပ်

ဘုရားရှင်၏ ဘ၀ဖြစ်စဉ်များကို ဇာတကပါဠိတော် အဋ္ဌကထာများတွင် ပါရှိသည်။ ဇာတ်ဝတ္ထုပေါင်း ၅၄၇ ရှိသည်။ ထိုဇာတ်တော်များသည် ပါရမီဖြည့်စဉ်က ဘ၀များသာ ဖြစ်သည်၊ ပါရမီ မဖြည့်မီ ဘ၀များကိုကား အရေအတွက် ပြထားသည်ကို မကြားဖူး။ ယခုပြဆိုသည့် ၅၄၇ ဘ၀ထဲတွင် ပါရမီရင့်ချိန် ဘုရားဖြစ်ခါနီး ဆယ် (၁၀) ဘ၀လဲ ပါသည်။ ဒါကိုပဲ ‘‘ရင့်မှာ တစ်ကျိပ်’’ ဟုခေါ်သည်။ ကျန်သောဘ၀ ၅၃၇ (၅၄၇-၁၀=
၅၃၇) ဘ၀များကား ဘုရားဖြစ်ဖို့ ဝေးနေသေးရာကား ပါရမီနုသေးသည်ဟု ဆိုသည်၊ ဒါကိုပဲ မှတ်လွယ်အောင် ‘‘နုမှာ ငါးရာ’’ ဟု ဆိုထားသည်။ ဘုရားလောင်း တိရစ္ဆာန်ဘ၀များသည်လည်း နုသော ပါရမီရှိစဉ်ကပင်ဖြစ်သည်။

ဘုရားအလောင်း၏ ပါရမီခန်းဝယ် တိရစ္ဆာန်ဘ၀၌ ထင်ရှားသော ဇာတ်တော်၏ ၀တ္ထုပေါင်း၁၃၆-ပါးကို ရှေးပညာရှိများ စပ်ဆိုထားခဲ့သော ဤဘုရားရှိခိုးလင်္ကာဖြင့် သိရာ၏၊


” သြကာသ သြကာသ သြကာသ ဗုဒ္ဓကုင်္ရ၊ လောင်းမြတ်လှသည်၊ အစကြိုးကြာ၊ ဆယ့်ခြောက်ခါနှင့်၊ ဟင်္သာကိုးဖြစ်၊ ခြောက်ဖြစ်ကားခို၊ ကျီးညို သုံးခါ၊ သံသာကျူးထိပ်၊ ကရ၀ိက် ငါး၊ လေးကားကိန္နရီ၊ စာမရီဆယ့်ငါး၊ မျောက်ကားတဆယ်၊
ဆင်ဝယ်ဆယ့်တစ်၊ နွားဖြစ်ဆယ့်လေး၊ ဧကေး သိန္ဓ၀၊ ကျွဲ အဋ္ဌနှင့်၊ သံမြသာညောင်း၊ ဥဒေါင်း နှစ်ခါ၊ သာလိကာ သတ္တ၊ ဒွါဒသ ကြက်၊ ၀က်ကား ဆယ့်သုံး၊ ပေါင်းရုံးများစွာ၊ တရာသုံးဆယ်၊ ခြောက်ဖြစ်ဝယ်ကို၊ အန္တရာယ်မရှိ၊ ဘေးမထိသည့်၊ မုနိမြတ်လောင်း၊ ဖြစ်တော်ပေါင်းဟု၊ အောက်မေ့သဒ္ဓါ၊ ကြည်ညိုစွာဖြင့်၊ ခါခါမြတ်နိုး၊ လက်စုံမိုးကာ၊ ရှိခိုးပါ၏ ဘုရား။

ဘုရားလောင်းသည် ထိုဘ၀များတွင် ဥပ္ပစေဒကံ (သူတစ်ပါးကြောင့်၊ အနာအမျိုးကြောင့်) ကြောင့် ကံကုန်ခြင်းမရှိဘဲ ဘေးမရှိ နေနိုင်ခဲ့လေသည်“

မှတ်ချက်။ ။ အလောင်းတော်မြတ်၏ ထင်ရှားသည့် တိရစ္ဆာန်ဘ၀တွေ များစွာကျန်သေးကြောင်းကို ကျွန်ုပ်တို့လက်ရှိ ပိဋကတော်ဖြင့်သိသာ၏၊

ဤလင်္ကာအရ ဘုရားလောင်းသည် တိရစ္ဆာန်ဘ၀ပေါင်း ၁၃၆ ဘ၀ ဖြစ်ခဲ့သည်ဟု ဆိုသည်။ သတ္တ၀ါတည်းက တစ်ယောက်ဖြစ်တဲ့ ဘုရားလောင်းသည်လည်း ဘ၀များစွာ ကမ္ဘာများစွာ သံသရာကျင်လည်ခဲ့သူ ဖြစ်ရကား အဘယ်မှာ မည်မျှဘ၀ဖြစ်ခဲ့သည်ကို အတိကျ ပြောနိုင်မည်နည်း။ ဘုရားရှင်၏ ပါရမီမဖြည့်စဉ်က ဖြစ်ခဲ့သည့် ဘ၀တွေ လင်္ကာတည်းမှာ မပါသေးတာ သေချာသည်၊ ဥပမာ-ယုန်မင်းတို့ တို့လိုမျိုးဖြစ်သည်။ ဘုရားဖြစ်ရန် ပါရမီနုစဉ်ကတောင် ဤလောက် ဘ၀တွေ များပြားနေပါလျှင် ဘုရားဖြစ်ဖို့ ပါရမီမဖြည့်ခင်က ဘ၀တွေဆို ဘယ်လိုပြောနိုင်မည်နည်း။ ဤမျှလောက် သံသရာရှည်လျား ထွေးပြားနေသည်ကို သံဝေဂပွားရန်သာ ဖြစ်သည်။

၁၊ ကြိုးကြာ ———–၁၆ ဘဝ

၂။ ဟင်္သာ ———-၉ ဘဝ

၃။ ခို ———-၆ ဘဝ

၎။ ကျီးညို ———-၃ ဘဝ

၅။ ကရ၀ိတ် ———-၅ ဘဝ

၆။ ကိန္နရီ ———-၄ ဘဝ

၇။ စာမရီ ———၁၅ ဘဝ

၈။ မျောက် ———၁၀ ဘဝ

၉။ ဆင် ———၁၁ ဘဝ

၁၀။ နွား ———၁၄ ဘဝ

၁၁။ သိန္ဓော ———–၁ ဘဝ

၁၂။ ကျွဲ ———–၈ ဘဝ

၁၃။ ဥဒေါင်း ———-၂ ဘဝ

၁၄။ သာလိကာ ———-၇ ဘဝ

၁၅။ ကြက် ———၁၂ ဘဝ

၁၆။ ၀က် ———၁၃ ဘဝ

စုစုပေါင်း ဘ၀ပေါင်း —-၁၃၆ ရှိသည်။

သို့သော်လည်း ဘုရားလောင်း မဖြစ်နိုင်သော တိရစ္တာန်များလဲ ရှိသေးသည်။ ဘုရားဧကန်ဖြစ်တော့မည်ဟု ဘုရားတစ်ဆူဆူဆီက ဗျာဒိတ်ရတဲ့ ဘ၀ကစပြီး ငုံးအောက် သေးငယ်သော တိရစ္ဆာန်မျိုး၌ မဖြစ်နိုင်သလို ဆင်ထက် ကြီးသော တိရစ္ဆာန်မျိုး၌လဲ မဖြစ်နိုင်ဟု ဆိုသည်။ ဒါနဲ့စပ်လျင်းပြီး ဘုရားလောင်းတို့ မဖြစ်နိုင်ရာ ၁၈ ခုရှိသည် (ဗောဓိသတ္တော ဣမာနိ အဋ္ဌာရသ အဘဗ္ဗဋ္ဌာနာနိ န ဥပေတိ)၊ အဋ္ဌာရသ အဘဗ္ဗဋ္ဌာန ဟုခေါ်သည်။ ထို ၁၈ ရပ်ကို သုတ္တနိပါတ် ခဂ္ဂ၀ိသာဏသုတ် အဋ္ဌကထာ နှာ ၄၅ တွင်ဖော်ပြထားသည့်အတိုင်း ဖော်ပြလိုက်ပါသည်။

ဘုရားလောင်းများ မဖြစ်နိုင်ရာ ဌာနများ

ကန်း- ပင်း- ရိ- ဆွံ့၊ ရူး- ရိုင်း- ကျွန်၊ ဒိဋ္ဌ်-ပန်- သတ်- ငုး- နူ၊

စက်- သုဒ်- ပါယ်-မာရ်၊ ပြိတ်နှင့်ပြန်၊ အမှန်ဆယ့်ရှစ်ယူ။

ယင်းအဋ္ဌာရသ်၊ ဗောဓိသတ်၊ လွတ်လွတ်ကင်းတော်မူ၊

နိပါတသုတ်၊ ပါဋ္ဌဂုတ်၊ ဖွင့်ထုတ်ကျမ်းထွက်ဟူ။ (ကင်းဝန်မင်းကြီး)
ကင်းဝန်မင်းကြီးကဗျာ အစဉ်အရ—

၁။ ကန်း = ဘုရားလောင်းသည် မျက်စိကန်းသူ အဖြစ် မမွေးဖွားခြင်း၊ (န ဇစ္စန္ဓော ဟောတိ)

၂။ ပင်း = ဘုရားလောင်းသည် နားပင်း ဆွံ့အသူ အဖြစ် မမွေးဖွားခြင်၊ (န
ဇစ္စဗဓိရော ဟောတိ)။

၃။ ရိ = ဘုရားလောင်းသည် သွားရည် ရိယိုသော သူအဖြစ် မမွေးဖွားခြင်း၊ (န
ဧဠမူဂေါ ဟောတိ)။

၎။ ဆွံ့ = ဘုရားလောင်းသည် ဆွံ့အ စကားမပြောတတ်သူ အဖြစ် မမွေးဖွားခြင်း၊ (
န ပီဌသပ္ပီ ဟောတိ)။

၅။ ရူး = ဘုရားလောင်းသည် အရူး အနမ်းအဖြစ် မမွေးဖွားခြင်း၊ ( န ဥမ္မတ္တကော ဟောတိ)၊

၆။ ရိုင်း = ဘုရားလောင်းသည် လူရိုင်း အဖြစ် မမွေးဖွားရခြင်း၊ ( န မိလက္ခူသု ဥပ္ပဇ္ဇတိ)

၇။ ကျွန် = ဘုရားလောင်းသည် ကျွန်မျိုးတွင် မဖွားမြင်ရခြင်း၊ ( န
ဒါသိကုစ္ဆိယာ နိဗ္ဗတ္တတိ)။

၈။ ဒိဋ္ဌ် = ဘုရားလောင်းသည် နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသူအဖြစ် မဖြစ်ရခြင်း၊ (န
နိယတမိစ္ဆာဒိဋ္ဌိကော ဟောတိ)။

၉။ ပန် ( ပဉ် ) ဘုရားလောင်းသည် ပဉ္စာနန္တရိယ ကံ မလွန်ကျူးသူ ဖြစ်ရခြင်း၊ (န
ပဉ္စာနန္တရိယကမ္မာနိ ကရောတိ)။

၁၀။ သတ် = ဘုရားလောင်းသည် အသညသတ် ဗြဟ္မာအဖြစ် မမွေးဖွားရခြင်း၊
(ရူပါဝစရေသု န အသညီဘဝေ)။

၁၁။ ငုံး = ဘုရားလောင်းသည် ငုံးအောက်ငယ်သော တိရိစ္ဆာန်မျိုး၌ မဖြစ်ရခြင်း၊
ဆင်ထက်ကြီးသော တိရစ္ဆာန်မျိုးလဲ မဖြစ်ရခြင်း၊

(န တိရစ္ဆာနယောနိယံ ၀ဋ္ဋတော ပစ္ဆိမတ္တဘာဝေါ ဟောတိ)

၁၂။ နူ = ဘုရားလောင်းသည် နူနာ ရောဂါမဖြစ်ရခြင်း၊ (န ကုဋ္ဌီ ဟောတိ)။

၁၃။ စက် = ဘုရားလောင်းသည် စကြ၀ဠာတစ်ပါးသို့ ပြောင်း၍ မဖြစ်ရခြင်း၊ (န အညံ
စက္က၀ါဠံ သင်္ကမတိ)

၁၄။ သုဒ် = ဘုရားလောင်းသည် သုဒ္ဒါဝါသဗြဟ္မာဘုံ၌ မဖြစ်ရခြင်း၊ ( န
သုဒ္ဓါဝါသဘဝေသု ဥပ္ပဇ္ဇတိ)။

၁၅။ ပါယ် = ဘုရားလောင်းသည် အပါယ် ငရဲ၌မကျရခြင်း၊ အ၀ီစိ နှင့်
လောကန္တရိတ်ငရဲ၌ မဖြစ်ရခြင်း (န အ၀ီစိနိရယေ၊ န လောကန္တရိကေသု ဥပ္ပဇ္ဇတိ

၁၆။ မာရ် = ဘုရားလောင်းသည် ကာမာဝစရဘုံတွင်းက မာရ်နတ် မဖြစ်ရခြင်း၊
(ကာမာဝစရေသု န မာရော ဟောတိ)။

၁၇။ ပြိတ် = ဘုရားလောင်းသည် ပြိတ္တာမျိုး၌ မမွေးဖွားရခြင်း၊ ဆိုလိုသည်မှာ
ပြိတ္တာတွင် ခုပ္ပိပါသ၊ နိဇ္ဈာမတဏှိက မဖြစ်ရခြင်းနှင့် အသုရာတွင် ကာလကဉ္စိက
မဖြစ်ရခြင်း၊ (န ခုပ္ပိပါသိကနိဇ္ဈာမတဏှိက ပေတေသု ဥပ္ပဇ္ဇတိ၊ န
ကာလကဉ္စိကာသုရေသု)

၁၈။ ပြန် = လိင်ပြန်ရိုး မရှိခြင်း၊ ယောက်ျားဘ၀ အမြဲဖြစ်ရခြင်း။ (နာဿ
လိင်္ဂံ ပရိဝတ္တတိ)။

မှတ်ချက်။ ။ ဤအစဉ်သည် ကဗျာလင်္ကာအရ စဉ်ထားသော်လည်း အဋ္ဌကထာ အစဉ်နှင့်ကား ရှေ့နောက် နဲနဲပဲကွာသည်၊ အရေးမကြီးပါ။

ရင့်မှာတစ်ကျိပ်ဟူသည် ရင့်မှာ တစ်ကျိပ်ဟူသည် ဘုရားဖြစ်လုနီးဘ၀ ဆယ်ခုကို ဆိုလိုသည်၊ ထိုဘ၀ဆယ်ခုတို့၏ ဇာတ်ကြောင်း အစဉ်ကို အောက်ပါ လင်္ကာအကျဉ်းဖြင့် သိအပ်၏။

တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ၀ိ၊ ဝေ ဟု အစီအစဉ်အလိုက်ဖြစ်အောင်
အတိုကောက်မှတ်သားကြလေ့ရှိသည်။ ထို ဇာတ်တော်ကြီး ဆယ်ဘွဲ့ကို မြန်မာဘာသာဖြင့် ရေးထားသည်များကို စာရေးသူတို့ ပထမကြီးတန်းတွင် ပြထာန်းသဖြင့် သင်ခဲ့ဖူးသည်၊ အခုနောက်ပိုင်း မပြဌာန်းတော့ဘူး သိရသည်။
ထိုဇာတ်ဆယ်ဘွဲ့၏ မြန်မာစာ စာရေးဆရာများနှင့် တွဲဘက် အောက်ပါအတိုင်းဖော်ပြထားသည်။

၁။ တေ- တေမိယဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ) ကောဇာ-၁၁၄၈-ခုနှစ်၊ တပို့တွဲလ၊

၂။ ဇ- မဟာဇနကဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ) ကောဇာ-၁၁၄၇-ခုနှစ်၊ နယုန်လ၊

၃။ သု- သုဝဏ္ဏသာမဇာတ် (ဦးပညာတိက္ခ) ကောဇာ-၁၁၈၈-ခုနှစ်၊ နယုန်လ၊

၎။ နေ- နေမိဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ) ကောဇာ-၁၁၄၈-ခုနှစ်၊ ၀ါဆိုလ၊

၅။ မ- မဟောသဓာဇာတ် (ပ၊ဒု) (မင်းဘူးဆရာတော် ဦးသြဘာသ) ကောဇာ-၁၁၄၆-ခုနှစ်၊
တန်ဆောင်မုန်းလ၊

၆။ ဘူ- ဘူရိဒတ္တဇာတ် (ရှင်နန္ဒမေဓာ) ကောဇာ-၁၁၄၈-ခုနှစ်၊ နတ်တော်လ၊

၇။ စန်- စန္ဒကုမာရဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ) ကောဇာ-၁၁၄၄-ခုနှစ်၊ ပြာသိုလ၊

၈။ နာ- နာရဒဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ) ကောဇာ-၁၁၄၄-ခုနှစ်၊ တပေါင်းလ၊

၉။ ၀ိ- ဝိဓူရဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ) ကောဇာ-၁၁၄၅-ခုနှစ်၊ ၀ါခေါင်လ၊

၁၀။ ဝေ- ဝေဿန္တရာဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ တပေါင်းလ၊

နေရာတိုင်းမှာ အကြီးမှူး

ဘုရားလောင်းတော်သည် ဘယ်ဘ၀ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် များသောအားဖြင့် ဦးဆောင် ဦးရွက် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်တာများသည်၊ ပါရမီနုစဉ်အခါက တိရစ္ဆာန်ဘ၀မှာပင် ခေါင်းဆောင်ကောင်း ပီသရင်း
သူတစ်ပါးအတွက် ကြည့်သူဖြစ်သည်၊ နောက်ဆုံး ယုန်မင်းဘ၀မျိုးကဲ့သို့ အသက်ပါ ပေးလှူရဲခဲ့သည်၊ ရွေဟင်္သာမင်းဘ၀၊ ငုံးမင်းဘ၀၊ ဆင်မင်းဘ၀ကဲ့သို့ ခေါင်းဆောင်းကောင်းပီသခဲ့သည်။

တစ်ခါက ဘုရားအလောင်း ဆင်ဘ၀တစ်ခုမှာ ဖြစ်ခဲ့ဖူးသည်။ မုဆိုးတစ်ယောက်သည် ဆင်၏ ဆင်စွယ်၊ အသွား၊ အသား တိုကို့ လှီးဖြတ်ရောင်းချ၍
အသက်မွေးဝမ်းကြောင်းပြုနေစဉ် ဘုရားအလောင်းပါသော ဆင်အုပ်ကြီးသည် ပစ္စေကဗုဒ္ဓါကို မြင်လျှင် ရှိခိုးလေ့ရှိသည်ကို မြင်တွေ့လိုက်ရသည်။

ထိုအခြင်းအရာကို မြင်သော မုဆိုးသည် တစ်နေ့တော့ သင်္ကန်းများ တစ်ကိုယ်လုံးလွှမ်းခြုံပြီး ပစ္စေကဗုဒ္ဓါဟန်ဆောင်၍ လမ်းမှာ ထိုင်နေသည်။ ထိုသင်္ကန်းသည်လည်း ပစ္စေကဗုဒ္ဓါတစ်ပါး ရေအိုင်တစ်ခုမှာ ရေချိုးနေတုန်း ခိုးယူအပ်သော သင်္ကန်းဖြစ်သည်။

ဆင်အားလုံးကလဲ ပစ္စေကဗုဒ္ဓါအထင်နှင့် ရှိခိုးဦးတိုက်သွားသည်၊ မုဆိုးသည်လည်း ထိုဆင်အုပ်၏ နောက်ဆုံးလိုက်လာသော
ဆင်တိုင်းကို တစ်နေ့တစ်ကောင် လှံဖြင့်ထိုးသတ်သည်။ ဒီလိုနဲ့ တနေ့သောအခါ ခေါင်းဆောင်ဖြစ်သော ဘုရားအလောင်း ဆင်သည် သူ၏ နောက်လိုက်နောက်ပါ ဆင်အုပ် တဖြည်းဖြည်း ယုတ်လျော့လာနေသည်ကို သိသောအခါ သူ၏နောက်လိုက်ဆင်များကို
မေးသည်၊ ဘယ်သူမှ မသိဟု ဖြေကြသည်။

တနေ့တော့ ဘုရားအလောင်း ဆင်ခေါင်းဆောင်သည် ပစ္စေကဗုဒ္ဓါ အယောင်ဆောင်ကို မြင်သောအခါ သံသယဖြစ်၍
ဒီပုဂ္ဂိုလ်ကို ဖန်းဖို့ရန် ဆင်အားလုံး၏ နောက်ဆုံးမှ လိုက်လေတော့သည်။ မုဆိုးလဲ ထုံးစံအတိုင် နောက်ဆုံးဆင်ကို လှံဖြင့် ပစ်လိုက်ရာ
ဘုရားလောင်းဆင်သည်လည်း သတိအမြဲရှိနေသောကြောင့် ထိုလှံကို ရှောင်လွဲနိုင်ခဲ့သည်။

မုဆိုးလဲ ကြောက်အားလန့်အားနဲ့ သစ်ပင်တစ်ပင်၏ဘေးတွင် ပုန်းအောင်းနေသည်ကို ဘုရားလောင်းသိနေသည်၊ ဘုရားအလောင်းသည်လဲ ဒီမုဆိုးကို သစ်ပင်ရော လူရော နှာမောင်းဖြင့် ရစ်ပတ်ပြီး ပေါက်သတ်မည်ဟု စိတ်အကြံဖြစ်လိုက်သေးသည်။ သို့သော်လဲ သင်္ကန်းကို မြင်လိုက်သောအခါ များစွာသော ပစ္စေကဗုဒ္ဓါ ရဟန္တာအရှင်မြတ်အားလုံးတို့၏ အရှက်ရစေရာရောက်တော့မည်ဟု အတွေးဝင်လာပြန်သည်။

ထို့ကြောင့်ပင် မုဆိုးအား မသတ်တော့ဘဲ ဆိုဆုံးမလွတ်လိုက်သည်။ ဤကား ဘုရားလောင်း၏ တစ်ခုသော ဆင်ဘ၀က
ကျင့်ဝတ်ဖြစ်သည်။ ဘုရားအလောင်း ဘုရားဖြစ်လာသောအခါ ထိုမုဆိုးသည် ရှင်ဒေ၀ဒတ်လာဖြစ်သည်၊ တော်တော်များများ ဘ၀တွေမှာ အရှင်ဒေ၀ဒတ်သည် ဘုရားရှင်၏ ဆန့်ကျင်ဘက်မှာ အမြဲရှိခဲ့သလို အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာစသော တပည့်ကြီးများသည်လည်း ဘုရားရှင်နှင့် ဘ၀အဆက်ဆက်မှာ ဘုရားရှင်၏ဘက်တော်သားအဖြစ် တွေ့ဖူးကြုံးဖူးသူများဖြစ်ကြသည်
။ ထို့ကြောင့် တပည့်ကြီးများလဲ တိရစ္ဆာန်ဘ၀များစွာ ကျင်လည်ခဲ့ရသည်ကို သိသာထင်ရှားသည်။

ဘာပဲဖြစ်ဖြစ် ဘုရားအလောင်းတော်သည်ပင် ဤမျှလောက် တိရစ္ဆာန်များ ဖြစ်ဖူးခဲ့လျှင် စာရေးသူတို့ သာမန်လူသားများဆိုရင်ကား ဘယ်လို
အနိမ့်စားတိရစ္ဆာန်တွေတောင် ဖြစ်ခဲ့မလဲ မသိနိုင်။ သံသရာတကွေ့ကွေ့မှာတော့ ဖြစ်ဖူးမှာ အမှန်ပင်ဖြစ်သည်။

ထို့ကြောင့် ဘုရားအလောင်းတော်၏ ပါရမီနုစဉ်က တိရစ္ဆာန်ဘ၀ပင်ဖြစ်လင့်ကစား သူတော်ကောင်းစိတ် အပြည့်ရှိသည်ကို အားကျ
ကြည်ညိုနိုင်သလို စာရေးသူတို့သာမန်လူများသည်လည်း မရေမတွက်နိုင်သော တိရစ္ဆာန်ဘ၀များ ဖြစ်ခဲ့ရသည် နောင်လဲ မဖြစ်နိုင်၏ အာမမခံနိုင်သေးသည်ကို သတိ သံဝေယူနိုင်ကြရန် ဘုရားအလောင်း တိရစ္ဆာန်ဘ၀ဖြစ်တော်စဉ်များက သင်္ခန်းစာပေးသည်။

စာရေးသူ မှီသလောက် စုစည်းပြီး တင်ပြထားပါသည်။ ပြည့်စုံလုံလောက်မည်ဟူ၍ကား မယူဆပါ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတာ

No comments:

Post a Comment