Wednesday, August 13, 2014

ဆရာဇော်ဂျီ အတ္ထုပ္ပတိ

ဆရာဇော်ဂျီကို ၁၉၀၇ ဧပြီလ ၁၂ ရက် သောကြာ နေ့တွင် ဧရာဝတီ တိုင်း၊ ဖျာပုံ မြို့၌ အဖ ဦးယော၊ အမိ ဒေါ်စိန်ညွန့် တို့မှ မွေးဖွား ခဲ့သည်။ မွေးချင်း ၉ ဦး အနက် အကြီးဆုံး သားဖြစ်ပြီး အမည်ရင်းမှာ ဦးသိန်းဟန် ဖြစ်သည်။ ဆရာ ဇော်ဂျီသည် ငယ်စဉ်က ဖျာပုံမြို့ ဘုန်းတော်ကြီး ကျောင်းတွင် ပညာ သင်ကြား ခဲ့သည်။ ထို့နောက် ဖျာပုံမြို့ရှိ အင်္ဂလိပ် မြန်မာ အစိုးရ အထက်တန်း ကျောင်းတွင် သတ္တမတန်း အထိ ပညာ သင်ကြား ခဲ့သည်။ ဆရာ ဇော်ဂျီသည် ငယ်စဉ် ကလေးဘ၀ ကတည်းက မြန်မာမှု၊ မြန်မာ စာပေ တို့နှင့် အကျွမ်းတ၀င် ရင်းနှီး ခဲ့သည်။ အကြောင်းမှာ ဆရာ ဇော်ဂျီတို့ အိမ်တွင် လူကြီးများ စုဝေးကာ စာအကြောင်း ပေအကြောင်း ပြောကြ သောကြောင့် ဖြစ်သည်။


၁၉၂၀ တွင် ဆရာ ဇော်ဂျီသည် သတ္တမ တန်းသို့ တက်ရောက် ပညာ သင်ကြားသည်။ ထို နှစ်တွင် ပထမ ကျောင်းသား သပိတ်ကြီး ပေါ်ပေါက် လာသည်။ အမျိုးသား ကျောင်းများ ဗမာပြည် တ၀ှမ်းတွင် ပေါ်လာ သည်။ ဆရာ ဇော်ဂျီသည် ဖျာပုံ အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ကြား ခဲ့သည်။ ၁၉၂၄ တွင် ရန်ကုန်မြို့ အမျိုးသား အထက်တန်း ကျောင်းနှင့် မြို့မ အမျိုးသား အထက်တန်း ကျောင်းတို့တွင် ပညာ သင်ကြား ခဲ့သည်။

မြို့မ ကျောင်းသား ဘ၀တွင် ကဗျာများ စတင် ရေးသား ခဲ့သည်။ ၁၉၂၄ တွင် ဆာဂျေအေ မောင်ကြီး၏ သစ္စာ ၀ါဒီ သတင်းစာက ကြီးမှူးပြီး ကဗျာ ဘာသာပြန် ပြိုင်ပွဲ ကျင်းပ ခဲ့သည်။ မြန်မာ ဘာသာသို့ ပြန်ဆို ရမည့် ကဗျာမှာ အင်္ဂလိပ် ကဗျာ ဆရာ ဟင်နရီ ဝေါတန် (Henry Wotton) ၏ The Character of a Happy Life အမည်ရှိ ကဗျာ ဖြစ်သည်။ ဆရာ ဇော်ဂျီသည် ကဗျာ ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရာ ပထမဆု ရရှိ ခဲ့သည်။ ဆာဂျေအေ မောင်ကြီးက ရွှေဒင်္ဂါး ၅ ပြား ဆုချ ခဲ့သည်။

၁၉၂၅ တွင် ဆရာ ဇော်ဂျီသည် ရန်ကုန် တက္ကသိုလ်တွင် တက်ရောက် ပညာ သင်ကြား ခဲ့သည်။ တက္ကသိုလ်သို့ ရောက်သောအခါ ရှေးဟောင်း မြန်မာ့ စာပေကို စနစ်တကျ လေ့လာခွင့် ရသကဲ့သို့ တဘက်တွင်လည်း ကမ္ဘာ့ စာပေ များကိုလည်း ကျယ်ကျယ် ပြန့်ပြန့် လိုက်စား နိုင်ခဲ့သည်။ အင်္ဂလိပ် ကဗျာများကို ဖတ်ပြီး ကဗျာသစ်ကို စမ်းသပ် ရေးဖွဲ့ချင်စိတ် ပေါက်လာသည်။ ၁၉၂၈ တွင် ဆရာ ဇော်ဂျီသည် သူ၏ နာမည်ကျော် “ပိတောက်ပန်း” ကဗျာကို ရေးဖွဲ့ ခဲ့သည်။

ဆရာ ဇော်ဂျီသည် တက္ကသိုလ် ကျောင်းသား ဘ၀တွင် သူ့လို ၀ါသနာတူ သူငယ်ချင်း ဆရာ မင်းသုဝဏ်နှင့် တွဲမိ သွားသည်။ သူတို့ နှစ်ဦးသည် ရှေးဟောင်း ကဗျာများမှ တွေးပုံ တွေးနည်း၊ ရေးပုံ ရေးနည်း များကို လမ်းသစ် ခွဲထွက် ကြသည်။ မိမိ ခံစားရသော အမြင်ကိုသာ အလှပဆုံး၊ အထိမိဆုံး ရေးဖွဲ့ ကြသည်။ ထို ကဗျာများကို တက� သိုလ် မဂ္ဂဇင်း၊ ဂန္တလောက မဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်းများတွင် ရေးသား ကြသည်။

၁၉၃၄ တွင် ဆရာကြီး ဦးဖေမောင်တင်က ဆရာ ဇော်ဂျီ၊ ဆရာ မင်းသုဝဏ်နှင့် တက� သိုလ် ပုရ၀ဏ် အတွင်း ရေးသား နေကြသော ကဗျာ များကို စုစည်း ထုတ်ဝေရာမှ ‘ခေတ်စမ်း ကဗျာ’ ဟု အမည် တွင်လာသည်။ ဆရာ ဇော်ဂျီသည် ရန်ကုန် တက� သိုလ် ကျောင်းသား ဘ၀တွင် တက� သိုလ် ပုရ၀ဏ် ထဲမှ ဆရာကြီး ဦးဖေမောင်တင်၊ ဆရာပွား၊ ပါမောက္ခ လုစ်၊ ပါမောက္ခ ဂုဒ်တို့ထံမှ အင်္ဂလိပ် စာပေ၊ မြန်မာ စာပေတို့ကို လေ့လာ ဆည်းပူးခွင့် ရခဲ့သည်။ ၎င်းအပြင် ပြင်ပ စာပေ လောကမှလည်း ဆရာကြီး သခင် ကိုယ်တော်မှိုင်း၊ အမျိုးသား ပညာဝန် ဦးဖိုးကျား၊ ဒီးဒုတ် ဦးဘချို တို့ထံမှ ပြင်ပ စာပေ ဗဟုသုတ များကို ကြားနာခွင့် ရသည်။ ဆရာ ဇော်ဂျီသည် မိမိထက် အတန်းကြီးသော သိပ္ပံ မောင်ဝထံမှ အက်ဆေး သဘောတရားများ၊ ဗဟုသုတများ ရရှိခဲ့ပြီး မိမိထက် ငယ်သော ဆရာ မင်းသုဝဏ် နှင့်လည်း ကဗျာ ရေးဖော် ရေးဖက် ဖြစ်လာသည်။

၁၉၂၉-၃၀ တွင် ဆရာ ဇော်ဂျီသည် ၀ိဇ္ဇာဘွဲ့ကို မြန်မာ စာပေ၊ အင်္ဂလိပ် စာပေ၊ အရှေ့တိုင်း နိုင်ငံများ သမိုင်း ဘာသာရပ်တို့ဖြင့် အောင်မြင် ခဲ့သည်။ ထို့နောက် မြို့မ ကျောင်းသို့ ပြောင်းရွှေ့ပြီး ဆရာ လုပ်ခဲ့သည်။ မြို့မ ကျောင်း၌ ကျောင်းဆရာ လုပ်နေစဉ် ဆရာ ဇော်ဂျီသည် ‘၀န်ကြီး ပဒေသရာဇ်နှင့် စိန္တကျော်သူ’ တို့ အကြောင်းကို ၀ိုင်အမ်ဘီအေ အသင်းကြီး၏ ဟောပြောပွဲ တခုတွင် အင်္ဂလိပ် ဘာသာဖြင့် ရေးသားပြီး စာတမ်း ဖတ်ကြားသည်။ ၎င်းစာတမ်းကို ရန်ကုန်တိုင်း အင်္ဂလိပ် သတင်းစာကြီးက ပြန်လည် ဖော်ပြရာ အင်္ဂလိပ် ပါမောက္ခ ရုဒ်က ဖတ်မိ သွားသည်။ ဆရာ ဇော်ဂျီ၏ အရည်အချင်းကို သဘော ကျသွားပြီး ဆရာ ဇော်ဂျီသည် မဟာဝိဇ္ဇာတန်း တက်ရန် တိုက်တွန်းသည်။

၁၉၃၄ တွင် ဆရာ ဇော်ဂျီသည် မြို့မ ကျောင်းမှ ကျောင်းဆရာ အလုပ်ကို ထွက်၍ ရန်ကုန် တက� သိုလ်တွင် မဟာ ၀ိဇ္ဇာတန်း တက်ရောက် ပညာ သင်ကြား ခဲ့သည်။ ၁၉၃၆ တွင် အင်္ဂလိပ် စာပေ၊ မြန်မာ စာပေ နှစ်မျိုး စလုံးဖြင့် မဟာ ၀ိဇ္ဇာဘွဲ့ ရခဲ့သည်။ ထို နှစ်မှာပင် မန္တလေး ဥပစာ ကောလိပ်သို့ ပြောင်းရွှေ့ပြီး မြန်မာစာ နည်းပြ အဖြစ် အမှုထမ်း ခဲ့သည်။

မဟာဝိဇ္ဇာတန်း တက်နေစဉ် ဆရာ ဇော်ဂျီသည် အိုးဝေ မဂ္ဂဇင်းနှင့် ကြီးပွားရေး မဂ္ဂဇင်းတို့တွင် လွပ်လပ်ရေး စိတ်ဓာတ်ကို လှုံ့ဆော်သော ကဗျာ များကို ရေးသား ခဲ့သည်။ ၎င်းကဗျာများမှာ ‘တက်လူ တေးသံ’၊ ‘ယခုခါ’၊ ‘သင်သေသွားသော်’၊ ‘အို တက်လူတို့’ စသည့် ကဗျာများ ဖြစ်သည်။

ဆရာဇော်ဂျီသည် လွတ်လပ်ရေးကို လှုံ့ဆော်သည့် ကဗျာများ ရေးသကဲ့သို့ ကြီးပွားရေး မဂ္ဂဇင်းတွင် ‘အိန္ဒိယ လူငယ် များနှင့် အိန္ဒိယ စာပေ အရေးတော်ပုံ’၊ တရုတ် လူငယ်များနှင့် တရုတ်စာပေ အရေးတော်ပုံ’ စသည့် ဆောင်းပါးများ ကိုလည်း ရေးသား ခဲ့သည်။ အိုင်ယာလန် ပြည်သား စာရေး ဆရာကြီး ဘားနက်ရှော၏ ‘လွတ်လပ်ရေး တရား’ ဟောပြောချက် ကိုလည်း လွပ်လပ်ရေး ကြိုးပမ်းနေသော မြန်မာ ပြည်သူများ အတွက် ဘာသာ ပြန်ဆိုပေး ခဲ့ပါသည်။

၁၉၃၈ တွင် ဆရာ ဇော်ဂျီသည် အစိုးရ ပညာတော်သင် အဖြစ် အင်္ဂလန် နိုင်ငံသို့ သွားရောက် ခဲ့သည်။ စာကြည့်တိုက် ပညာကို လန်ဒန် တက္ကသိုလ်နှင့် ဒဗ္ဗလင် တက္ကသိုလ် တို့တွင် သင်ကြား ဆည်းပူး ခဲ့သည်။ ၁၉၄၀ တွင် စာကြည့်တိုက် ဒီပလိုမာ ဘွဲ့ရပြီး မြန်မာ နိုင်ငံသို့ ပြန်လာ ပါသည်။ ဂျပန် ခေတ်တွင် မြန်မာ အစိုးရ ပညာရေး ဌာနတွင် ဒုတိယ ညွှန်ကြားရေး ၀န်အဖြစ် ဆောင်ရွက်သည်။ ဘားနဒ် ပိဋကတ် တိုက်၌ ရှိသော ပေပုရပိုက် တို့ကို စစ်ဘေးမှ ကင်းလွတ် စေရန် ကာကွယ် ထိန်းသိမ်းခဲ့သည်။ စစ်ပြီးခေတ်တွင် ဆရာ ဇော်ဂျီသည် ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှူး အဖြစ် ပြန်လည် တာဝန်ယူပြီး စစ်အတွင်းက ပျက်စီး သွားသော စာကြည့်တိုက်ကို ပြန်လည် ထူထောင် ပါသည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော တိုင်းပြု ပြည်ပြု လွတ်တော်၌ အထူး အရာရှိအဖြစ် တာဝန် ယူသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံ ခံရသောအခါ ဆရာ ဇော်ဂျီသည် များစွာ စိတ် ထိခိုက်ခဲ့ပြီး “အမျိုးသား ပျက်စီးခြင်း တရပ်ပဲ” ဟု တသသ ပြောဆိုခဲ့သည်။

၁၉၄၁ တွင် ဆရာ ဇော်ဂျီသည် ရန်ကုန် နေရှင်နယ် အမျိုးသမီး ကျောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်စောရင် (ဘီအေ- ဘီအီးဒီ) နှင့် လက်ထပ် ခဲ့သည်။ ၁၉၅၁ တွင် ဆရာ ဇော်ဂျီသည် အစိုးရ ပညာရေး မစ်ရှင်အဖွဲ့ နှင့်အတူ အင်္ဂလန်၊ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ နိုင်ငံ များသို့ သွားရောက် လေ့လာခဲ့သည်။ ထို့နောက် စာကြည့်တိုက်မှူး အဖြစ် ပြန်လည် ထမ်းရွက်သည်။ ၁၉၅၅ တွင် ထိုင်းနိုင်ငံ၊ ၁၉၆၁ တွင် တရုတ်နိုင်ငံ များသို့ ရန်ကုန် တက္ကသိုလ် ချစ်ကြည်ရေး အဖွဲ့နှင့် အတူ သွားရောက် ခဲ့သည်။

ဆရာဇော်ဂျီသည် မြန်မာနိုင်ငံ သုတေသန အသင်း ဥက္ကဌ၊ မြန်မာ့ သမိုင်း ကော်မရှင် ဥက္ကဌ၊ မြန်မာ စာပေ ပြုစုရေးနှင့် ဘာသာပြန် ကော်မရှင်၏ ပညာရပ် ဝေါဟာရ ကော်မတီ ဥက္ကဌ၊ အမျိုးသား စာပေဆု ရွေးချယ်ရေး ဥက္ကဌ၊ ရန်ကုန် တက္ကသိုလ် ဂုဏ်ထူးဆောင် မြန်မာစာ ပါမောက္ခ စသည့် တာဝန်များ ယူခဲ့ပါသည်။ ၁၉၇၆ တွင် ဆရာ ဦးခင်ဇော် (ဆရာကေ) နှင့်အတူ အိန္ဒိယ နိုင်ငံသို့ သွား၍ ရာမ စာတမ်း ဖတ်ပွဲ တက်ရောက် ခဲ့သည်။ ၁၉၇၁ စက်တင်ဘာတွင် အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပသော အပြည်ပြည် ဆိုင်ရာ ရာမယန ပွဲတော်တွင် မြန်မာနိုင်ငံမှ ရာမ ‘The Ramayana in Burma’ စာတမ်းကို ဖတ်ကြားခဲ့သည်။

ဆရာဇော်ဂျီသည် ၀တ္ထုတို၊ ၀တ္ထုရှည်၊ ဆောင်းပါး၊ အက်ဆေး၊ ပြဇာတ်၊ စာတမ်းများ ရေးသား ခဲ့သော်လည်း သူသည် ကဗျာဆရာ ဖြစ်သည်။ ဆရာ ဇော်ဂျီကို အမျိုးသား စာဆိုကြီး၊ ဒဿန ကဗျာဆရာ၊ ဇာတိမာန် စာဆို စသည်ဖြင့် ဆရာ့ ဂုဏ်ပုဒ်ကို ဖော်ညွန်း ခဲ့ကြသည်။ ဆရာ ဇော်ဂျီသည် အသက် ၁၇ နှစ် အရွယ်ကတည်းက ကဗျာဆရာ ဘ၀ စတင် ခဲ့သည်ဟု ဆိုရမည်။ ၁၉၂၄ တွင် သစ္စာဝါဒီ သတင်းစာ တိုက်ကြီးက ကြီးမှူး၍ အင်္ဂလိပ ကဗျာ ဆရာ ဟင်နရီ ဝေါတန် (Henry Wotton) The Character of happy life ကဗျာကို ဘာသာ ပြန်စေရာ ဆရာဇော်ဂျီက ‘စိတ္တသုခ အလင်္ကာ’ ဟု ကဗျာ အမည်ပေး၍ ပြန်ဆိုသည်။ ၎င်း ပြိုင်ပွဲတွင် ဆရာ ဇော်ဂျီသည် ပထမဆု ရသည်။

ဆရာ ဇော်ဂျီသည် တက္ကသိုလ် တက်နေစဉ် ကာလအတွင်း အင်္ဂလိပ် ကဗျာများကို ဖတ်ရှုပြီး အတွေး အသစ် ရလာသည်။ လမ်းဟောင်း အတိုင်း ရေးရသော မြန်မာ ကဗျာများကို ငြီးငွေ့ လာသည်။ ထို့ကြောင့် လမ်းသစ် ကဗျာများကို စတင် ရေးသား လာသည်။ ခေတ်စမ်း ကဗျာများဟု အမည် ရလာသည်။

ဆရာဇော်ဂျီသည် စာ စတင် ရေးစဉ်က ‘သ’၊ ‘ပန်းမြိုင်’၊ ‘ကျောင်းချစ်’ စသည့် ကလောင် အမည်များဖြင့် ရေးသား ခဲ့သည်။ ၎င်းနောက် ‘ဇော်ဂျီ’ ကလောင် အမည်ဖြင့် တသက်တာလုံး ရေးသား ခဲ့လေသည်။ ဇော်ဂျီ ရုပ်သေး ရုပ်ကို သဘောကျလို့ ဒီ ကလောင် နာမည်ကို ယူလိုက် တာပါ” ဟု ဆရာ ဇော်ဂျီ ပြောခဲ့ဖူးသည်။

၁၉၃၄ တွင် ဆရာကြီး ဦးဖေမောင်တင် တည်းဖြတ်သည့် မြန်မာနိုင်ငံ ပညာ ပြန့်ပွားရေး အသင်း ခေတ်စမ်းစာပေ ကျမ်းစဉ် (၃) ခေတ်စမ်း ကဗျာများ စာအုပ် ထွက်လာသည်။ ၎င်း စာအုပ်ထဲတွင် ဆရာဇော်ဂျီ၏ ကဗျာ ၂၄ ပုဒ် ပါဝင်သည်။ ဆရာ ဇော်ဂျီနှင့် အတူ ပါဝင်သော အခြား ကဗျာဆရာ များမှာ မင်းသုဝဏ်၊ မောင်ဧမောင်၊ မောင်ဘသောင်း၊ ခင်စောမူ၊ မောင်တိုင်းအောင်၊ ဧသူ တို့ ဖြစ်ကြသည်။

ခေတ်စမ်း ကဗျာများ ပထမတွဲ စာအုပ်တွင် ဆရာ ဇော်ဂျီ၏ ပိတောက်ပန်း ကဗျာသည် ထိပ်ဆုံးမှ ပါဝင်သည်။ ပိတောက်ပန်း ကဗျာနှင့် ပတ်သက်၍ ဆရာဇော်ဂျီ ပြောခဲ့သည်မှာ ...

“စိတ်ထဲမှာ မရှိဘဲ ရေးရတဲ့ ရေးနည်း တွေကို ကြာတော့ ငြီးငွေ့ လာတယ်။ အင်္ဂလိပ် ကဗျာတွေကို ဖတ်ရတော့ ရှေးရေးနည်းတွေ အတိုင်း မရေးချင် တော့ဘူး။ ဒီလိုနဲ့ ပိတောက်ပန်း သံချိုကို ရေးဖြစ်တယ်။ ရေးဖြစ်ပုံ ကလည်း ဆရာဘီအေ ပထမနှစ် ကျောင်းပိတ်တော့ အိမ်ပြန်လာတယ်။ အိမ်ခေါင်ရင်းမှာ ဆူဆူညံညံ အသံတွေ ကြားရတယ်။ ကြည့်လိုက်တော့ သင်္ကြန်ရက်မို့ ပွင့်နေတဲ့ ပိတောက်တွေကို ခူးကြ၊ ချိုးကြတာကိုး။ ပိတောက်ပင်ကြီးက အကိုင်းတွေ ကျိုး၊ အရွက်တွေ ကြွေနဲ့ အရုပ်ဆိုးပြီး ကျန်ခဲ့တယ်။ ဒီကနေ အတွေး ရလာတယ်။ တနှစ်မှာ တခါပွင့်တဲ့ ပိတောက်ကို မခူးစေချင်ဘူး။ သူလည်း သူ့အပင်မှာ အလှဂုဏ် ၀င့်ချင်မှာပဲလို့ တွေးမိ ခဲ့တယ်။ မှတ်ထားခဲ့ပြီး ကျောင်းပြန် ရောက်မှ အတွေးလေးကို အခြေခံပြီး ရေးခဲ့တာ”။

ဆရာ ဇော်ဂျီသည် မြန်မာတို့၏ ရဲစိတ် ရဲမာန်၊ ဇာတိမာန်နှင့် အနုပညာ ယဉ်ကျေးမှု အနှစ် အသားများ စုစည်းရာ ပုဂံကို အထူး စိတ်ဝင်စား ခဲ့သည်။ ပုဂံနှင့် ပတ်သက်ပြီး ဆရာသည် ဆောင်းပါးများ၊ စာတမ်းများ၊ ကဗျာများ ရေးသား ခဲ့သည်။ ပုဂံသို့ အကြိမ်ကြိမ် အခါခါ သွားရောက် ခဲ့ပြီး သုတေသနများ ပြုလုပ်ခဲ့ သကဲ့သို့ တဘက်တွင်လည်း ကဗျာများ ရေးသား ခဲ့သည်။ ပုဂံဆိုင်ရာ ဆောင်းပါးများတွင် ပုဂံခေတ် ပန်းချီသဘော၊ ပုဂံခေတ် ဗုဒ္ဓ၀င် ပန်းချီ၊ ပုဂံခေတ် မဟာယန ပန်းချီ စသည့် ဆောင်းပါး များမှာ ထင်ရှားသည်။
ရှေးခေတ် ပုဂံ ကဗျာများနှင့် အခြား ကဗျာများ စာအုပ်တွင် ဆရာ ဇော်ဂျီ၏ ကဗျာ ၅၁ ပုဒ် ပါဝင်သည်။ ၎င်းစာအုပ်တွင် အမှတ် ၁ မှ ၃၃ အထိသည် ပုဂံခေတ် ကဗျာ များပင်။
ဆရာဇော်ဂျီ၏ ကဗျာများနှင့် ပတ်သက်၍ ဆရာ မောင်စွမ်းရည်က ...

“ဆရာဇော်ဂျီဟာ ကဗျာ နှစ်မျိုးကို အဓိက ရေးဖွဲ့ ခဲ့ပါတယ်။ တမျိုးကတော့ ဇာတိမာန် ကဗျာများ (ရှေးခေတ် ပုဂံပြည်လို ကဗျာ)၊ နောက်တမျိုး ကတော့ အတွေးအခေါ် လောက အမြင်ကဗျာ (ဗေဒါလမ်း ကဗျာလို ဟာမျိုး) ဖြစ်ပါတယ်။ ဆရာဟာ သည်နှစ်မျိုးကို တသက်လုံး ဆိုသလောက် စိုက်လိုက် မတ်တပ် ဖွဲ့ဆို သွားခဲ့ပါတယ်။ မြန်မာ စာပေ လောကမှာ လောက အမြင် (ဒဿနကဗျာ) အမျိုးအစားကို စတင် ဖွဲ့ဆိုသူ စိုက်လိုက်မတ် တပ်ဖွဲ့ ဆိုသူဟာ ဆရာ ဇော်ဂျီပဲ ဖြစ်တယ် ဆိုရင်လည်း အထူး အငြင်းပွားဖွယ် မရှိပါဘူး”

“ဗေဒါလမ်း” ကဗျာများသည် ဆရာ ဇော်ဂျီ၏ ကဗျာများ ထဲတွင် အကျော်ကြားဆုံးနှင့် အကောင်းဆုံး ကဗျာ များပင်။ ၎င်းကဗျာ များသည် ဆရာဇော်ဂျီ မွေးဖွား ကြီးပြင်းရာ မြစ်ဝကျွန်းပေါ် ဒေသမှ ဒီရေ အတက်အကျ အလိုက် မြစ်ထဲတွင် ရှင်သန် လှုပ်ရှား ရုန်းကန် နေရသော ဗေဒါကို အဓိက ဇာတ်ဆောင်ထား၍ ရေးဖွဲ့ ထားသည်။ ဆရာဇော်ဂျီက သူ၏ တောလမ်း ကဗျာများနှင့် ပတ်သက်ပြီး ပေဖူးလွှာ မဂ္ဂဇင်းတွင် ဤသို့ ပြောပြ ခဲ့ဖူးသည်။

“ဗေဒါလမ်း ကဗျာ အားလုံးအတွက် ယေဘုယျ ဖြစ်ပေါ် လာပုံကို ဆရာ အရင် ပြောပြ ချင်ပါတယ်။ ထူးထူး ဆန်းဆန်းတော့ မဟုတ်ပါဘူး။ ဆရာ့ အိမ်ကနေ ဆရာ့ အလုပ်ခွင် ဖြစ်တဲ့ တက� သိုလ် စာကြည့်တိုက်ကို နေ့စဉ် နေ့တိုင်း ခြေကျင် သွားပြီး ခြေကျင် ပြန်လေ့ ရှိတယ်။ ဒီလို နေ့စဉ် သွားလာ နေရတာကို တွေးမိ လာတယ်။ အလုပ်တွင်း မှာလည်း လူ အမျိုးမျိုး၊ အဖြစ်အပျက် အမျိုးမျိုးနဲ့ ကြုံဆုံ ဆက်ဆံ တုံ့ပြန် နေရလို့ ခံစားမှု အမျိုးမျိုး ရနေခြင်းသာ ပါတကားလို့ တွေးမိ လာတယ်။ အသွားနဲ့ အပြန် နှစ်ခု ကြားမှာ အဖန် တလဲလဲ ကျင်လည် နေရခြင်းသာ ပါတကား လို့လည်း တွေးမိ ပါတယ်။ တခါ ဆရာ ငယ်ငယ်က သွားလာ ပျော်ရွှင် ခဲ့ဖူးရာ ဖြစ်တဲ့ ဒီရေ အတက်အကျ ရှိတဲ့ ချောင်းကို သတိ ရလာတယ်။ ကဗျာ ရေးချင်စိတ် ပေါက်လာတဲ့အခါ ဆရာ့ အတွေ့အကြုံ၊ အဆက်အဆံ၊ အတုံ့အပြန် ရှိခဲ့ဖူးတာ တွေကို ဒီချောင်း အမူအရာ၊ ဗေဒါပင်၊ ဗေဒါပန်း အမူအရာ တွေနဲ့ တင်စားပြီး ဆရာ မှတ်မိတဲ့ ခံစားမှု အသိနဲ့ ဗေဒါမ်း ကဗျာတွေကို ထုံ့ပိုင်းထုံ့ပိုင်း ရေးနိုင်ခဲ့တာပဲ”
ဗေဒါပန်း

ကျူရိုးရှင် ပီပီမှုတ်လို့
ဘုတ်မကို သူကပြိုင်
ချောင်းစပ်မှာထိုင်
ဘုတ်မကတိုင်၊ ကျူကိုင်ကအေး
ရေစီးနဲ့လာ
ရေသာမှာ ပြန်လို့မြန်းတဲ့
မဗေဒါ စုန်ဆန်ပန်းကို
လွမ်းတယ်တဲ့လေး။

ဗေဒါသည် မြစ်ချောင်း တလျှောက် စုန်ချီဆန်ချီ သွားလာ လှုပ်ရှား ရုန်းကန် နေရသည်။ အခက်အခဲ၊ အတားအဆီး များလည်း ရှိသည်။ ရေသာမှာ ပြန်လည် စီးဆင်း လာသော ဗေဒါပန်းကို လွမ်းနေပုံမှာ မြင်ယောင် စေသည်။ ဗေဒါလမ်း ကဗျာများနှင့် ပတ်သက်ပြီး ဆရာကြီး မင်းသုဝဏ် ကတော့ ...

“ကျွန်ုပ်တို့ တက္ကသိုလ် ရောက်၍ တက္ကသိုလ် ကျောင်းတိုက် မဂ္ဂဇင်း များကို ဖတ် ရသောအခါ အထူး စွဲလန်းမိသည့် အရေးအသား တို့မှာ ဆရာ ဇော်ဂျီ၏ စာများ ဖြစ်ပါသည်။ အင်္ဂလိပ် စာပိုဒ်တွင် ယနေ့တိုင် သတိရ နေသည်မှာ အောက်ပါ စာနှစ်ကြောင်း ဖြစ်သည်။

Wend thy way my beda wend thy way

ခရီးဆက်ပါ မဗေဒါ၊ ကိုယ့်ခရီးကို ဆက်ပါ ဟု ဆိုသလား မသိနိုင်ပါ။ ကျန်သေးသော အပိုဒ်တို့ကို ကျွန်ုပ် မမှတ်မိ တော့ပါ။ ၁၉၂၇-၂၈ တ၀ိုက်က မဂ္ဂဇင်းများတွင် တွေ့နိုင်သည်။ ဆရာ ဇော်ဂျီကား ဖျာပုံနှင့် ရန်ကုန် အကြား မြစ်တလျှောက်တွင် တွေ့မြင်နေရသော ဗေဒါပင် တို့ကို ထိုအခါကပင် စိတ်ဝင်စားလျက် ရှိသည်” ဟု ဆရာဇော်ဂျီ အမှတ်တရ စာများတွင် ရေးသား ခဲ့သည်။

ဆရာဇော်ဂျီသည် ဗေဒါလမ်း ကဗျာများကို ပထမဦးစွာ အင်္ဂလိပ်လို စပ်သည်။ ၁၉၃၆ ၀န်းကျင် လောက်မှ မြန်မာလို စပ်ဆိုသည်။ “ချောင်းရေပြင်မှာ စီတန်းလို့၊ ဗေဒါပန်း ရေကြင်ဆွေ၊ မျောလို့သာနေ” ဟု အစချီပြီး စပ်ဆို ခဲ့သည်။ ထို ဗေဒါပန်း ကဗျာကို ရေးပြီး ရပ်သွားရာမှ ၁၉၅၇ တွင် ဗေဒါပန်း ကဗျာများကို ပြန်လည် ရေးသား ပါသည်။ ဗေဒါလမ်း ကဗျာကို အမှတ် ၄၁ အထိ ရေးခဲ့ရာ ၁၉၇၁ နောက်ပိုင်းမှ ရပ်လိုက် ပါသည်။

ဆရာ တိုက်စိုးက သူ၏ ‘ဗေဒါလမ်း’ စာတမ်းငယ်တွင် ...

“စာဆို ဇော်ဂျီသည် မြစ်ထဲ ချောင်းထဲတွင် တွေ့ရမြဲ၊ မြင်ရမြဲ အချင်းအရာကို မှီ၍ မှီရာမှ ကျော်၍ အမြင်အသိ တခုကို ရခဲ့ဟန် ရှိလေသည်။ ဇော်ဂျီသည် ထို အကြောင်းကို ကဗျာဖတ်လို နာလိုသူ မှန်သမျှအား မိမိ ကဲ့သို့ အမြင် ပေါက်ကာ နှစ်သိမ့် ရလေအောင် ရေးဖွဲ့ပြ၊ သီဆို ပြကြသည့် လက္ခဏာ ရှိပေသည်။ ... ထိုကဗျာစုကို ပကတိ သဘော အတိုင်း ဖတ်မည် နာမည် ဆိုလျှင်လည်း ကောင်းပါ၏။ လူ ဇာတ်သွင်း၍ ဖတ်ကြည့် နာကြည့် ပါမူကား အရသာစုံ ခံစားနိုင်မည် ဖြစ်ပေသည်”

မြန်မာ စာပေပညာရှင် ဆရာ မြဇင်က သူ၏ ကဗျာ နရီနှင့် နိမိတ်ပုံ စာအုပ်တွင် ဆရာ ဇော်ဂျီ၏ ဗေဒါလမ်းနှင့် ပတ်သက်ပြီး ...

“ဒီချောင်းတွင် တက်လိုက် ဆင်းလိုက် ကျင်လည်မှု လှုပ်ရှားရသော ဗေဒါကို စံထား နိမိတ်ပုံ အဖြစ် အသုံးပြုလျက် ဆရာ ဇော်ဂျီသည် ဘ၀ကို သုံးသပ်သည်။ လူမှု အဆောက်အဦကို ဝေဖန်သည်။ လူဟူသော အဖြစ်ကို ဆန်းစစ်သည်။ နိမိတ်ပုံဖြင့် ဘ၀ကို ထင်ဟပ်သော စာကောင်း ပေကောင်း ပြုစု နိုင်ကြောင်း ဆရာဇော်ဂျီက လက်တွေ့ ပြသည်”

ဗေဒါလမ်း အမှတ် ၁၀ ကဗျာကား ‘ပန်းပန်လျက်ပဲ’ အမည်ဖြင့် ကြည်ကြည်ဌေးက သီချင်းအဖြစ် သီဆိုသည်။ ၎င်း အမည်ဖြင့် စာရေး ဆရာမကြီး ခင်နှင်းယုက ၀တ္ထု ရေးခဲ့ပြီး ဒါရိုက်တာ ချစ်ခင်က ရုပ်ရှင်ကား အဖြစ် ရိုက်ကူး ခဲ့သည်။

ဝတ္ထုတို ဆရာ၊ အက်ဆေး ဆရာနှင့် ပြဇာတ် ဆရာဇော်ဂျီ

ဆရာ ဇော်ဂျီသည် ၁၉၃၃ မှစ၍ ဂန္တလောက မဂ္ဂဇင်း၊ တက္ကသိုလ် ကျောင်းတိုက် မဂ္ဂဇင်းများတွင် ၀တ္ထုတိုများ ရေးသား ခဲ့သည်။ ၁၉၃၆ က ထုတ်ဝေသော မြန်မာနိုင်ငံ ပညာ ပြန့်ပွားရေး အသင်း၏ ခေတ်စမ်း စာပေကျမ်းစဉ် ၂ တွင် ဆရာ ဇော်ဂျီ၏ ဘိုးမာဒင်နှင့် ကြင်မည့်သူ အမည်ရှိ ၀တ္ထုတို ၈ ပုဒ်ပါဝင်သည်။ ဆရာဇော်ဂျီ၏ ၀တ္ထုတိုများ ထဲတွင် “ပုဂံဈေး” ၀တ္ထုတိုမှာ ထင်ရှားသည်။

ဆရာ ဇော်ဂျီသည် စာတမ်းငယ်ခေါ် အက်ဆေးများလည်း ရေးသားခဲ့သည်။ နွေဦး ကျက်သရေ၊ ပုဂံ မြို့ဟောင်းနှင့် ကျွန်တော်၊ သူတို့ ညီနောင်နှင့် ကျွန်တော်၊ ကဗျာဝိုင်း စာဝိုင်းနှင့် ကျွန်တော် တို့သည် ဆရာ ဇော်ဂျီ၏ အက်ဆေးများ ဖြစ်သည်။ ပုဂံ မြို့ဟောင်းနှင့် ကျွန်တော် အက်ဆေးတွင် ...

“ပုဂံမြို့ဟောင်းတွင် ကြည်ညိုစရာ၊ ကြည်နူးစရာများ ပါပေသည်။ ကြည်ညိုစရာ ဆိုသည်မှာ သပ္ပာယ် လှသော ရှေးဟောင်း ဘုရား စေတီများ ဖြစ်၍၊ ကြည်နူးစရာ ဆိုသည်မှာ နိုင်ငံသစ် တည်ခဲ့သော ရှေးခေတ် ပုဂံသားတို့ ဖြစ်လေသည်။ ကြည်ညိုစရာကို ဖူး၍၊ ကြည်နူးစရာကို တွေးရသည်မှာ ဖူး၍ တွေး၍ ကုန်နိုင် ပါတော့မည်လားဟု ကျွန်တော် အောက်မေ့ မိသည်”

ရွှေတိဂုံစေတီနှင့် ရွှေစည်းခုံ စေတီ နှစ်ဆူကို ဆရာဇော်ဂျီ နှိုင်းယှဉ် ခံစား ရေးထားပုံမှာ ...

“ရွှေတိဂုံ စေတီ၏ ပုံတော် ပြေပြစ်ခြင်း၊ နွဲ့နှောင်းခြင်း၊ စိမ်းချမ်းမြေ့ဖွယ် ဖြစ်ခြင်းတို့သည် ထိုခေတ်၏ သဘောကို လည်းကောင်း၊ ထို တိုင်းသူ ပြည်သားတို့၏ သဘောကို လည်းကောင်း၊ ထိုမင်း၏ သဘောကို လည်းကောင်း၊ မလွန်ဆန် နိုင်သော ပန်းရံပျံတို့၏ လက်ရာပင် ဖြစ်လေစွ”

“ရွှေစည်းခုံကို ရှင်အရဟံ နှင့် အနော်ရထာ မင်းကြီးတို့ ဦးဆောင်၍ ပုဂံသားတို့က ၀ိုင်းတည် ကြသည်။ ထို့နောက် ကျန်စစ်သား မင်းက ဆက်တည်သည်။ ထို မင်းနှစ်ပါး လက်ထက်မှ စ၍ နိုင်ငံတော် နယ်နိမိတ်သည် ပုဂံတစ်ဝိုက် ဒေသမှ ပြည်ထောင်စု ဒေသ နီးပါး အထိ ကျယ်ဝန်း လာသည်။ ဗုဒ္ဓ သာသနာတော်သည် ပထမအကြိမ် တစ်နိုင်ငံလုံး၏ မြတ်နိုး စုံမက်ခြင်းကို အညီအညွတ် ခံယူ ရရှိလာသည်။ တိုင်းသူ ပြည်သားတို့သည် နိုင်ငံရေး၊ သာသနာရေး စိတ်ဓာတ် တက်ကြွ နေသူများ ဖြစ်သည်။ လူသစ် တည်၍ ပြည်သစ် ဆောက်နေကြသူများ ဖြစ်သည်။ ထို့ကြောင့် မုခ်ဦး ခြင်္သေ့ရုပ် ပြည့်ဖြိုးခြင်း၊ ခွန်းအားကြီးခြင်း တို့သည် ထိုခေတ်၏ သဘောကို လည်းကောင်း၊ ထို တိုင်းသူ ပြည်သားတို့၏ သဘောကို လည်းကောင်း၊ ထိုမင်းနှစ်ပါး၏ သဘောကို လည်းကောင်း မလွန်ဆန် နိုင်သော ပန်းရံ ပျံတို့၏ လက်ရာပင် ဖြစ်လေစွ”

“စင်စစ် ရွှေတိဂုံသည် ဗိသုကာ ပညာတွင် အယဉ်အနု သဘော သပ္ပာယ်၍ ရွှေစည်းခုံသည် အခန့်အသန့် သဘောဖြင့် သပ္ပာယ်သည်ဟု မဆိုစကောင်း ဆိုလိုက်ချင် ပါတော့သည်”

ဆရာ ဇော်ဂျီသည် ပြဇာတ် ၆ ပုဒ်ကိုလည်း ရေးသား ခဲ့သည်။ ၃ ပုဒ်မှာ ပင်ကိုယ်ရေး ဖြစ်ပြီး၊ ၃ ပုဒ်မှာ ဘာသာပြန် ဖြစ်သည်။ ဆရာ ဇော်ဂျီ၏ ဘာသာပြန် ပြဇာတ်ထဲတွင် အထင်ရှားဆုံး ပြဇာတ်ကတော့ ‘မဟာဆန်ချင်သူ’ ပြဇာတ် ဖြစ်သည်။ ၎င်း ပြဇာတ်မှာ ပြင်သစ် ပြဇာတ်ရေး ဆရာကြီး မိုးလျဲ၏ Le Bourgeois Gentilhomme ပြဇာတ်ကို မြန်မာဘာသာ ပြန်ဆို ထားသည်။ ၁၉၃၄ ခုနှစ်က ပထမဆုံး အကြိမ် ထုတ်ဝေ ခဲ့သည်။
ဘာသာပြန် ဆရာဇော်ဂျီ

ဆရာဇော်ဂျီသည် ကမ္ဘာ့စာပေ၊ မြန်မာစာပေ နှစ်ခုစလုံးကို ကျွမ်းကျင် နှံ့စပ်သူ ဖြစ်သည်။ အင်္ဂလိပ် စာပေ၊ မြန်မာ စာပေ နှစ်ဘာသာ တွဲဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သူလည်း ဖြစ်သည်။ ဆရာသည် ကမ္ဘာ့ စာပေ လက်ရာများကို မြန်မာ လူမျိုးများ ရင်းနှီး စေလိုသည့် စေတနာဖြင့် ဘာသာ ပြန်ဆို ခဲ့သည်။ ၁၉၃၈ တွင် အင်္ဂလိပ် စာရေးဆရာ ချားရိဒ်၏ The Cloister and The hearth ၀တ္ထုကို “ဂျရတ်နှင့် မာဂရက်” ဟူ၍ ဘာသာ ပြန်ဆို ခဲ့သည်။

ဆရာ ဇော်ဂျီသည် နိုဘယ်ဆုရ စာရေးဆရာ များ၏ ၀တ္ထုတို များကိုလည်း မြန်မာ စာဖတ်ပရိသတ် အတွက် ရွေးချယ် ပြန်ဆို ပေးခဲ့သည်။ ပထမဆုံးသော ဘာသာပြန် ၀တ္ထုတို ပေါင်းချုပ် အမည်မှာ “မိုးကြယ်မို့လား နှင့် နိုဘယ်ဆုရ ၀တ္ထုတိုများ” ဖြစ်သည်။ ၁၉၆၆ တွင် မိုးဦးပန်း စာပေတိုက် (မန္တလေး)မှ ပထမဦးဆုံး အကြိမ် ထုတ်ဝေသည်။ နိုဘယ်ဆုရ စာရေးဆရာ ၈ ဦး၏ ၀တ္ထုတို ၁၃ ပုဒ် ပါဝင်သည်။

၁၉၆၆ ဒီဇင်ဘာတွင် “လမ်းသစ်နှင့် အခြား ၀တ္ထုတိုများ” အမည်ဖြင့် ပုဂံ စာအုပ်တိုက်မှ ထုတ်ဝေသည်။ နိုဘယ်ဆုရ စာရေးဆရာ ၁၀ ဦး၏ ၀တ္ထုတို ၁၂ ပုဒ် ပါဝင်သည်။ ၁၉၇၉ တွင် “နင်လားဟဲ့ ချစ်ဒုက္ခ” အမည်ရှိ နိုဘယ်ဆုရ စာရေးဆရာ တို့၏ ၀တ္ထုတို ၉ ပုဒ်ကို ပြန်ဆို ထုတ်ဝေ ခဲ့သည်။ ၎င်းအပြင် ဆရာ ဇော်ဂျီသည် နိုဘယ်ဆုရ စပိန် ကဗျာဆရာ ရာမွန်ဂျင်းမနဲ၏ ပလေတရိုနှင့် ကျွန်တော် (Platero and I) အမည်ရှိ စကာပြေ ကဗျာများ ကိုလည်း မြန်မာ ဘာသာ ပြန်ဆို ခဲ့ပါသည်။
ရသဗေဒ ပညာရှင် ဇော်ဂျီ

ဆရာ ဇော်ဂျီသည် “ရသစာပေ အဖွင့်နှင့် နိဒါန်း” စာအုပ်ကို ၁၉၇၆ က ပုံနှိပ် ထုတ်ဝေ ခဲ့ပါသည်။ ၎င်း စာအုပ်တွင် အခန်း ၄ ခန်း ပါဝင်သည်။ ၎င်းတို့မှာ ရှေးခေတ် မြန်မာ စာပေ၊ မျက်မှောက်ခေတ် မြန်မာ စာပေ၊ စာရေးမှုနှင့် ရသ သဘော၊ မြန်မာ့ အနုပညာတို့ ဖြစ်သည်။ ၎င်း စာအုပ်မှ “သခင် ကိုယ်တော်မှိုင်း၏ ဇာတိမာန် ကဗျာများ” စာတမ်းတွင် ဆရာဇော်ဂျီက ...

“ဆရာကြီးသည် ထိုအခါက ထို ကဗျာများမှ တဆင့် မြန်မာ ရာဇ၀င်နှင့် မြန်မာစာပေ ယဉ်ကျေးမှု တို့ကို မေ့လုမတတ် စည်းကမ်း ပျက်နေကြသော မြန်မာတို့၏ စိတ်ဓာတ် အညံ့အဖျင်း များကို ပကတိ အဆင်း အရောင်နှင့် ပြည့်စုံ လာစေရန် မြန်မာ မင်းကောင်း မင်းမြတ် တို့၏ အကြောင်းကို လည်းကောင်း၊ မြန်မာ စာပေ ယဉ်ကျေးမှုကို လည်းကောင်း၊ လွမ်းဆွတ် ကြည်ညိုဖွယ် အားတက်ဖွယ် ဖြစ်အောင် မြန်မာ လူထု နားလည်နိုင်သော နည်းပရိယာယ်ဖြင့် ကြံဆောင် နှိုးဆော် ခဲ့သည်”

‘ဇာတိမာန် စာဆိုဦးလွန်း’ စာတမ်းတွင် ...

“ဆရာကြီးကို အိန္ဒိယ စာဆို တဂိုးနှင့် လည်းကောင်း၊ တရုတ် ၀တ္ထုရေး ဆရာ လူရွှန်းနှင့် လည်းကောင်း တူသည်ဟု ယူချင် ပါသည်။ တူပုံမှာ တဂိုး၏ ကဗျာများသည် အိန္ဒိယ ပြည်သူလူထု မျက်စိ ပွင့်ရေးအတွက် လည်းကောင်း၊ လူရွှန်း၏ ၀တ္ထုများသည် တရုတ် ပြည်သူလူထု မျက်စိ ပွင့်ရေးအတွက် လည်းကောင်း အခြေခံ ဖြစ်သကဲ့သို့ ဆရာကြီး၏ ကဗျာ များသည်လည်း မြန်မာ တိုင်းရင်းသား ပြည်သူလူထု မျက်စိပွင့်ရေး အတွက် အခြေခံ ဖြစ်ခဲ့ကြသည်ဟု ယူပါသည်”

ဆရာဇော်ဂျီသည် ရသဗေဒ သဘောတရားနှင့် ပတ်သက်၍လည်း စာတမ်းများ ရေးသား ခဲ့ပါသည်။ ရသ ဗေဒနှင့် ပတ်သက်၍ ဆရာဇော်ဂျီ ပြောခဲ့သည်မှာ “အချုပ် ဆိုရသော် ရသဗေဒ ဆိုင်ရာ စိတ်ကူးဉာဏ် ဆိုသည်မှာ တောရောက် တောင်ရောက် လွင့်တတ်သော စိတ်မျိုး မဟုတ်၊ ဘ၀ အတွေ့အကြုံ၊ စိတ် ခံစားမှု၊ ဘ၀အသိ၊ ဘ၀ အသိတည်း ဟူသော အထိန်းအမဖြင့် လှုပ်ရှားတတ်သော ဉာဏ်မျိုးသာ ဖြစ်သည်ဟု ယူဆ အပ်သည်”။

ဆရာ ဇော်ဂျီသည် “သခင် ကိုယ်တော်မှိုင်း ဋီကာ” နှင့် “သိန်းနှင့်ကျား ဋီကာ” အမည်ရှိ ကျမ်း နှစ်စောင် ကိုလည်း ပြုစု ခဲ့သည်။ သခင် ကိုယ်တော်မှိုင်း ဋီကာတွင် အခန်း ၉ ခန်း ဖွဲ့၍ ရေးသား ထားသည်။ (၁) ဆရာကြီးလွန်း (၂) ဗိုလ်ဋီကာ ခေတ် (၃) မှာတော်ပုံ ၀တ္ထု (၄) ဒေါင်းဋီကာ ခေတ် (၅) မျောက် ဋီကာနှင့် မျောက် ကဏ္ဍိခေတ် (၆) ခွေးဋီကာ ခေတ် (၇) သခင် ဋီကာခေတ် (၈) ရာဇ၀င် လောက (၉) သင့်နိုးရာ ကဗျာစုတို့ ဖြစ်သည်။

ဆရာကြီး သခင် ကိုယ်တော်မှိုင်းနှင့် ပတ်သက်ပြီး ဆရာဇော်ဂျီက ဤသို့ ရေးသား ခဲ့သည်။

“ဆရာကြီးသည် ဤ ပညာမျိုးဖြင့် တိုင်းသူ ပြည်သား များအား အိပ်ယာမှာ နိုးစေသည်။ နိုးရာမှ ထိုင်စေသည်။ ထိုင်ရာမှ ထစေသည်။ ထရာမှ ကြွစေသည်။ ထို့ပြင် ဆိတ်ရာမှ မြည်စေသည်။ ရွံ့ရာမှ ရဲစေသည်။ ကိုယ့် တိုင်းပြည်ကို ကိုယ့် တိုင်းပြည်မှန်း သိစေသည်။ အလိုရှိ စေသည်။ ခဲစေသည်။ နွှဲ စေသည်။ ကြဲ စေသည်။ ဤ ပညာမျိုးသည် တိုင်းသူပြည်သား လူအများ အလွယ်တကူ နားလည်နိုင်သော ပညာ ဖြစ်သည်။ ထို့ကြောင့် တိုင်းသူ ပြည်သူ လူအများသည် ဆရာကြီးထံမှ နိုင်ငံရေး အခြေခံ ပညာ ရလိုက်သည်ဟု ဆိုခဲ့ခြင်း ဖြစ်လေသည်”
စာကြည့်တိုက်မှူး ဇော်ဂျီ

၁၉၃၈ တွင် ဆရာ ဇော်ဂျီသည် လန်ဒန် တက္ကသိုလ်၊ ဒဗ္ဗလင် တက္ကသိုလ်တို့တွင် ပညာ သင်ကြား ခဲ့သည်။ ၁၉၄၀ တွင် စာကြည့်တိုက် ဒီပလိုမာဘွဲ့ ရသည်။ ၁၉၄၁ တွင် ရန်ကုန် တက္ကသိုလ် ကျောင်းတိုက်၏ ကောလိပ် စာကြည့်တိုက်မှူး အဖြစ် တာဝန် ထမ်းဆောင်သည်။ ဒုတိယ ကမ္ဘာစစ်ကြောင့် ပျက်စီး သွားသော ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်ကို ပြန်လည် ထူထောင်ခဲ့သည်။ ဆရာ ဇော်ဂျီသည် ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်ကို စာပေ၊ ယဉ်ကျေးမှု၊ နိုင်ငံရေး သမိုင်း၊ သုတေသနများ အတွက် အားကိုးအားထား ပြုနိုင်ရန် ဖန်တီးခဲ့သည်။ ဗုဒ္ဓဘာသာ အနုပညာ စာအုပ် စာတမ်းများ၊ ပေ၊ ပုရပိုဒ်များ၊ မြန်မာမှုနှင့် သက်ဆိုင်သော ရှားပါး စာအုပ် စာတမ်းများကို ရှာဖွေ စုဆောင်းခဲ့သည်။

ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်သည် စစ် မဖြစ်မီက စာကြည့်တိုက် မှူးမှာ ဆရာ ဦးခင်ဇော် (ဆရာကေ) ဖြစ်သည်။ ၎င်း စာကြည့်တိုက်သည် ကွန်ကရက် စာကြည့်တိုက် အမျိုးအစား ဖြစ်သည်။ ဆရာဇော်ဂျီ စာကြည့်တိုက်မှူး ဖြစ်လာသောအခါ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်သည် ဒယူဝီ ဒဿမ မျိုးတူစု စနစ်ဖြင့် စတင် အသုံးပြု ခဲ့သည်။ ကမ္ဘာ့ စာကြည့်တိုက် များတွင် အသုံးပြုသည်။ ဒယူဝီ မျိုးတူစု စနစ်ဖြင့် စာအုပ် ကတ်တလောက် စာရင်းတင်ခြင်း လုပ်ငန်းကို ဆောင်ရွက်သည်။

ဆရာ ဇော်ဂျီသည် သူ၏ နောက်မှ မျိုးဆက်သစ် စာကြည့်တိုက်မှူးများ မွေးထုတ် ပေးနိုင်ခဲ့သည်။ ဆရာ တိုက်စိုး၊ ဦးသော်ကောင်း၊ ဥိးမောင်မောင်၊ ဒေါ်ခင်ခင်အုန်း၊ ဒေါ်ကျော့ကျော့တို့ကို စာကြည့်တိုက် ပညာတော်သင် အဖြစ် နိုင်ငံခြားသို့ စေလွှတ် ပညာသင်ကြား စေခဲ့သည်။ ဆရာ ဇော်ဂျီသည် စာကြည့်တိုက် ပညာ ဒီပလိုမာ ဘွဲ့လွန် သင်တန်း သင်ကြားနိုင်ရေး အတွက်လည်း ကြိုးပမ်းခဲ့သူ တဦးလည်း ဖြစ်သည်။ စာကြည့်တိုက်နှင့် ပတ်သက်ပြီး ...

“စာအုပ်ကို ဆိုင်ရာ ပညာ ဗဟုသုတ ပေးတတ်သော အရာဝတ္ထု မျိုးဟု ယူဆ အပ်သကဲ့သို့ စာကြည့်တိုက်ကို ဉာဏ်အလုပ်ရုံဟူ၍ လည်းကောင်း၊ စာကြည့်တိုက်မှူးကို ဉာဏ် အလုပ်ရုံ စီမံ ခန့်ခွဲသူဟူ၍ လည်းကောင်း ယူဆ အပ်သည်”
နိဂုံး

ဆရာ ဇော်ဂျီသည် ၁၉၅၅ တွင် “သခင် ကိုယ်တော်မှိုင်း ဋီကာ” စာအုပ်ဖြင့် စာပေဗိမာန် စာပဒေသာဆု ရရှိခဲ့သည်။ ၁၉၇၉ တွင် “နင်လားဟဲ့ ချစ်ဒုက္ခနှင့် အခြား ၀တ္ထုတိုများ” ဘာသာပြန် စာအုပ်ဖြင့် အမျိုးသား စာပေဆု (ဘာသာပြန်) ရရှိခဲ့သည်။ ၁၉၈၇ တွင် “ရှေးခေတ် ပုဂံ ကဗျာများနှင့် အခြား ကဗျာများ” ကဗျာ စာအုပ်ဖြင့် အမျိုးသား စာပေဆု (ကဗျာ) ရရှိခဲ့သည်။ ထို့အပြင် ဆရာဇော်ဂျီသည် အနောက်တိုင်း အလှ ဗေဒ၏ ရင်းမြစ် ဖြစ်သော ဂရိ ဒဿနကို ချဉ်းကပ်၍ “ပလေတိုး နိဒါန်း” အမည်ရှိ ကျမ်းကိုလည်း ဘာသာပြန် ရေးသား ပြုစုခဲ့သည်။

၁၉၈၁ တွင် အငြိမ်းစား ယူခဲ့သည်။ ၁၉၉၀ စက်တင်ဘာ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗဟန်း မြို့နယ် ကမ္ဘောဇလမ်း အမှတ် ၁၀-က နေအိမ်တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်စောရင် (၈၅) နှစ်နှင့် သမီး သုံးဦးဖြစ်သော ဒေါက်တာ ဒေါ်ခင်မျိုးဟန် (ကလေး အထူးကု)၊ ဒေါက်တာ ဒေါ်ခင်လှဟန် (သမိုင်း ပညာရှင်)၊ ဒေါက်တာ ဒေါ်ခင်အုန်းဟန် (မျက်စိ အထူးကု) တို့ ကျန်ရစ်သည်။

ကွယ်လွန်ချိန် အထိ စာအုပ် စုစုပေါင်း ၃၀ အုပ်၊ ကဗျာ ပုဒ်ရေပေါင်း ၂၃၀ ခန့်၊ ၀တ္ထု ၄၆ ပုဒ်၊ ပြဇာတ် ၈ ပုဒ်၊ စာတမ်းနှင့် ဆောင်းပါး ပုဒ်ရေ ၃၀၀ ပြုစုခဲ့သည်။ ဆရာ ဇော်ဂျီ၏ အုပ်ဂူပေါ်တွင် သူ၏ “သင်သေသွားသော်” ကဗျာကို ထုထွင်း မော်ကွန်း တင်ထားပါသည်။

သင်သေသွားသော်

သြော် – လူ့ပြည်လောက လူ့ဘ၀ကား
အိုရနာရသေရဦးမည်၊ မှန်ပေသည်တည့်
သို့ပြီးတကား၊ သင်သေသွားသော်၊ သင်ဖွားသောမြေ
သင်တို့ပြည်သည်၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏
သင်၏ မျိုးသား၊ စာစကားလည်း၊ ကြီးပွားတက်မြင့်
ကျန်ကောင်းသင့်၏၊ သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက်၊ ကျန်စေတည်း။
ဇော်ဂျီ
ဒီဇင်ဘာ ၁၉၃၅

ကျမ်းကိုး
၁။ ဆရာဇော်ဂျီပေါင်းချုပ် (ငါးတွဲ)
၂။ ဒေါက်တာကျော်စိန်၏ ဇော်ဋီကာ (သုံးတွဲ)
၃။ အမှတ်တရ ဇော်ဂျီ
Express Time

No comments:

Post a Comment