တစ်ခေတ်တုန်းက၊
 ရင်ဖုံးအင်္ကျီ ပင်ဖျင်နီနှင့်
 ထဘီချိတ်ဆင်၊ ယဉ်လည်းယဉ်စွ
 ဆံပင်ရှည်ထုံး၊ မင်ပိတုန်းသို့
 မှုန်းချယ်သစ်ဆင်း၊ လှယမင်းဟု
 ကောင်းခြင်းခါတန်၊ မှတ်ကျောက်မှန်ခဲ့။
 
 ယခုခေတ်ကား၊ ဆိုးဆေးများဖြင့်
 ဖြူ ကျား ၀ါ ညို ၊ ဆံပင်တိုနှင့်
 နဂိုအလှ၊ ကွယ်ပျောက်ရသေး
 မေးငေါ့ရှုတ်ချ၊ ကဲ့ရဲ့ ကြ၏။
 
 မလုံ့တလုံ့၊ ၀တ်စားပုံလည်း
 ကြုံ၍ မြင်ခိုက်၊ သဲဖိုလှိုက်ဖွယ်
 စရိုက်လော်မာ၊ ခေတ်အခါဟု
 အပြစ်သာ တင်နေသင့်သလော။
 
 မြန်မာ့သမီး၊ ရှုမငြီးတို့
 ကိုယ့်စည်းကိုယ့်တာ၊ ကိုယ့်သိက္ခာဖြင့်
 မြန်မာပီသ၊ ယဉ်ကျေးမှလျှင်
 မွှေးမြဂုဏ်ပေါင်း၊ ချစ်ဖွယ်ကောင်းလိမ့်
 နှစ်ထောင်းဖြူ စင်၊ လူ့ဂုဏ်အင်တည့်
 ဆင်ယင်ဝတ်စား၊ မလွဲမှားသင့်။
 
 အသွားအလာ၊ မူရာနေထိုင်
 ကိုယ်ပိုင်ဓလေ့၊ ကိုယ်တိုင်မွေ့လျက်
 မမေ့စဉ်လာ၊ စောင့်ထိန်းကာဖြင့်
 မြန်မာဆန်ဆန်၊ ပန်းကောင်းပန်လို့
 စံပြုဂုဏ်ယူ၊ ဖိုးထိုက်သူဟု
 ကျင့်မူဆောင်တတ် သမီးမြတ်။ ။
 
 ( ရွှေမြိုင် )
No comments:
Post a Comment