Friday, September 19, 2014

မြန်မာပြည်မှမိဘအချို့သို့


(၁)
ကြားလိုက်ရတာသတင်းကသိပ်မမိုက်။ သူကဆယ်တန်းအောင်တော့
သွားဆရာဝန်ဖြစ်ချင်ခဲ့တယ်။ မိဘတွေကအတင်းအကျပ် သင်္ဘောတက်ဖို့
ရေကြောင်းတက္ကသိုလ်ကို အတင်းတက်ခိုင်းခဲ့တယ်။ အခုတော့ တန်ချိန်
၁သိန်းကျော်ဆိုတဲ့ သင်္ဘောကြီးပေါ်မှာ အရမ်းကိုပင်ပန်းနေခဲ့တယ်။ သူ့စိတ်တွေကအိမ်အမြဲပြန်ချင်နေတယ်။ ၁လမှာ သင်္ဘောကခဏခဏကမ်းကပ်တယ်။ အဲဒိတော့ အရမ်းပင်ပန်းတယ်။ လူကပျော့ပျော့နွဲ့နွဲ့ အသားဖြူဖြူနဲ့။ ဘယ်လိုမှမလိုက်ဖက်။ မိဘတွေရဲ့ အတ္တကြောင့်သူ့မှာ သင်္ဘောလိုက်နေရတယ်။
ဒါကကောင်လေးတစ်ယောက်ပြောပြတဲ့ သူ့အတွေ့အကြုံ။ သူကတော့
မိဘတွေရဲ့ဖိအားအောက်က ရုန်းမထွက်နိုင်သေးပါ။

(၂)
ဖြစ်ချင်တာက နိုင်ငံခြားကျောင်းသွားတက်ချင်တယ်။ ဒါမှမဟုတ် အနုပညာလုပ်ချင်တယ်။ဆယ်တန်းကိုလည်း ဂုဏ်ထူးတွေနဲ့အောင်ထားတယ်။ IELTS ကိုလည်း ၆.၅နဲ့အောင်ထားတယ်။ဒါပေမဲ့ မိဘတွေရဲ့ဖိအားပေးမှုကြောင့်သူ့မှာ ရေကြောင်းကောလိပ်ကို
မတက်ချင်တက်ချင်နဲ့တက်နေရတယ်။ ကျောင်းကဘယ်စာကိုမှမလုပ်ချင်တော့ သူစိတ်ညစ်လာတယ်။ ဘာသာတိုင်းမှာစာမေးပွဲဖြေတိုင်း ညံ့လာတယ်။ နောက်ဆုံးအိမ်က သင်္ဘောအတင်းလိုက်ခိုင်းလို့ ၂ခေါက်
လိုက်လိုက်တယ်။ဒါပေမဲ့ အခုတော့ သူ့ဘာသာဆုံးဖြတ်ပြီး သူ့အိမ်မက်အတိုင်းလမ်းဆက်လျှောက်တယ်။ သူအခုတော့ မြန်မာနိုင်ငံရဲ့အောင်မြင်ခါစ မော်ဒယ်စာရင်းထဲမှာပါနေပြီ။ ဒါကကျွန်တော့်သူငယ်ချင်းအရင်းတစ်ယောက်ရဲ့ခံစားချက်။

(၃)
ဖြစ်ချင်တာက အင်ဂျင်နီယာ။ အိမ်ကမိဘတွေက ဆရာဝန်လုပ်စေချင်တယ်။ မလွန်ဆန်နိုင်လို့တက်လိုက်ရတယ်။ကြာတော့ စာမှစိတ်မ၀င်စား စာမေးပွဲတွေကျ၊ မူးယစ်ဆေးဝါးတွေသုံး။ နောက်တော့ ဆေးသမားဖြစ်သွားတယ်။
ဘ၀တစ်ခုမွကြေသွားတယ်။ တိတိကျကျပြောရရင် အခုမှစိမ်းခါစအပင်တစ်ပင်ကို မိဘတွေက သားအတွက်ပါဆိုတဲ့စကားနဲ့ အညွန့်ချိုးပစ်လိုက်တယ်။ဒါက ကျွန်တော်တို့မြို့လေးကတကယ့်ဖြစ်ရပ်မှန်။

ဒီစာကိုရေးဖို့ ကျွန်တော်တော်တော်လေးစဉ်းစားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ မိဘတွေကိုစော်ကားတယ်ဆိုပြီးအချို့ကလည်း ဝေဖန်လာကောင်းဝေဖန်လာ
နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ရေးမှဖြစ်တော့မယ်။ ဘာလို့လဲဆိုတော့
အထက်အပါအတွေ့အကြုံမျိုးကို လူငယ်၁၀ယောက်မှာ ၅ယောက်လောက်ဖြစ်နေတယ်။ နိုင်ငံရဲ့ အနာဂတ်ဖြစ်တဲ့
လူငယ်တွေကို သားကောင်းဖို့၊သမီးကောင်းဖို့ဆိုတဲ့ မျက်စိမှိတ်စေတနာတွေနဲ့ ရေစုန်မျောနေကြတာကိုတော့
လက်ပိုက်ကြည့်မနေနိုင်တော့ပါဘူး။ တစ်ထောင့်တစ်နေရာက ဒီစာလေးနဲ့ပဲကူညီလိုက်ပါရစေဗျာ။

တစ်ချို့မိဘတွေက သူတို့မဖြစ်ခဲ့တာတွေကို သားသမီးတွေကို ဖြစ်စေချင်ကြတယ်။ ဥပမာ သူ့တုန်းက PhDမရခဲ့ဘူးဆိုရင် သူတို့သားသမီးတွေကို PhDရအောာင် တွန်းအားစပေးပါတော့တယ်။ သူတို့မဖြစ်ခဲ့တာတွေကို သားသမီးတွေဆီမှာစပြီးပုံဖော်ပါတော့တယ်။ ဒါပေမဲ့သူတို့သတိမထားမိတာက သူတို့မွေးထားတာက နှလုံးသားအသစ်တစ်ခုနဲ့ လူသားတစ်ယောက်ဆိုတာပါပဲ။ သူ့မှာလည်း သူကြိုက်တာတွေရှိမယ်။ သူစိတ်ဝင်စားတာတွေရှိမယ်။ သားသမီးကမလွန်ဆန်နိုင်လို့
မိဘတွေဖြစ်ချင်တာကို ခေါင်းငုံ့ပြီးလုပ်ရပေမဲ့တကယ်တမ်းမှာတော့ မအောင်မြင်ကြတာ၊မပျော်ရွှင်ကြတာကများပါတယ်။ နောက်ဆုံး စာမေးပွဲတွေကျတာတို့၊စိတ်လေသွားတာတို့၊အိမ်ထောင်ကျသွားတာတို့၊
ဆေးစွဲသွားတာတို့ ဖြစ်သွားပါတော့တယ်။ပျက်စီးသွားတာ လူငယ်တစ်ယောက်ရဲ့ဘ၀တစ်ခုပါ။ အရုပ်တစ်ခုမဟုတ်ပါဘူး။ သူနာပြုလုပ်ချင်တဲ့သူလည်းရှိတယ်၊ဆရာ၊ဆရာမဖြစ်ချင်တဲ့သူလည်းရှိတယ်၊
ရှေ့နေဖြစ်ချင်တဲ့သူလည်းရှိတယ်၊ လွှတ်တော်အမတ်ဖြစ်ချင်တဲ့ သူလည်းရှိတယ်၊စီးပွားရေးသမား၊အနုပညာသမားဖြစ်ချင်တဲ့သူလည်းရှိတယ်။ သူတို့ဖြစ်ချင်တာလေးတွေသာဖြစ်လာရင် သူတို့အလုပ်တွေမှာ
အရမ်းထူးချွန်တဲ့သူတွေဖြစ်လာမှာပါ။

ဥပမာ သူနာပြုဖြစ်ချင်တဲ့ကောင်မလေးကမိဘတွေရဲ့ဆန္ဒကြောင့် ပညာရေးတက္ကသိုလ်တက်နေတယ်ဆိုပါစို့။သူဆရာမကောင်းတစ်ယောက် ဖြစ်လာမယ်လို့ သင်ထင်ပါသလား? မြန်မာနိုင်ငံရဲ့ ကလေးတွေရဲ့အနာဂတ်ကို
ပဲ့ကိုင်ပေးမဲ့ဆရာမတစ်ယောက်ဟာ သူမလုပ်ချင်တဲ့အလုပ်ကိုလုပ်နေရတယ်ဆို ထိုကလေးတွေရဲ့အနာဂတ်ကရော ကောင်းပါ့မလား?ကျွန်တော်တို့တွေအားလုံးဟာ ကိုယ်ပိုင်ခံစားချက်တွေ၊ကိုယ်ပိုင်စိတ်ဝင်စားမှုတွေနဲ့
မွေးဖွားလာကြတာပါ။ ဒါကိုလည်းမိဘတွေကောင်းကောင်းသိပါတယ်။ မိဘတွေလည်းငယ်ရာကကြီးလာတာပါ။ မိဘကောင်းဆိုတာ သားသမီးကို အချိန်အကြာကြီးချုပ်ကိုင်ဖို့ကြိုးစားနေတဲ့သူမျိုးမဟုတ်ပါဘူး။ သားသမီးကို
သူတို့ခြေထောက်ပေါ်အမြန်ဆုံးရပ်တည်နိုင်တဲ့ လူတော်လေးတွေဖြစ်ဖို့ ပျိုးထောင်နိုင်သူပါ။

ငှက်ကလေးတွေနဲ့ ဥပမာပေးရမယ်ဆိုရင် ငှက်ကလေးတွေကို မွေးမွေးချင်းမှာ ပေးပျံလို့မရပါဘူး။ ဒါပေမဲ့
ပျံနိုင်တဲ့အရွယ်ရောက်ရင် ငှက်မိဘတွေက ထိန်းကျောင်းပြီး သားသမီးတွေပျံနိုင်အောင်ကူညီပေးပါတယ်။
ထို့နောက်မှာတော့ ငှက်ကလေးတွေကို သူတို့ဘာသာပျံသန်းစေပါတယ်။ အကယ်၍သာ ငှက်ကလေးတွေကိုငယ်ငယ်က
အပျံမသင်ထားရင် သူတို့သေဆုံးသွားခဲ့ရင် ထိုငှက်ကလေးတွေ ပျံနိုင်တော့မှာမဟုတ်ပါဘူး။ ပျံဖို့ကြိုးစားရင်တောင်
ပြုတ်ကျရင်ဖေးမမဲ့သူရှိတော့မှာမဟုတ်ပါဘူး။

မိဘအချို့ကတော့ သားသမီးတွေကိုငယ်ငယ်ကလည်း ထိန်းထိန်းကျောင်းကျောင်းနဲ့ အပျံမသင်ပေးပါဘူး။
ကြီးလာတော့လည်း ပေးမပျံပါဘူး။ပိုးမွေးသလိုမွေးထားပါတယ်။
သူတို့ပြောတဲ့ အကြောင်းပြချက်ကတော့"ချစ်လို့ပါ"တဲ့။
သားသမီးတွေတကယ့် အပြင်လောကကြီးနဲ့လည်း နဖူးတွေ့ဒူးတွေ့လည်းတွေ့ရော ရင်မဆိုင်တတ်ကြတော့ပါဘူး။
တစ်ချို့က အဲ့လိုတင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားရင် သူတို့သားသမီးတွေကိုအမြဲထိန်းချုပ်နိုင်မယ်လို့ထင်နေပါတယ်။
အရမ်းမှားနေတဲ့အယူအဆပါ။ လူဆိုတဲ့အမျိုးက မလုပ်နဲ့ဆိုတဲ့ဟာကိုအရမ်းလုပ်ချင်တဲ့ အမျိုးပါ။ အရမ်းထိန်းချုပ်ရင်
အစတော့ငြိမ်ကောင်းငြိမ်မယ်။တစ်သက်လုံးလည်းငြိမ်တဲ့သူရှိကောင်းရှိမယ်။
ဒါပေမဲ့ပေါက်ကွဲရင်တော့ရစရာမရှိလောက်အောင်ကို
ပေါက်ကွဲပျက်စီးတတ်ပါတယ်။

ကျွန်တော်တွေ့ဖူးတဲ့ကောင်မလေးတစ်ယောက်အကြောင်းကိုပြောပြချင်ပါတယ်။ သူ့အဖေနဲ့အမေရဲ့ အုပ်ချုပ်ပုံကအရမ်းလန်းပါတယ်။ သားသမီးကို အပြင်ပိုင်းအရ ဘာကြိုးနဲ့မှမတုတ်ထားပါဘူး။ ကြိုးထက်ခိုင်တဲ့အသိဥာဏ်တွေကို ငယ်ငယ်လေးထဲက ဦးနှောက်ထဲရောက်အောင်ရိုက်သွင်းပေးထားပါတယ်။
ဥပမာဆိုပါဆို့ သူကဘီယာဆိုတာမသိဘူး။ ဒါပေမဲ့သူငယ်ချင်းတွေအရမ်းပြောလို့ သောက်ချင်နေတယ်ဆိုရင်
မိသားစုလိုက်သွားသောက်ကြပါတယ်တဲ့။ ဒါပေမဲ့ မိဘမသိပဲလုပ်တာကိုတော့ သူ့မိဘတွေက လုံးဝခွင့်မလွှတ်ဘူးတဲ့။

ကျွန်တော်လည်းကြားကြားချင်းတော့ အံ့သြသွားပါတယ်။ ဒါပေမဲ့
ကျွန်တော်မေးခွန်းတစ်ခုမေးလိုက်ပါတယ်။ဒါဆိုနင့်ဘာသာရော နောက်ကွယ်မှာမသောက်ဘူးလားလို့ မေးလိုက်ပါတယ်။ သူပြန်ဖြေတာကတော့ "ငါ့ကိုငါ့မိဘတွေက အကြွင်းမဲ့ယုံကြတယ်။အဲဒိတော့ သူတို့မကြိုက်တာဆို သူတို့မသိအောင်ဘယ်တော့မှငါလုပ်မှာမဟုတ်ဘူး၊ ငါရည်စားထားရင်တောင် ငါအဖေရောအမေရောကိုပြောပြမှာတဲ့"
(ဘီယာသောက်ဖို့အားပေးခြင်းမဟုတ် ဥပမာအဖြစ်ဖော်ပြခြင်းသာဖြစ်ပါတယ်။)

ကျွန်တော်သူ့အဖေနဲ့အမေရဲ့ Strategyကိုအရမ်းသဘောကျသွားပါတယ်။ သားသမီးကို လုံလောက်တဲ့အသိဥာဏ်တွေထည့်ပေးထားတာပါ။ ကြိုးနဲ့တုတ်စရာမလိုပါဘူး။ အခန်းပိတ်လှောင်ထားစရာလည်းမလိုပါဘူး။ ယုံကြည်မှုနဲ့အသိဥာဏ်ကိုပေါင်းစပ်ပြီးထိန်းချုပ်ထားတာပါ။ မိဘက သူ့ကိုယုံကြည်တယ်။ သူကမိဘရဲ့ယုံကြည်မှု သူနဲ့ထိုက်တန်ကြောင်း
အလုပ်နဲ့ပြန်သက်သေပြတယ်။ တကယ်ကြည်နူးစရာကောင်းတယ်ဗျာ။ ဒါပေမဲ့ဒါကတစ်ဝက်တစ်ပျက်ကနေစလို့ရတဲ
ဖြစ်စဉ်တော့မဟုတ်ပါဘူး။ ငယ်ငယ်လေးကတည်းက
ပါးပါးနပ်နပ်နဲ့ဆုံးမမှ ဖြစ်မှာပါ။ ငယ်ငယ်လေးတည်းက
သားသမီးဘယ်အရာတွေမှာစိတ်ဝင်စားလဲဆိုတာကို သိရမှာဖြစ်ပါတယ်။ နာနာရိုက်မှအိုးလှတယ်လို့ပဲပြောပြော၊ ဘယ်စကားပုံနဲ့ပဲနှိုင်းနှိုင်း မမေ့သင့်တာကတော့ နှလုံးသားရှိတဲ့လူသားလေးတွေကိုပုံဖော်နေတာပါ။ သက်မဲ့အိုးလေးတွေမဟုတ်ပါဘူး။

ဘာကမှန်ပြီး၊ဘာကမှားကြောင်း ဘေးကနေထိန်းကျောင်းပေးဖို့ပဲလိုတာပါ။ သူ့အိမ်မက်တွေက မိဘတွေဖြစ်စေချင်တာတွေနဲ့လည်း တူချင်မှတူပါလိမ့်မယ်။ဒါပေမဲ့ သူ့အိမ်မက်တွေက ဒုစရိုက်လုပ်ငန်း၊မကောင်းတဲ့လုပ်ငန်းမဖြစ်သ၍ မတားသင့်ပါဘူး။
သူတို့အိမ်မက်တွေကို မဖျက်စီးပါနဲ့။ ပြုပြင်လမ်းပြပေးပါ။ ဂုဏ်ထူး(၆)ဘာသာထွက်တဲ့သူက ကျောင်းဆရာမလုပ်ရတော့ဘူးလား?
ရှေ့နေရောမလုပ်ရတော့ဘူးလား? လူတိုင်းလူတိုင်းက သူတို့ရဲ့နေရာမှာထူးချွန်ရင်အားလုံးတန်ဖိုးရှိပါတယ်။
သဘောကောင်းပြီး စိတ်ထားကောင်း၊ဈေးမှန်တဲ့ ဆိုက်ကားဆရာရဲ့ ဆိုက်ကားကျွန်တော်အမြဲစီးတယ်ဗျ။ သူတောင်တန်ဖိုးရှိတယ်ဗျ။
အကျင့်ယုတ်တဲ့ဆရာဝန်တစ်ယောက်ထက် အဲဒိဆိုက်ကားသမားက ကျွန်တော့်အမြင်မှာတော့ လူ့အဖွဲ့အစည်းအတွက်ပိုတန်ဖိုးရှိတယ်ဗျ။

ငွေတွေ၊ဂုဏ်တွေ၊ကားတွေက လောကကြီးကိုအလှဆင်တဲ့အရာတွေလို့ သင်ထင်နေတုန်းပဲလား? တကယ်တော့ ရိုးသားကြိုးစား၊
အချင်းချင်းကူညီရိုင်းပျတတ်တဲ့လူသားတွေကြောင့်
ကမ္ဘာကြီးကလှပနေတာဗျ။ အဲ့လိုလူမျိုးလေးတွေပေါ်ပေါက်လာဖို့ဆိုတာ
မိဘကအဓိကပါပဲ။အချိန်တိုင်းဂိမ်းဆော့ပြီး ပေပေတေတေနေတတ်
တဲ့ကောင်းလေးတစ်ယောက်ဖြစ်အောင်လည်းလုပ်နိုင်တယ်။
သူများတွေအလေလိုက်နေချိန်မှာတောင်အသိစိတ်နဲ့ကြိုးစားနေတတ်တဲ့
ကောင်မလေးတစ်ယောက်ဖြစ်အောင်လုပ်နိုင်တယ်။
သူများတွေလမ်းဘေးအမှိုက်လွှင့်ပစ်ချိန်မှာ သူ့အမှိုက်ကို အိတ်ကလေးထဲပြန်ထည့်သွားအောင်လည်းလုပ်နိုင်တယ်။ အဲဒါမိဘတွေရဲ့
အရည်အချင်းပါပဲ။

"အဖေတို့အမေတို့မျက်စိထဲမှာတော့ သားက/သမီးက ကလေးလေးပါပဲ"

အဲဒိစကားကျွန်တော်မကြိုက်ဆုံးစကားပါပဲ။ ကျွန်တော်မိဘမဖြစ်သေးလို့မသိတာလဲဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို
အရာရာစိတ်ပူနေတာကို လုံးဝမကြိုက်ဘူးဗျ။ကျွန်တော်ငယ်ငယ်ကတည်းက မိဘတွေစိတ်ဆင်းရဲအောင်အခုအချိန်ထိ တစ်ခုဆိုတစ်ခုမှမလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ဘာလို့များ မယုံကြည်ပေးနိုင်တာလဲ စဉ်းစားလို့မရပါဘူး။
သူတို့ကျွန်တော့်ကိုမယုံကြည်လို့တစ်ခါတလေအရွဲ့
တိုက်ပြချင်စိတ်တွေတောင်ပေါ်ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော်၂၂ရှိပါပြီ။
လုံလောက်တဲ့အသိဥာဏ်တွေရှိနေပါပြီ။ သူတို့ကျွန်တော့်ကိုမယုံတာတောင် ကျွန်တော်ဘာမှသူတို့မကြိုက်တာမလုပ်ပါဘူး။
ဒါပေမဲ့ကျွန်တော့်နေရာမှာအရမ်းအသိဥာဏ်နုသေးတဲ့ လူငယ်လေးတစ်ယောက်ဆိုရင်တော့ အရွဲ့တိုက်မှာသေချာပါတယ်။
အရွဲ့တိုက်ရင်းနဲ့ လမ်းဘေးရောက်သွားတတ်ပါတယ်။ သူတို့သာကျွန်တော့်အိမ်မက်တွေကို အကြွင်းမဲ့ယုံကြည်ရင်တော့
ကျွန်တော်အရမ်းအားရှိမှာသေချာပါတယ်။ ဒါပေမဲ့ ကျွန်တော်ကလွယ်လွယ်နဲ့တော့အရှုံးမပေးတတ်ပါဘူး။
ကျွန်တော့်အိမ်မက်တွေကို ကျွန်တော်အကောင်အထည်ဖော်နိုင်ကြောင်း အလုပ်နဲ့သက်သေပြမှာပါ။

မိဘများသို့...................
အမေ၊အဖေတို့ရဲ့ယုံကြည်မှုက သားတို့သားသမီးတွေအတွက် အင်အားပါ။ အဲဒိအားတွေနဲ့ ကျွန်တော်တို့အောင်မြင်အောင် ကြိုးစားလို့ရပါတယ်။

လူငယ်များသို့........................
မိဘရဲ့ယုံကြည်မှုရဖို့ဆိုတာ ကိုယ်ကအလုပ်နဲ့သက်သေပြရပါတယ်။ မိဘတွေရဲ့ယုံကြည်မှုကိုဘယ်တော့မှအလွဲသုံးစားမလုပ်ပါနဲ့။
ဘာလို့လည်းဆိုတော့ ယုံကြည်မှုဆိုတာ တစ်ခါပြိုလဲသွားရင် အရင်လောက်ဘယ်တော့မှပြန်မခိုင်တတ်ပါဘူး။

စာကြွင်း..မိဘတွေအားလုံးကိုရည်ရွယ်ပြီးရေးတာမဟုတ်ပါဘူး။ မိဘတွေရဲ့အတ္တကြောင့်ဘ၀ပျက်သွားရတဲ့ လူငယ်တွေအရမ်းများပြား
လာတာကြောင့်ဒီစာကိုရေးရတာပါ။ (ကျွန်တော့်တို့သားသမီးတွေရဲ့စိတ်ထဲမှာ မိဘတွေကိုကျေးဇူးဆပ်ဖို့အမြဲတမ်းရှိပါတယ်ဗျာ။
ကျွန်တော့်ရည်မှန်းချက်ဘာလဲလို့မေးရင် ကျွန်တော့်အဖေနဲ့အမေနဲ့ကို စိတ်ချမ်းသာကိုယ်ချမ်းသာထားနိုင်ဖို့ပါ။)

အဲဒိအတွက်အမြဲ ကြိုးစားနေတဲ့

မိုးရှင်း (I.M.T)

No comments:

Post a Comment