Monday, September 15, 2014

“အားရှိပါ၏”

၁။

နေသည် ပူပြင်းလွန်းလှသည်။ ထန်းကန်မှာ မိုးမရွာတာ ကြာပြီ။ မနှစ်ကတည်းက ခေါင်သည့်မိုးမှာ သည်နှစ်မှာလည်း ရွာမည့် အရိပ်အယောင် မရှိ။ မြေကြီးက ပက်ကြားအက်နေပြီ။ စိမ်းစိုနေသည့် အရာကို ပြပါဆိုလျှင် ကျောင်းအုပ်ဆရာကြီး၏ ပုဆိုးကိုသာ လက်ညှိုးထိုးပြရတော့မည်။ သည်ကျောင်းမှာက ဆရာတွေကလည်း ချို့တဲ့၊ ကျောင်သားတွေ အများစုကလည်း လက်လုပ်လက်စား မိသားစုကနေ ပေါက်ဖွားလာသူတွေချည်းပဲမို့ ကျောင်းစိမ်းလေးတွေပင် အသွေးအရောင် မစိုနိုင်။

နေပူပူကျဲကျဲအောက်တွင် ကားတာရာကို ဖိနပ်လုပ်စီးထားသော ကျောင်းသားတစ်ယောက် လက်နှစ်ဖက်မြှောက်ကာ မတ်တပ်ရပ်နေရသည်။ သူဝတ်ထားသည်က နွမ်းစုတ်နေပြီဖြစ်သော ကွက်ကျား ပုဆိုးကြမ်းတစ်ထည်။ ကျောင်းစိမ်းလုံချည် ဝတ်မလာခဲ့သဖြင့် ဆရာက ဒဏ်ပေးထားခြင်း ဖြစ်၏။ ပူပြင်းသော နေအောက်တွင် အချိန်ကြာမြင့်စွာ မတ်တပ်ရပ်နေရသည့် သူ့ကို နောက်ဖေးသွားသော ကျောင်းသူကျောင်းသားတွေက စပ်စုသွားကြသည်။ ဆရာတွေကလည်း ကွက်ကြည့် ကွက်ကြည့်။ သူမှာတော့ တစ်မနက်ခင်းလုံး ဒဏ်ပေးခံရထားသည်မှာ နေ့လည် ထမင်းစားကျောင်း ဆင်းချိန်အထိ။


၂။

“ဆရာ.. အခုနတုန်းက အပြင်မှာ ဒဏ်ပေးခံထားရတဲ့ ကျောင်းသားက ဆရာ့အခန်းကလား”

၇နှစ်တန်း အတန်းပိုင်း ဦးကျော်မောင်က သိသိလျက်နဲ့ မေးလာသည်။ မြင့်စိုးဆိုတာ မနှစ်တုန်းက ဦးကျော်မောင် အတန်းမှ ကျောင်းသား။

“ဟုတ်တယ် ခင်ဗျ”

ဆရာအောင်ချစ်က သူ့ထုံးစံအတိုင်း အနည်းငယ် ခပ်ပြတ်ပြတ်၊ သို့သော်လည်း ခပ်တိုးတိုး အသံဖြင့် ဖြေလိုက်သည်။

“ဘာဖြစ်လို့လဲဗျ”

“ဆရာကျော်မောင်လည်း မြင်တာပဲလေဗျာ။ ကျောင်းစိမ်း ပုဆိုးမှ ဝတ်မလာတာ”

“သြော်.. ဆရာကလည်း.. မြင့်စိုးတို့ အိမ်အခြေအနေလည်း သိရဲ့နဲ့ဗျာ။ ပြီးတော့ ကျွန်တော်တို့ ရွာကျောင်းမှာ ကလေးတွေ စာတတ်ဖို့က၊ ကလေးတွေ ဘာဝတ်ထားလဲ ဆိုတာထက် ပိုအရေးမကြီးဘူးလားဗျ”

“သူတကာ ကျောင်းစိမ်းဝတ်လာရင် သူလည်း ဝတ်ရမှာပေါ့။ ဒါက ကျောင်းစည်းကမ်းပဲ မဟုတ်လား။ သည်ကျောင်းမှာနေရင် သည်ကျောင်းစည်းကမ်းတော့ သူ လိုက်နာရမှာပေါ့”

“မြင့်စိုးက လူတော်ပါ ဆရာရယ်..။ သူ့ခမျာ ပညာကိုလည်း လိုချင်ရှာပါတယ်။ အခုဟာက ..”

“ကိုင်း.. ဆရာကျော်မောင်.. အလကား ရှေ့နေ့လိုက်နေရတာ မောရော၊ဆာရောပေါ့။ မြင့်စိုး ကိစ္စ ထားလိုက်စမ်းပါ။ နေ့လည်စာ စားကြရအောင်ပါဗျာ။ လာ.. ကျွန်တော် ဒီနေ့ ဟင်းပိုထည့်လာတယ်”

ဆရာနှစ်ယောက် အချီအချ စကားများနေရာမှ ဆရာအောင်ချစ်က စကားကို အတင်းဖြတ်ချလိုက်သည်။ ဆရာကျော်မောင်က ဘာမှ ဆက်မပြောတော့ပဲ သက်ပြင်းရှည်ကြီးကို ချလိုက်၏။ ပူပြင်းသော နွေအောက်တွင် ဆရာကျော်မောင်၏ သက်ပြင်းရှည်ကြီးသည် ပူလောင်လှပါသည်။ ထိုအရာထက် ပိုပြီး ပူလောင်နေသော အရာတစ်ခုလည်း ရှိလို့နေသည်။ ထိုအကြောင်းကိုတော့ ကာယကံရှင်မှ လွဲပြီး ဘယ်သူမှ မသိ။

၃။

ပုံမှန်အားဖြင့် အလယ်တန်းကျောင်းများတွင် မူလတန်းရော အလယ်တန်းပါ သင်လေ့ရှိသော်လည်း ဆရာအောင်ချစ်တို့ ရွာကျောင်းလေးမှာတော့ မူလတန်းမရှိပဲ အလယ်တန်းချည်း သီးသန့်သင်သည်။ ငါးတန်းမှ ရှစ်တန်းအထိကို ဆရာ၈ယောက်က သက်ဆိုင်ရာ ဘာသာရပ်အလိုက် အလှည့်ကျ ဝိုင်းသင်ကြသည်။ ထန်းကန်ရွာကျောင်း ဆိုပေမယ့် ထန်းကန်က ကျောင်းသားတွေတင် မဟုတ်ဘဲ ရွာနီးချုပ်စပ်က ကျောင်းသားတွေပါ လာတက်ကြသည်မို့ ကျောင်းသားဦးရေမှာ ၂၀၀ကျော် ရှိသည်။ ရွာကျောင်းလေး တစ်ကျောင်းအတွက် ၂၀၀ကျော်ဆိုသည့် အရေအတွက်မှာ များလွန်းသည် မဆိုသာသော်လည်း နည်းတော့ မနည်းလှ။

သို့သော်လည်း ငါးတန်းမှ ရှစ်တန်းအထိ အတန်းပိုင်သာ ပြောင်းမည်။ သည်ကျောင်းသား သည်ဘာသာရပ်ကို သည်ဆရာတွေချည်းကပဲ သင်ကြတာမို့ ကျောင်းသားတစ်ဦးတစ်ယောက်ချင်းအကြောင်း ဆရာတွေက နောကြေအောင် သိကြလေ၏။

မြင့်စိုးတစ်ယောက် သည်ကျောင်းကို စရောက်ကတည်းက ဆရာအောင်ချစ် သတိထားမိခဲ့သည်။ ကျောင်းအပ်သည့်နေမှာ နေအတော်မြင့်ပြီး ဆရာတွေ ပြန်ဖို့ ပြင်ဆင်ကြချိန်မှာမှ ထန်းခိုင်ကြီးတွေထမ်းကာ ရောက်ချလာသော မြင့်စိုးတို့ သားအဖတတွေကို ဆရာအောင်ချစ် မမေ့။ ကျောင်းအပ်ရန် ပိုက်ဆံ မတတ်နိုင်သဖြင့် မြင့်စိုးအဖေကိုယ်တိုင် ထန်းတက်ကာ လှီးလာသော ထန်းခိုင်များနှင့် သားအဖသုံးယောက်စလုံး ဆရာတွေကို ဝိုင်းကန်တော့ခဲ့ကြ၏။

မြင့်စိုးက တော်သည်။ ထက်မြက်သည်။ ကြိုးစားချင်စိတ်ရှိသည်။ သူ့မိဘတွေ ကျောင်းထားရကျိုးနပ်မည့် ကျောင်းသား။ တောက်မည့်မီးခဲတရဲရဲလို။ တစ်ခုခုဆို ချက်ချင်း သဘောပေါက်လွယ်သည်။ ဘယ်လောက်ခက်ခဲသည့် သင်္ချာပုစ္ဆာမျိုးကိုဖြစ်စေ ဘယ်တော့မှ အလျော့ပေးလေ့မရှိ။ အစွမ်းကုန် အားထုတ်တွက်ချက်လေ့ရှိသည်။ ဒါကြောင့်လည်း သင်္ချာသင်ကြားပြသရသည့် ဆရာအောင်ချစ်က မြင့်စိုးကို ငါးတန်းမှာကတည်းက သဘောကျသည်။ သို့သော် ထုတ်မပြ။ မိဘဆိုတာ သားသမီးကို ချစ်လို့နမ်းရင်တောင် သူတို့လေးတွေအိပ်မှ ခိုးနမ်းရတယ် ဆိုသလို ဆရာအောင်ချစ်ကလည်း မြင့်စိုးအပေါ် ဘယ်သောအခါမှ မျက်နှာသာမပေးခဲ့။ သည်ကောင်လေးကို ထွန်းပေါက်အောင်မြင်စေချင်သည်။ ထန်းကန် ဂုဏ်ဆောင်မည့် ကျောင်းသားတစ်ဦးဖြစ်စေချင်ရုံသာ မက၊ သူ့မိသားစုတစ်ခုလုံး၏ ဘဝလေးကိုပါ တိုးတက်ပြောင်းလဲစေနိုင်သည့် သားကောင်းတစ်ယောက် ဖြစ်စေချင်သည်။ မြင့်စိုးအဖေက ထန်းသမားမို့ မြင့်စိုးကြီးလာရင် ထန်းတက်ရမည့်အဖြစ်မျိုး မလိုလား။ အဖြစ်မခံနိုင်။ တပည့်တွေကို ပညာနှင့်ပဲ ထွန်းပေါက်စေချင်သည်မှာ ဆရာတိုင်း၏ စေတနာ။ သည်အညွန့်ဖူးလေးတွေကို တစ်ပင်ချင်း၊ တစ်ပွင့်ချင်း ရေလောင်းပေါင်းသင်ရသည်မှာ ဥယျာဉ်မှူးဆရာသမားတို့၏ အလုပ်။

သို့သော် မြင့်စိုးကံမကောင်းပါ။ မနှစ်က ထန်းစချိန်မှာ နုရင့်ကိုင်ရင်း ထန်းလျောကာ သူ့အဖေ ကိုဘကျော် သေသွားသည်။ နှစ်ကြီးထန်းသမားတစ်ယောက်ဆိုပေမယ့် ကံဖယ်တော့ ရိုးမယ်ဖွဲ့စရာမရှိ။ ထန်းပိုင်မဟုတ်သဖြင့် မြင့်စိုးတို့သားအမိ ထန်းတောဝိုင်းမှ ဖယ်ပေးရသည်။ မမယ်တင်က ဘာမှ မယ်မယ်ရရ လုပ်ကိုင်စားသောက်တတ်သူ မဟုတ်။ ကိုဘကျော် ရှိစဉ်က ပြောင်းဖူးဖက် ဆေးလိပ်လိပ်ရင်း၊ နွားစာစင်းရင်း၊ အိမ်အလုပ်လုပ်ရင်း ယောက်ျားကို မှီခိုသူ ဖြစ်သည်။ တစ်ခါတစ်လေ ခွာအိုးအစို၊ ထန်းရွက်အစို၊ ထန်းဆစ်ဖတ်အစိုတို့ကို ယောက်ျားဖြစ်သူနှင့်အတူ ကူညီကောက်ပေးတတ်သည်မှ တပါး ဝင်ငွေရမည့် အလုပ်မျိုးတော့ မယ်မယ်ရရ လုပ်ကိုင်ခဲ့ဖူးသူ မဟုတ်။ လင်သေတော့မှ သားတစ်ယောက်နှင့်အတူ မလုပ်တတ်၊ မကိုင်တတ် အိုးနင်းခွက်နင်း ဖြစ်ရတော့သည်။ သို့သော် မမယ်တင်ကလည်း ကိုဘကျော် မယားပီသ၏။ ဘောက်လုပ်ရင်း မြင့်စိုးကို ကျောင်းဆက်ထားသည်။

မည်သို့ပင်ဖြစ်စေ။ ခေါင်မရှိတော့သည့်အိမ်မှာ အမိုးမလုံနိုင်ပါ။ အမြဲတမ်း တက်ကြွဖျတ်လတ်နေသော မြင့်စိုး၏ သဏ္ဌာန်သည် ငြိုးငယ်စ ပြုပြီ။ နွမ်းနယ်လျပြီ။ ရေနည်းငါးတစ်ကောင်လိုပင်။ မလန်းဆန်းတော့။ မလတ်ဆတ်တော့။ ထက်မြက်သည့် သူ့အာရုံတွေက စာမှာ မရှိတော့ပါ။ စာသင်ချိန်တွင် မျက်ဝန်းတွေက အပြင်ကို ငေးလို့နေသည်။ တစ်ခါတစ်လေ မျက်ရည်တွေ ကျရင် ကျနေတတ်သေး၏။

“အဆင်ပြေရဲ့လား မြင့်စိုး”

ဆရာအောင်ချစ် ခေါ်မေးမိတော့

“ကျွန်တော် ဒီနှစ် ရှစ်တန်းအောင်သွားရင် ပင်းတလဲသွားပြီး အထက်တန်း တက်နိုင်တော့မှာ မဟုတ်ဘူးဆရာ .. ”

အဲသည်လို ပြောစဉ်က မြင့်စိုး မျက်ရည် မကျခဲ့ပါ။ သို့သော် အံတင်းတင်း ကြိတ်ထားသဖြင့် မေးရိုးတွေက တဆတ်ဆတ် တုန်နေသည်။

“တစ်နှစ်တောင် လိုသေးတယ်လေ မောင်မြင့်စိုး။ တစ်နှစ်အတွင်းမှာ ဘာမဆို ဖြစ်နိုင်တယ်။ ပြောင်းလဲသွားနိုင်တယ်။ မင်းအတွက် အရေးကြီးဆုံးက ပစ္စုပ္ပန်
မှာ အကောင်းဆုံး နေထိုင်သွားဖို့ပဲ”

“ဟုတ်ကဲ့ပါဆရာ”

ဟုတ်ကဲ့ပါ ဆိုသော်လည်း သူ့အသံတွေမှာ အားမပါတာ ဆရာအောင်ချစ် ကောင်းကောင်း သတိပြုမိသည်။ ဒီအညွန့်ဖူးလေး အသီးအပွင့်ဘဝမရောက်ခင် ညှိုးခြောက်သွားမှာ မလိုလားပါ။ သည်ကောင်လေး တက္ကသိုလ်ဝင်တန်း အောင်မြင်သွားသည်အထိ ထောက်ပံ့ထားနိုင်သည့်အင်အားလည်း ဆရာ့မှာက မရှိ။ သည်တော့ ဆရာအောင်ချစ် ဘာလုပ်ရမည်လဲ။ အကောင်းဆုံး အဖြေတစ်ခုကို ရှာတွေ့သွားသည့်အခါ ပြတ်သားသော ဆုံးဖြတ်ချက်နှင့်အတူ မျက်ရည်ပူတစ်ပေါက်က ဟောင်းစုတ်နေပြီဖြစ်သော သစ်သားစားပွဲပေါ်ကို ဖောက်ခနဲ ပြုတ်ကျသွားသည်။

ပန်းလေးတစ်ပွင့် လန်းတင့်စေနိုင်ဖို့ သွန်းလောင်းလိုက်သည့် ရေတစ်စက်လား။

၎။

“မြင့်စိုး.. သင်္ချာအိမ်စာတွေ ဘာလို့ မတွက်လာတာလဲ။ တစ်ခန်းလုံး တွက်ခဲ့တယ်။ မင်း တစ်ယောက်တည်းပဲ မတွက်လာခဲ့တာ။ ပြောစမ်း.. မင်းက ငါ့ကို သောက်ဂရုမစိုက်တာလား”

“မဟုတ်ဘူးဆရာ။ ကျွန်တော်ရှင်းပြ ”

“ပါးစပ်ပိတ်ထားစမ်း။ ဘာဆင်ခြေမှ ငါမကြားချင်ဘူး။ သွား.. အခန်းရှေ့ထွက်။ မြက်ပေါက်”

“ဟေ့ကောင် မြင့်စိုး.. မင်းမနေ့က ခွင့်မတိုင်၊ ဘာမတိုင် ဘာကိစ္စ ကျောင်းတစ်ဝက်နဲ့ အိမ်ပြန်သွားရတာလဲ။ မင်းရောက်နေတာ ရှစ်တန်း။ အစိုးရစစ်နော်။ ဘာများမှတ်နေလဲ။ စာသင်ကျောင်းကို မင်းဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်း ထွက်လို့ရတဲ့ နေရာများ မှတ်နေလား။ ဒါ ဇရပ် မဟုတ်ဘူး။ ကျောင်း ကျောင်း.. နားလည်လား။ သွား.. ကျောင်းမှာ ရှိရှိသမျှ အိမ်သာတွေ အကုန် ဆေးချေ ”

“ဟာ… ဒီကောင်.. မင်း ငါ့ကို ရွဲ့နေသလား။ ဒီနေ့ ပင်းတလဲက ဆရာတွေ လာစစ်မှာလို့ ငါပြောထားတယ်လေ။ ကျောင်းသားတွေ အကုန်လုံး သပ်သပ်ရပ်ရပ် ဝတ်ခဲ့ပါလို့ ငါ မမှာလိုက်ဘူးလား။ ဘာကိစ္စ ဒီလောက်စုတ်ပြတ်သတ်နေရတာလဲ။ မင်းအကျီင်္က အဖြူထည်လား၊ လက်နှီးသုတ်လား။ သွား.. အိမ်ပြန်လဲ။ နောက်တစ်ခါ ဒီလို မလေးမစား မသပ်မရပ်ပုံစံနဲ့ ငါ့ကျောင်းမလာနဲ့”

“ဟေ့ကောင် မြင့်စိုး.. ဘယ်မျက်ခွက်နဲ့ ဖိနပ်မစီးဘဲ ကျောင်းလာရတာလဲ။ မင်း တော်တော်မျက်နှာပြောင်ပါလား။ ဒါ ဘုန်းကြီးကျောင်း မဟုတ်ဘူး။ ဒါ စာသင်ကျောင်း။ သွား.. အပြင်ထွက်။ လက်နှစ်ဖက်မြှောက်ပြီး နေပူမှာရပ်”

မကြာခဏဆိုသလို မရိုးနိုင်အောင် ပြသနာရှာကာ ဒဏ်ဖိပေးတော့ တခြားဆရာတွေက ဆရာအောင်ချစ်ကို ငြိုငြင်စပြုပြီ။ ယခင်က သူတို့ ချစ်ကြောက်ရိုသေသော ဆရာကို ယခုတော့ ကျောင်းသားတွေကပါ မုန်းတီးကြောက်ရွံ့လာကြ၏။ ကျောင်းအုပ်ဆရာကြီးကအစ မသိမသာ သတိပေးစပြုပြီ။ သို့သော် ဆရာအောင်ချစ်က မြင့်စိုးကို ပြသနာရှာမြဲ ရှာသည်။

ဆရာဘာကြောင့် သည်လိုတွေ လုပ်နေရသလဲ။ ဆရာ အသိဆုံးဖြစ်၏။ တခြားသူတို့ကို မရှင်းပြလိုပါ။ ရှင်းပြလို့လည်း မဖြစ်။ ဆရာ့ကိုသာ မုန်းကြပါစေ။ သည်လိုတွေ လုပ်လျှင် ဒီအရာတွေကို ကြုံလာရမည်ဆိုတာ ဆရာ မသိခဲ့လို့မှ မဟုတ်ဘဲ။

တစ်ခါကြီးကတော့ ကျောင်းတော်တော်လေး နောက်ကျပြီးမှ ရောက်လာသော မြင့်စိုးကို ဆရာက နေပူမှာ ထိုင်ထလုပ်ခိုင်းနေစဉ် ဆရာ ချစ်ခင်စွဲလန်းရသော ဆရာမလေး လှမေက လာတားသည်။

“ဆရာရယ်.. သူ ထိုင်ထ လုပ်နေတာ ကြာလှပါပြီ။ သူ့ကို သွားခွင့်ပြုလိုက်ပါတော့နော်”

တိုးတိုး ညင်သာသော အသံလေးဖြင့်၊ အသနားခံသော အကြည့်လေးဖြင့် ချစ်ရသူလေး ကိုယ်တိုင် ပြောလာတော့ ဆရာ့စိတ်တွေ ယိုင်ချင်ချင် ဖြစ်သွားသေး၏။ သို့သော် ရည်ရွယ်ချက် မပျောက်စေရေးအတွက် တင်းခံလိုက်ရသည်။

“ ကျွန်တော့်ကိစ္စ ကျွန်တော် လုပ်နေတာပါ။ ဆရာမ ဝင်မပါ ပါနဲ့။ ကိုယ့်အလုပ်ကို လုပ်ပါ”

ခပ်တင်းတင်း ပြောချလိုက်သော ဆရာ့စကားအဆုံးတွင် ဆရာမလေး မျက်နှာမှာ တွတ်တွတ်နီအောင် ရဲသွားသည်။ ထို့နောက် ဘာတစ်ခွန်းမှ ပြန်မပြောဘဲ ခြေလှမ်းမှန်မှန်ဖြင့် ကျောခိုင်းထွက်ခွာသွား၏။ မာနကြီးသော ဆရာမလေး လှမေအကြောင်းကို ဆရာ အသိဆုံး ဖြစ်သည်။ ဆရာမလေးက ဆရာ့ကို နာကျည်းမုန်းတီးသွားပါပြီ။ မြင့်စိုးအကြောင်းတစ်လှည့်၊ ဆရာမလေးအကြောင်းတစ်လှည့် တွေးရင်း ရင်တွေ ကွဲကြေရသည်။ ဆရာမလေးကို သွားရှင်းပြလိုက်ရမလား။ နှလုံးသားက ခိုင်းစေသည်ကို ဦးနှောက်က ငြင်းဆိုခဲ့ပါ၏။

ဝေးကြရပြီပေါ့ အချစ်ရေ။ မပွင့်လန်းရသေးသော အချစ်ပန်းလေးသည် ပျိုးစေ့လေးဘဝမှာပဲ ကြေမွသွားခဲ့ရလေသည်။

၅။

“ဆရာအောင်ချစ်.. မြင့်စိုးကို အပြစ်မရှိ အပြစ်ရှာနေတာတွေ ရပ်တန်းက ရပ်ပါ။”

ကျောင်းအုပ်ဆရာကြီးက ပေါ်တင် သတိပေးလာပြီ။ ရွာထဲက လူတွေကလည်း ဆရာ့ကို အကြည်ညို ပျက်လာကြပြီ။ ဆရာတွေအချင်းချင်းကလည်း မခေါ်ပြောတော့။ ဆရာမလေးကဆိုလျှင် လှည့်ပင်မကြည့်တော့။ လမ်းမှာတွေ့လျှင်တောင် မမြင်ချင်ယောင် ဆောင်သွားခဲ့ပြီ။

“မြင့်စိုးကို မုဆိုးမသားမို့ တမင်သက်သက် နှိမ်နေတာတဲ့။ အရင်က သည်လောက် မဟုတ်ဘူးတဲ့။ ဒီနှစ် သူအတန်းပိုင် ကိုင်ရတဲ့ နှစ်မှတဲ့။ နှိမ်မှာပေါ့။ သူ့ကို မပေးမကမ်းလို့နေမှာ။ အသိသာကြီးပဲ။”

“ကျောင်းတက်နေလည်း သောက်ပိုပဲ။ စာကြိုးစားလည်း သောက်ရေးပါတာ မဟုတ်ဘူး။ အထက်တန်း တက်နိုင်မှာမို့လား။ ထန်းသမားသားက ထန်းသမားပဲ ဖြစ်မှာပေါ့။ ကျောင်းတက်မယ့် အစား ထန်းတက်ကျင့်ချေ။ ကျောင်းသား ကျောင်းစည်းကမ်း မလိုက်နာရင် မသေဘူး။ ထန်းသမား ထန်းစည်းကမ်းမလိုက်နာလို့ကတော့ မင်းအဖေနောက် ကားခနဲ လိုက်ရမှာပဲလို့ ပြောပြီး ဆဲနေတာတဲ့”

“အဲဆရာက မြင့်စိုးကို တအားနှိမ်တာပဲ။ ကျန်တဲ့ကျောင်းသားတွေကို အဲလောက် မဟုတ်ဘူး။ မြင့်စိုးတစ်ယောက်တည်းကို ညှိုးပြီး နှိမ်နေတာတဲ့ဟ။ ကလေးကို အပြစ်မရှိ အပြစ်ရှာနေတာတဲ့။ မြင့်စိုးဆိုတာက ကလေကဝ မဟုတ်ဘူး။ သူ့ဘာသာ ဆင်းရဲချင် ဆင်းရဲမယ်။ အသိရှိတယ်။ ထက်မြက်တယ်။ စာလည်း တော်တယ်ဟ။သနားပါတယ်”

ရွာထဲက စကားသံတွေကို ဆရာ ကြားပါသည်။ ရပ်ရွာက မြင့်စိုးကို သနားဂရုဏာသက်လာသည်နှင့်အမျှ ဆရာအောင်ချစ်ကို မုန်းတီးရွံရှာလာကြ၏။ မြင့်စိုးကို ရပ်ရွာက သတိထားမိလာရေး၊ မြင့်စိုး၏ နွမ်းပါးသော ဘဝအခြေနေကို ရပ်ရွာက ဂရုဏာသက်လာစေရေး၊ စာတော်သော မြင့်စိုး၏ ထက်မြက်မှု၊အလားလာရှိမှုတို့ကို ရပ်ရွာက အသိအမှတ်ပြုလာရေးသည် ဆရာ့အရေးဖြစ်သည်။ သည်အရာကို မြင့်စိုး၏ နာကျည်းမုန်းတီးမှု၊ ဆရာမလေး၏ ခါးသီးမှု၊ အားလုံး၏ စက်ဆုပ်မှုတို့နှင့် လဲယူခဲ့သည်။ သည်အရေးကို ကြိုတွေးခဲ့ပြီးသားမို့ မိမိနာမည်ကို မိမိကိုယ်တိုင် စတေးရသော်လည်း ဆရာအောင်ချစ် ကျေနပ်ပါသည်။

နောက်ဆုံးတွင် မြင့်စိုးတစ်ယောက် ရပ်ရွာက ထောက်ပံ့လိုက်သော စကောလားရှစ် ရသွားခဲ့၏။ အထက်တန်းကို ပင်းတလဲကျောင်းမှာ တက်နိုင်ရုံသာမက ပင်းတလဲက အိမ်တစ်အိမ်ကပင် မြင့်စိုး ကျောင်းပြီးသည်အထိ သူတို့နှင့်အတူတူ နေထိုင်ခွင့်ပေးသည်။ မြင့်စိုးဘဝ မနှိမ့်ကျတော့မှာ သေချာသွားလေပြီ။ မြင့်စိုး ဘဝ တကယ်ပင် မြင့်နိုင်တော့မည်။ ထန်းသမား ဖြစ်မှာ မဟုတ်တော့။ မခံချင်စိတ်ရှိသော မြင့်စိုးတစ်ယောက် ရပ်ရွာကထောင်ပေးသော လှေကားဖြင့် မြင့်သထက် မြင့်အောင် အားကြိုးမာန်တက် တက်လှမ်းတော့မည်မှာ အသေအချာ။

ဆရာအောင်ချစ်ကတော့ မိမိကို မနှစ်မြို့တော့ပြီဖြစ်သော သည်ရွာလေးကို စွန့်ခွာခဲ့ရ၏။ ထန်းကန်မှာ အချစ်နှင့်အတူ မိမိနာမည်လည်း ပျက်သုဉ်းကျန်ရစ်ခဲ့လေပြီ။ နယ်ပြောင်းခွင့်လျှောက်ပြီး တာဝန်ကျရာ နယ်မြေများတွင် အကောင်းဆုံး တာဝန်ကျေပွန်အောင် ထမ်းဆောင်နေခဲ့သည်။ ထန်းကန်ရွာလေးကို ဘယ်သောအခါမှ ပြန်မရောက်ဖြစ်တော့။ လူပျိုကြီး ဆရာကြီးတစ်ဦးဘဝမှာ တပည့်များ၏ ချစ်ခင်မှုကိုသာ အဖော်ပြုခဲ့၏။ ပီတိကိုစား အားရှိနေခဲ့၏။ စေတနာအကျိုးပေးမှုတို့ကြောင့်လေလား။ နှစ်ပေါင်း၂၀ကျော် ကြာမြင့်ပြီးသည့်နောက် မြစ်သားမြို့က အထက်တန်းကျောင်းတစ်ကျောင်းမှာ ဆရာအောင်ချစ်တစ်ယောက် ကျောင်းအုပ်ဆရာကြီးတစ်ဦး ဖြစ်လာခဲ့သည်။ ထိုကျောင်းမှာပင် ပင်စင်ယူသည်အထိ တာဝန်ထမ်းဆောင်ရင်း ပင်စင်စားဘဝကိုလည်း မြစ်သားနားက ရွာလေးတစ်ရွာမှာ အခြေချလိုက်တော့သည်။ ပင်စင်လစာလေးကို ခြိုးခြံချွေတာ စားသောက်ရင်း ရွာက ကလေးတွေကို ပညာဒါနတွေ တတ်နိုင်သလောက် ပြုနေသည့် ဆရာအောင်ချစ်၏ နိစ္စဓူဝ ဘဝမှာ စိတ်ချမ်းသာဖွယ်ရာအတိ။ သို့သော်လည်း မြင့်စိုးအကြောင်းတွေးမိတိုင်း ဆရာ့ရင်မှာ ဝမ်းနည်းမှုတို့က လှိုက်တက်လာတုန်းပင် ဖြစ်သည်။ ရင်နှင့်ရင်းခဲ့ရသည်မို့ ကြာခဲ့ပြီဆိုသော်လည်း မေ့နိုင်ပါမည်လား။ မြင့်စိုး တကယ်ပဲ အမြင့်ရောက်ခဲ့ရဲ့လား။ သည်အတွေးက ဆရာ့ရင်မှာ တအုံနွေးနွေး။

၆။

သည်ကနေ့တော့ နီးလျက်နှင့်ဝေးနေခဲ့သော မြစ်သားမြို့ပေါ်သို့ ဆရာအောင်ချစ် ရောက်လာရသည်။ ဆရာအောင်ချစ်တို့ အထက်တန်းကျောင်း၏ နှစ်၅၀ပြည့် ရွှေရတုပွဲနှင့် ဆရာကန်တော့ပွဲအခမ်းအနား။ သည် ရွှေရတုနှစ်ပတ်လည် မဂ္ဂဇင်းအတွက် အမှတ်တရ စာမူရေးသားရန် တောင်းဆိုမှုကြောင့် ကဗျာရှည်တစ်ပုဒ်တောင် ဆရာ ရေးဖွဲ့ခဲ့သေးသည်။ ပင်စင်ယူပြီးသည့်နောက် သည်ကျောင်းကို ပြန်မရောက်ဖြစ်တာ ၁၀နှစ်ကျော် ကြာခဲ့ပြီမို့ ကျောင်းမှာ ဘယ်သူတွေ ကျန်နေသေးသလဲဆိုတာ မပြောနှင့်၊ လက်ရှိကျောင်းအုပ် ဘယ်သူလဲပင် ဆရာ မသိတော့။

ဆရာကန်တော့ပွဲမှာ လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ချို့နှင့် ပြန်လည်တွေ့ဆုံရသည်။ တစ်ချို့က လမ်းလျှောက်တုတ်နှင့်၊ တစ်ချို့က ဘီးတပ်ကုလားထိုင်နှင့်။ တစ်ချို့က တစ်ယောက်ကိုတစ်ယောက် မမှတ်မိ။ တစ်ချို့ကတော့ ဘယ်သူ့ဘယ်သူကိုမှ မမှတ်မိ။ ဆရာကတော့ သင်္ချာဆရာပီပီ မှတ်ဥာဏ်မချို့ယွင်းသေးပါ။ သို့သော် ဇရာကြောင့် ခန္ဓာကတော့ စိတ်ဆောင်သလို မလိုက်နိုင်တော့။ တွဲကျနေသော အရေတို့က အရိုးပေါ်မှာ ကပ်နေသည်။ လူပုံစံက တုန်ချိချိ။ ကိုယ့်ကိုယ်ကို အားမလို အားမရတွေ မဖြစ်တော့ဘဲ တရားသဘောဖြင့် ဆင်ခြင်နေတတ်ခဲ့သည်မှာ ကြာပြီ။

ဆရာ့ကို ရှေ့ဆုံးတန်း၏ အလယ်ကျကျမှာ နေရာချပေးသည်။ ထို့နောက် အခမ်းအနားမှူးက အမှာစကား ပြောကြား၏။ အဲသည်နောက် လက်ရှိ ကျောင်းအုပ်ဆရာကြီးမှ အမှာစကား ပြောကြားသည်။ နားအနည်းငယ် လေးနေပြီမို့ သေသေချာချာ နားစိုက်ထောင်ပါမှ ဆရာအောင်ချစ် ကြားနိုင်တော့သည်။ ထို့ကြောင့် ကျောင်းအုပ်ဆရာ နာမည်ကို သေသေချာချာမကြားလိုက်ရ။ ဘေးနားက ဆရာကို မေးကြည့်တော့ သူလည်း မကြားလိုက်တဲ့။ သည်အတွက် နှစ်ယောက်သား ပြုံးမိသေးသည်။

အမှာစကား ပြောကြားနေသော ကျောင်းအုပ်ဆရာ၏ မျက်နှာကိုသာ ငေးကြည့်နေမိ၏။ လူပုံက ခပ်ငယ်ငယ်။ အသက်၄၀ကျော်လောက်ပင် ရှိဦးမည်။မျက်ဝန်းတွေက စူးရှလွန်း၏။ ပညာတတ်တစ်ယောက် ပီသသော ဟန်ပန်တွေ သူ့မှာ အပြည့်။ သည်မျက်ဝန်းတွေကို မြင်ဖူးသလိုလို ရှိနေသည်။ ပြန်စဉ်းစားကြည့်တော့ မရ။ ထားပါတော့လေ။ လူတူသူမရှားတွေ ပေါလှသည်ပဲ။

ဆရာကန်တော့ပွဲ အခမ်းအနား စတင်ပြီ။ ဆရာတွေကို တန်းစီကန်တော့ကြတော့ ကျောင်းအုပ်ဆရာပေါက်စက ဆရာအောင်ချစ်ရှေ့မှာ ဒူးတုပ်ပြီး ကန်တော့သည်။ ပြီးတော့ သူက ခပ်တိုးတိုးမေး၏။

“ကျွန်တော့ကို မှတ်မိလား ဆရာ”

“ဘာပြောလိုက်သလဲ။ ကျယ်ကျယ်ပြောပါကွ။ ဆရာက အသက်ကြီးတော့ နားတွေ လေးနေပြီ။”

ဆရာအောင်ချစ်က ရယ်ရင်း ခပ်လေးလေး ပြောတော့

“ကျွန်တော့်ကို မှတ်မိလား ဆရာ” ဟု သူက ခပ်ကျယ်ကျယ် ထပ်မေး၏။

“အေးကွ… မြင်ဖူးသလိုလို အရှိသားလို့ ကြည့်နေတာပဲ။ ဘယ်သူလဲတော့ ဆရာ မမှတ်မိတော့ပါဘူးကွာ ”

“ ဆရာ.. ကျွန်တော် မြင့်စိုးပါ ဆရာ။ ဆရာအနစ်နာခံပြီး မြေတောင်မြှောက်ပေးလိုက်တဲ့ မြင့်စိုးပါ”

မထင်မှတ်ထားသော စကားကြောင့် ဆရာအောင်ချစ် ကြက်သေ သေသွား၏။ မိမိမျက်စိရှေ့က ကျောင်းအုပ်ဆရာပေါက်စက မြင့်စိုးတဲ့။ ထန်းကန်က မြင့်စိုး။ မေ့နိုင်ပါ့မလား တပည့်ရယ်။

တင်းတင်းစေ့ထားသော ဆရာအောင်ချစ် နှုတ်ခမ်းမှ ဘာစကားမှ ထွက်ကျမလာခဲ့ပါ။ တုန်ယင်နေသော မေးရိုးများက ဆရာ့ခံစားမှု အဟုန် ကြီးမားကြောင်းကို သက်သေပြနေကြသည်။ ထို့နောက် မျက်ရည်ပူတွေက ဆရာ့ပါးပြင်ထက်မှာ ထွေထွေ စီးကျလာကြ၏။

သည်အဖြစ်ပျက်ကို နားမလည်စွာ ကြည့်ရှုငေးမောနေသော တခြားဆရာတွေကို ဆရာမြင့်စိုးက ဖြစ်ကြောင်းကုန်စင်အောင် ရှင်းပြလိုက်သည်။

ဆရာမြင့်စိုးစကားဆုံးတော့ စေတနာမှန်ကို သိနားလည် သဘောပေါက်ခဲ့သည့် ဆရာမြင့်စိုးကိုရော၊ ကျောင်းသားဘဝကောင်းစားရေးအတွက် မိမိအနစ်နာခံကာ မိမိကိုယ်ကို စတေးခဲ့သော ဆရာအောင်ချစ်ကိုရော လူတိုင်းက ချီးမွမ်းကြ၏။

ဆရာအောင်ချစ်က ပီတိမျက်ရည်တွေ မဆည်နိုင်အောင် ဖြစ်နေသေးသည်။ ဆရာမြင့်စိုးကတော့ သူ သည်လိုမျိုး သဘောပေါက်လာဖို့ နှစ်တွေ အတော်ကြာခဲ့သည့်အကြောင်း ဝန်ခံ၏။

“ဆရာ့စေတနာကိုလေ ကျွန်တော်ကိုယ်တိုင် ဆရာဖြစ်လာမှ ရေးရေးလေး သဘောပေါက်လာခဲ့တာ။ အဲသည်နောက်တော့ သေချာသထက် သေချာလာခဲ့တော့တာပဲ။ အဲဒီအချိန်ကစပြီး ကျွန်တော် တစ်သက်လုံး နာကျည်းမုန်းတီးခဲ့တဲ့ ဆရာ့ကို ညတိုင်း ကန်တော့ပြီးမှ အိပ်ရာဝင်ပါတယ်။”

ဆရာမြင့်စိုး ပြောသမျှကို ဆရာအောင်ချစ်က နားစိုက်ထောင်ရင်း မျက်ရည်တွေဖြင့် ပြုံးနေသည်။

“ကျွန်တော့်ကို တစ်ခုခု ပြောပါဦးလား ဆရာ”

ဆရာမြင့်စိုးက အသနားခံသည်။ တခြားဆရာတွေကလည်း အတင်း တိုက်တွန်းကြ၏။ ထိုအခါတွင် ဆရာအောင်ချစ်နှုတ်ဖျားမှ စကားတစ်ခွန်း ထွက်ကျလာခဲ့လေသည်။

“မောင်မြင့်စိုး အဆင်မှပြေသွားရဲ့လားလို့ ဆရာ့ရင်မှာ တအုံ့နွေးနွေး ဖြစ်ခဲ့ရသမျှ၊ တစ်သက်လုံး ခံစားခဲ့ရသမျှ အခုတော့ စိတ်အေးသွားပါပြီကွာ။”

အဲသည်စကားဆုံးတော့ ကြည်နူးပီတိတွေကိုယ်စီနှင့် ပြုံးနေကြသည့် ဆရာတွေအကုန်လုံး ကိုယ်စီကိုယ်ငှ မျက်ရည်လေးတွေ စို့တို့တို့။

လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်

No comments:

Post a Comment