Monday, August 18, 2014

အာ ဇာ နည် ဗိမာန်

“ အောင်ဆန်း မသာအတွက် …
ငါတော့…ငွေတမတ်မတတ်နိုင်ဘူး။
ဒီကဗျာတပုဒ်သာယူသွားပါကွာ …။ ”
သခင်နုကိုပြောနေသောဆရာကြီး၏
မျက်ဝန်းမှာ မျက်ရည်စတွေနဲ့…။


သြော်..အဆောင်ဆောင်နန်းတွေ
ကြငှာန်းတွေနဲ့နှော …
အခေါင်မမြန်းခင်က
အောင်စာတမ်း ချို့စေဖို့
အောင်ပန်းညှိုး ရရှာတဲ့ …
တောင်တမန်း တို့ဗမာမှာ
အဟောင်းသံသရာ အငုတ်တွေနှင့်
အောင်ဆန်းတို့ မသာမယာဟာ
၎င်းကံကြမ္မာ အလုပ်ပေထင့် …
သောင်းမြန် မရဏာစမုတ်မှာတော့
ချုပ်သနှင့် ယင်းအလိုတွင် ဒေါင်းအလံ
ပဝါအုပ်ပါလို့ … ကျုပ်ဖြင့်… သင်္ဂြိုဟ်ချင် … ။

တနေ့ကတင်မှ ပြောသွားတဲ့
တပည့်ဖြစ်သူရဲ့ ပုံရိပ်လွှာ …

“ ဆရာကြီးမျှော်မှန်းထားတဲ့လွတ်လပ်ရေးကို
တစ်နှစ်အတွင်းရအောင်ကျွန်တော်ကြိုးစားနေပါတယ်။
ဒီအတောအတွင်း …ဆရာကြီးဘာမှမလုပ်ပါနဲ့ဦးခင်မျာ။ ”

ဗိုလ်ချုပ်ကထိုသို့ပြောလေသော် …
ဆရာကြီးက …
“ ဟေ့...အောင်ဆန်း..!
မင်းကဆရာလား..ငါကဆရာလား.?”

ဆရာကြီး၏ခပ်ထန်ထန်စကားကို
ကြားလေသော်..ဗိုလ်ချုပ်သည်
စိတ်မကောင်းစွာဖြင့်...

“ ဆရာကြီး တခြားလူ ဘယ်သူပြောပြော
ကျွန်တော်စိတ်မထိခိုက်ဘူး။
ဆရာကြီးတစ်ခွန်းပြောရင် ပြောသလို
ကျွန်တော်စိတ်ထိခိုက်ပါတယ်။
ကျွှန်တော်ကတိပေးတဲ့အတိုင်းဖြစ်မလာရင်
ဆရာကြီးလုပ်ချင်တာလုပ်ပါ။ ”

ဗိုလ်ချုပ်ကတောင်းပန်လေသောအခါ
ဆရာကြီးလဲစိတ်ဆိုးပြေသွားပြီး..

“ အေးပါကွာ…
မင်းပြောသလို ငါစောင့်ကြည့်ပါ့မယ်..။”

အခုတော့ ...

သြော်..တပည့်အရင်းတွေမို့
ကဝိ မတင်းနိုင်ဘူးကွဲ့
သတိကင်းကာ မျက်ရည်ကျ…ကျပြီး
ခက်ကပြီ လက်ဆည်လို့ မရနိုင်ဘု
သောက ဘလောင်ဆူတော့...။

ပြည်ထဲရေးဝန်ကြီး စီစဉ်သလို
လက်ခံခဲ့မည်ဆိုပါလျှင် …
ဒီလိုအဖြစ်ဆိုးကြုံလိမ့်မည် မဟုတ်။

“ ကျုပ်အတွက်ဘာမှမလိုဘူး …
ကျုပ်ကိုပြည်သူကချစ်ပါတယ်ဗျာ။”

သူချစ်တဲ့တိုင်းပြည်...သူချစ်တဲ့ပြည်သူ
သူချစ်တဲ့မိသားစု...သူချစ်တဲ့ရဲဘော်တွေ
၁၉၄၇ ခုနှစ်-ဇူလိုင်လ-၁၉ရက်-စနေနေ့
နံနက်(၁၀း၃၀)မိနစ် အချိန်တွင်
အားလုံးကို အပြီးတိုင်နှုတ်ဆက်လို့...။

သုဿန်တံခွန် စောင်းရရှာတဲ့
ရုပ်အကျန် ခုနှစ်လောင်းရယ်နှင့်
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်
အာဇာနည် ဗိမာန်ပုထိုးကိုဖြင့်
ပါရမီ အဓိဋ္ဌာန်တမျိုးရယ်နှင့်
ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့ ။

မြန်မာ မတော့ ပူစရာဖို့
လူ မသမာ အမှောင်သန်းချိန်မို့
သောင်ကမ်းမို့မို့ဆီက ဖောင်နန်းကတို့နှင့်
အကြေဒဂုန်တည်းဟူသော ရေစုန်မျှောလေရဲ့ …
သြော်...တောင်နန်းမြောက်နန်း
အဆောင်ဆောင်ကြငှာန်းနဲ့
အခေါင်မမြန်းရခင်က
အောင်ပန်းညှို့း ရရှာတဲ့
အောင်ဆန်းတို့ သေပုံနှမျော ...။ ။

သခင်ကိုယ်တော်မှိုင်း

မူရင်းတင်ပေးသူ ကိုတင် ကိုကို

No comments:

Post a Comment