ဂျပန်တွေက ငါးအစိမ်းစားရတာကိုနှစ်သက်တဲ့ လူမျိုးဖြစ်တယ်။ 
နှစ်စဉ်နှစ်တိုင်း ဆိုက်ဘေးရီးယားကနေ ရေနက်ငါးအများအပြား ဂျပန်နိုင်ငံကို 
တင်သွင်းခဲ့ကြပါတယ်။ ဒါပေမယ့် ငါးတွေဟာ 
လေယာဉ်ခန်းရဲ့ လှုပ်ခါမှုဒဏ်ကို မခံနိုင်ခဲ့ကြပါဘူး။ ဒါကြောင့် 
လေယာဉ်နဲ့တင်ပို့ချိန်မှာ လေယာဉ်မူးဒဏ်ကြောင့် ငါးတွေဟာ ၄ဝ%လောက် 
သေဆုံးကုန်ကြလို့ နစ်နာဆုံးရှုံးမှုတွေများခဲ့တယ်။
 
 နောက်ပိုင်းမှာ 
ငါးထည့်ထားတဲ့သေတ္တာထဲ ဂဏန်းထည့်ပါလို့ တစ်စုံတစ်ယောက်က အကြံပြုခဲ့ပါတယ်။ 
ဒါဟာမဖြစ်နိုင်ဘူး... ဂဏန်းဆိုတာ ငါးရဲ့ရန်သူ၊ ဒါဟာ ငါးတွေကို 
တမင်သေအောင်ဖန်တီးနေတာလို့ တချို့ကဝေဖန်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် 
ငါးတွေသေမယ့်အတူတူ စမ်းကြည့်မယ်ဆိုပြီး ငါးသေတ္တာထဲ ဂဏန်းကိုထည့်လိုက်တာ 
ငါးတွေရဲ့သေနှုန်းဟာ ၅%လောက်ပဲရှိတော့တာကို တွေ့ခဲ့ရပါတယ်။
 
 
ငါးတွေမှာလည်း စိတ်ပညာရှိနိုင်ပါတယ်။ ဂဏန်းရဲ့တိုက်ခိုက်မှုကိုခံရတဲ့အခါ 
ငါးတွေဟာ သတိရှိလာကြတယ်။ လေယာဉ်မူးတာကိုလည်း မေ့သွားပုံရပါတယ်။ 
တိုက်ခိုက်မှုကို ရင်ဆိုင်ကာကွယ်လိုစိတ်ရှိနေတော့  သာမန်အချိန်ထက် 
အင်အားတွေလည်း 
 မြင့်တက်လာခဲ့တော့တယ်။ ငါးအနည်းငယ်လောက်သာ ဂဏန်းကိုက်ဒဏ်ကြောင့်
 သေပွဲဝင်ခဲ့ရပေမယ့် ငါးအများစုကတော့ တက်ကြွခုန်လှုပ်နေခဲ့ပါတယ်။ 
ဒီလိုတက်ကြွခုန်လှုပ်နေတာဟာလည်း ငါးအသားတွေကိုကျစ်လစ်စေသလို ပိုလတ်ဆတ်ပြီး 
နဂိုထက်အရသာပိုကောင်းမွန်စေတယ်လို့ ဆိုပါတယ်။
 
 ဒါကို လူတချို့က 
ဒီလိုဒဿနထုတ်ခဲ့ပါတယ်။ ဂဏန်းဟာ လူ့ဘဝမှာတွေ့ကြုံရတဲ့ အခက်အခဲ၊ 
ဆင်းရဲဒုက္ခဖြစ်တယ်။ လူတချို့က ဒီလိုအခက်အခဲ၊ ဆင်းရဲဒုက္ခကြောင့် 
လဲပြိုကြပေမယ့် တချို့က အခက်အခဲတွေကိုတွန်းလှန်ဖို့ တိုက်ရည်ခိုက်ရည်တွေကို
 ပိုလှုံ့ဆော်နိုင်ခဲ့ကြတယ်။ သတ္တိတွေပိုရှိခဲ့ပြီး အင်အားတွေ 
ပိုဖွံ့ဖြိုးခဲ့ကြတယ်။ သက်တောင့်သက်သာ မပူပြင် မကြောင့်ကျတဲ့ဘဝမှာနေသူတွေက 
အတွေးလမ်းတွေကို ပိတ်လိုက်နိုင်သလို အန္တရာယ်ကျရောက်မှန်းလည်း 
မသိနိုင်ကြပါဘူး။ ဦးတည်ချက်တွေ အလွယ်တကူ  လမ်းကြောင်းမှားနိုင်ပါတယ်။ 
လူတိုင်းက သက်တောင့်သက်သာဘဝကို ရလိုကြတာပါပဲ။ ဒါပေမယ့် 
အရာအားလုံးဖြောင့်ဖြူးနေရင် ပိုသတိထားရပါတယ်။
 လေယာဉ်မူးခြင်းဆိုတဲ့လှိုင်းက ငါးတွေကိုသေစေမယ့် ရှေ့ပြေးနိမိတ်ဖြစ်ခဲ့လို့ပါပဲ။
 
 ×××××
 
 မူရင်းရေးသားသူ -- Yè tè shēng (叶特生 )
 မူရင်းလင့် -- http://www.85nian.net/rensheng/4224.html
 
 နိုင်းနိုင်းစနေ
No comments:
Post a Comment