ကျွန်တော့် သူငယ်ချင်းတွေက အမျိုးသမီးလေးတွေ ကိုယ်စီကိုယ်စီရဲ့ ဆွဲခေါ်ရာနောက်ကို ရယ်မော လိုက်ပါရင်း လှေကားအတိုင်း အပေါ်ထပ် တက်သွားကြပြီ။ သူတို့ကို မော့ကြည့်လိုက်တော့ သူတို့ထဲက တစ်ယောက်က ကျွန်တော့်ကို ငုံ့အကြည်နဲ့ ဆုံတယ်။ အဲဒီကောင်က နဂိုကတည်းက ပြောင်ချော်ချော်ဆိုတော့ လက်ခလယ်ထောင်ပြပြီး မထိတထိ စသွားတယ်။
တော်တော်လည်း အပျော်အပါးမက်တဲ့ ကောင်တွေ။
လေပူတစ်ချက်ကို ဖူးခနဲ မှုတ်ထုတ်လိုက်ပြီး ကျွန်တော့်အကြည့်တွေကို တေးဂီတစင်ပေါ် ပို့လိုက်တယ်။
အဲဒီမှာတင် စင်ပေါ်မှာ စောစောက တွေ့လိုက်တဲ့ အပြာရောင်လေး မဟုတ်ဘဲ အနီရောင်လေး ဖြစ်နေတာကို တွေ့လိုက်ရတယ်။ အနီရောင်လေးက မိုက်ကရိုဖုန်းရှေ့မှာ ရပ်နေပြီး ငြိမ့်ညောင်းစွာ ထွက်ပေါ်နေတဲ့ တေးသံစဉ်လေးနဲ့အတူ ယိမ်းနွဲ့နေတယ်။
၂။
ကျွန်တော် ရောက်နေတဲ့ နေရာက ဂွမ်တာနာမိုမြို့ကလေးရဲ့ အရက်ဘားတစ်ခုပါ။ ကျွန်တော်တို့ သင်္ဘောဆိုက်ကပ်တဲ့ ဆိပ်ကမ်းက ဒီမြို့ကလေးကနေ ကီလို၆၀လောက် အကွာမှာ ရှိတယ်။ ဒီဒေသခံ သူငယ်ချင်းတစ်ယောက်ရဲ့ ဖိတ်ခေါ်မှုကြောင့် ကျွန်တော်တို့ တစ်သိုက် ဒီဘက်ကို ခြေရှည်လာခဲ့တာပေါ့။ ကျွန်တော့်သူငယ်ချင်းတွေကတော့ သင်္ဘောပေါ်ကနေ မဆင်းခင်ကတည်းက ဒီအရက်ဘားကို သွားမယ် တကဲကဲ ဖြစ်နေခဲ့ပြီ။
ဟိုကောင်ရဲ့ အဆွယ်ကောင်းမှုကြောင့် ကျွန်တော့်ကောင်တွေက ဒီဘားမှာ အလုပ်လုပ်တဲ့ ကောင်မလေးတွေကို မမြင်ဘူးခင်ကတည်းက အကြင်နာတွေ ပေးချင်နေကြပြီလေ။ ကောင်မလေးတွေကလေ ဘယ်လိုချောတာ၊ ဘယ်လို ဖော်ရွေတာ၊ ဘယ်လို အပြုအစုကောင်းတာလို့ ပြောတိုင်း ပါးစပ်တွေ အဟောင်းသားနဲ့ သူတို့တတွေက နားထောင်နေခဲ့ကြတာပေါ့။
ကျွန်တော့်ကိုတော့ အကြောင်းသိဖြစ်နေလို့ ထင်ပါရဲ့ ။ သူက ကျွန်တော် နှစ်သက်တဲ့ အရာနဲ့ အပိုင်ချုပ်တယ်။
“မင်းဘာသာ ကောင်မလေးတွေနဲ့ မပျော်ပါးချင်လည်းနေ၊ ဂီတတော့ လိုက်ခံစားလှည့်၊ အဆိုကော၊အတီးကော သိပ်ကောင်းကြတယ်”
ဒီလိုနဲ့ပဲ ဒီနေရာကို ကျွန်တော် ရောက်လာဖြစ်တယ် ဆိုပါတော့။
ကျွန်တော်တို့ ရောက်သွားတဲ့အချိန်က နေဝင်ရီတရော အချိန်။ တေးဂီတအဖွဲတောင် မတီးခတ်သေးဘူး။ အထဲမှာ ငြိမ့်ညောင်းတဲ့ ဂီတသံစဉ်တစ်ခုကို ခပ်တိုးတိုးလေး ဖွင့်ထားတယ်။ နေရာတိုင်းလိုလိုဟာ မှောင်ရိပ်ကျနေပြီး ဘားကောင်တာတစ်ခုထဲပဲ အဝါရောင်မီးတွေနဲ့ လင်းလင်းကျင်းကျင်း ရှိလေရဲ့။
ဂီတစင်နဲ့ မလှမ်းမကမ်းက နေရာကောင်းတစ်ခုမှာ ကျွန်တော်တို့ ထိုင်လိုက်ရုံရှိသေး၊ အမျိုးသမီးလေးတစ်သိုက်က သူ့ထက်ငါဦးအောင် အပြေးအလွှား ရောက်လာပြီး ကျွန်တော်တို့ရဲ့ ဘေးမှာ အလုအယက် အတိုးအဝှေ့ ဝင်ထိုင်ကြတယ်။
ရောင်စုံမိတ်ကပ်တွေ ခြယ်သထားတဲ့ သူတို့ရဲ့ မျက်နှာလေးတွေက တကယ့်နုနုလေးတွေ။ ဖူးရွလှပနေတာပဲ။ မွှေးလိုက်ကြိုင်လိုက်တာလည်း လွန်ပါရော။ သူတို့ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်ညီတဲ့ အဝတ်အစားတွေကိုလည်း သေချာရွေးချယ်ပြီး ဝတ်တတ်ဆင်တတ်ပါရဲ့။ သူတို့တွေရဲ့ အပြုအစု ကောင်းသလား၊ မကောင်းဘူးလား မသိခင်မှာပဲ ပုရိသတွေဟာ သူတို့ရဲ့ အလှအပမှာတင် ကြွေသွားမှာ သေချာတယ်။
သူတို့ ဝင်ထိုင်ပြီးပြီးချင်းပဲ စားပွဲထိုးတွေက ဘီယာပုလင်းတွေ လာချတယ်။ သူတို့ရဲ့လှပတဲ့ လက်ချောင်းတွေက ဘီယာပုလင်းတွေကို သွက်သွက်လက်လက် ဖွင့်ရင်း အလုပ်ရှုပ်သွားကြတယ်။ ပြီးတော့ တစ်ခွက်စီငှဲ့ပြီး ကျွန်တော်တို့ကို ကမ်းပေးတယ်။
သူတို့ကိုယ်တိုင်အတွက်လည်း တစ်ခွက်စီငှဲ့ပေါ့။ အရည်လေး ဝင်ကာစပဲရှိသေး တစ်ချို့က ပေါင်ပေါ်တက်ထိုင်လို့ တက်ထိုင်၊ ပြီးတော့ အကျီအပေါ်ကြယ်သီးတွေ ဖြုတ်ပေးလို့ ဖြုတ်ပေး၊ တစ်ချို့များဆို ရဲတင်းလိုက်တာများ ချက်ချင်းကို အနမ်းရှည်ကြီးတွေနဲ့ အရူးအမူး လုပ်ပြနေကြတယ်။ ကျွန်တော့် ဘော်ဒါတွေက သဘောတွေ အကျကြီး ကျနေတော့တာပေါ့။ ခေါ်လာပေးတဲ့ သူကတော့ ဘယ်နှယ့်ရှိစ ဆိုတဲ့ ပုံစံမျိုးနဲ့ မျက်ခုံးကြီးချီလို့ ပြုံးနေတယ်။
ကျွန်တော့်ဘေးမှာ လာထိုင်တဲ့ ကောင်မလေးကလည်း ခပ်သွက်သွက်ပါပဲ။ ကျွန်တော့် အင်္ကျီအပေါ်ကြယ်သီးကို ဖြုတ်ပေးမို့ လည်ပင်းဆီ လက်လှမ်းလာတယ်။
“ကိုယ် ဂီတကိုပဲ ခံစားချင်တာပါ။ သောက်ရင်း စားရင်းပေါ့”
သူ့လက်ကို ဆီးတားလိုက်ရင်း ဘီယာခွက်ကို ကိုင်မြှောက်ထားလျက်က ဂီတစင်ဖက် မေးထိုးပြီး ပြောလိုက်တော့ သူမလက်တွေဟာ လေထဲမှာတင် ရပ်တန့်သွားတယ်။ ပြီးတော့ မျက်လုံးလေး အဝိုင်းသားနဲ့ နားမလည်စွာ လှမ်းကြည့်နေတယ်။
“ကိုယ်က အချစ်နဲ့ပတ်သတ်တဲ့အရာတွေကို အချစ်မပါဘဲ မခံစားတတ်လို့ပါ”
သူမက ကျောက်ရုပ်လေးလို ငြိမ်သက်သွားတယ်။
“မင်းက ဆွဲဆောင်မှု ရှိပါတယ်။ ဒါပေမယ့် ကိုယ်က ဂီတကို ပိုမက်မောလို့ပါ။ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း သစ္စာမဖောက်ချင်လို့။”
သူမက သက်ပြင်းလေး ချပြီး ပြုံးတယ်။ ဘာမှမပြောတော့ပဲ တစ်ဝက်ကျိုးနေပြီဖြစ်တဲ့ ကျွန်တော့်ခွက်ထဲကို ဘီယာတွေ ထပ်ငှဲ့ပေးနေတယ်။
ကျွန်တော်ကောင့်တွေကို လှမ်းကြည့်လိုက်တော့ သူတို့ရဲ့ အမျိုးသမီးလေးတွေနဲ့ အကြည်ဆိုက်နေကြတာကို တွေ့ရတယ်။
တအောင့်လောက်ကြာတော့ တေးဂီတ စင်ပေါ်ကို အတီးသမားတွေ တက်လာကြတယ်။ ကိုယ်စီကိုယ်စီ မိတ်ဆက်စကားပြောပြီး အဖွင့်အနေနဲ့ သီချင်း တစ်ပုဒ်ကို စတင် တီးခတ်တယ်။ သီချင်းသံစဉ် တစ်ပုဒ်ဆုံးသွားတော့ ဖဲသားအပြာရောင် ဝတ်စုံသေးသေးလေးကို ဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ယောက်က စင်ပေါ်တက်လာပြီး အင်္ဂလိပ်သီချင်း တစ်ပုဒ်ကို စတင် သီဆိုတယ်။
ဟိုကောင် ညွှန်းလည်းညွှန်းလောက်ပါရဲ့။ အတီးကော၊ အဆိုကော သိပ်ကောင်းလိုက်တာ။ ပြီးခဲ့တဲ့ လတုန်းက ဆိုက်ပရပ်စ်မှာ နားထောင်ခဲ့ရတာထက် ပိုကောင်းတယ်။
“နားထောင်လို့ ကောင်းလိုက်တာ”
ကျွန်တော့်ဘေးက သူမကို လှည့်ပြောတော့ သူမက ရယ်မောရင်း ခေါင်းငြိမ့်တယ်။
“ဒါတောင် ပဏာမပဲ ရှိသေးတာ.. တကယ့်အဆိုကျော်က မလာသေးဘူး။ သူ့ကိုမြင်ရင် မင်း ကြွေသွားမှာ”
သူမက ပြောရင်း ရယ်ပြန်တယ်။
“မင်း တော်တော် အရယ်သန်တာပဲ”
“အဲတာ မကောင်းဘူးလား။ ပျော်ပျော်နေသေခဲလေ။ ငါ့မျက်နှာ ရွှင်ရမှာပေါ့။ ငါ့မျက်နှာကြီးက ကျက်သရေမရှိရင် ငါ လာဘ်ပိတ်သွားမှာပေါ့”
ကျွန်တော်တို့ စကားကောင်းနေစဉ် ကျွန်တော့်ဘော်ဒါတွေနဲ့ သူ့တို့ရဲ့ အမျိုးသမီးလေးတွေက ထိုင်ရာမှ မိုးတိုးမတ်တပ်တွေ ဖြစ်လာတယ်။
“ဟိတ်ရောင်.. ငါတို့တော့ ကီးကိုက်သွားပြီ။ သွားလိုက်ဦးမယ်။ မင်း စားရင်းသောက်ရင်း စောင့်”
“မင်းကွာေ-ာက်ကြီးေ-ာက်ကျယ်နဲ့ အလကားကောင်.. ယောင်္ကျားမပီသပုံများ”
“ယောင်္ကျားဆိုတာ ဗူးရင်ဗူး၊ မဟုတ်ရင် ဟိုဟာပဲ”
“သိပ်မကြာပါဘူးကွာ.. နှစ်နာရီလောက်ပါပဲ.. မင်းလည်း စိတ်ပါလာရင် ဘေးကစော်ကိုသာ ခေါ်ပြီး တက်ခဲ့”
နေရာမှ ထရင်း ကျွန်တော့်ကို တစ်ယောက်တစ်ခွန်း မှိုချိုးမျှစ်ချိုး ပြောသွားကြတယ်။
အပေါ်တက်သွားတဲ့ သူတို့ကို ကျွန်တော် မော့ကြည့်မိတယ်။ ကျွန်တော့်ကို ဘေးကစော်ခေါ်ပြီး တက်လာခဲ့လို့ ပြောတဲ့ ကောင်က လက်ခလယ်ထောင်ပြသွားလေရဲ့။ သူတို့ ဘာပြောပြော၊ဘာလုပ်ပြပြ ကြုံနေကျ၊ကြားနေကျဆိုတော့ ရိုးနေပါပြီ။ ဒါပေမယ့် ကျွန်တော် မကြိုက်တာတစ်ခုတော့ ရှိတယ်။ ယောင်္ကျားတိုင်းကို မိန်းမကိစ္စနဲ့ ပတ်သတ်ရင် မနေနိုင်ကြဘူးလို့ ထင်နေတဲ့ သူတို့စိတ်ဓါတ်တွေပါ။ လူဆိုတာ ကိုယ်ကြုံတွေ့ဖူးတဲ့ အတွေ့အကြုံ ပေတံနဲ့ပဲ တိုင်းတတ်တယ်ဆိုတာ တကယ်ကို အမှန်ပဲ။
အချစ်ရိပ်အောက်မှာ သိပ်လှတတ်တဲ့ အချစ်နဲ့ဆက်စပ်နေတဲ့အရာတွေကို ဒီကောင်တွေ နူးနူးညံ့ညံ့ မခံစားတတ်ကြပါဘူး။
၃။
“ကျွန်မ ပြောပါတယ်.. ရှင် သူ့ကို ချက်ချင်း ကြွေသွားမှာလို့”
ခန္ဓာကိုယ်နဲ့ ချပ်ချပ်ရပ်ရပ် ဖြစ်နေအောင် ချုပ်ထားတဲ့ အနီရောင်ဝတ်စုံလေးအောက်မှာ သူမရဲ့ ကောက်ကြောင်းတွေဟာ ထင်းနေတယ်။ ဆံပင်တွေကို နောက်မှာ စုစည်းပြီး ဆံထုံးလေးကို ပြေပြေလေး ထုံးထားတာကြောင့် မျက်နှာလေးဟာ ရှင်းလင်းနေတယ်။ မျက်လုံးလေးကို မှိတ်ထားပြီး တေးသံစဉ်မှာ စီးဝင်နေတဲ့ သူမဟန်ပန်လေးဟာ ဂီတကိုချစ်မြတ်နိုးတဲ့ ကျွန်တော့်ကို ဖမ်းစားခဲ့တယ်။ ဒါကြောင့်လည်း အနီရောင်လေးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့မိတယ်လေ။
“မင်း ထင်သလို မဟုတ်ပါဘူးကွာ။ အနုပညာမှာ ဈာန်ဝင်နေတဲ့ သူ့ပုံစံလေးကြောင့်ပါ”
ကျွန်တော့်ရှင်းပြချက်ကို သူမက ခေါင်းယမ်းပြတယ်။
“အိုဘာဖြစ်ဖြစ်.. သူ သီချင်းဆိုတာလည်း သိပ်ကောင်းတယ် သိလား”
သူမ စကားမဆုံးခင်မှာ အနီရောင်လေးက သီချင်းစဆိုလိုက်တာမို့ ကျွန်တော့်နှုတ်ခမ်းပေါ် လက်ညှိုးလေးတင်ရင်း တိတ်တိတ်နေဖို့ သူမကို အချက်ပြလိုက်တယ်။
“Guantanamera, guajira Guantanamera
Guantanamera, guajira Guantanamera
Guantanamera, guajira Guantanamera”
ငြိမ့်ညောင်းတဲ့ သံစဉ်လေးနဲ့အတူ ယိမ်းနွဲ့လှုပ်ရှားနေရင်း သူမက သီဆိုနေခဲ့တယ်။ သူမ သီဆိုနေတဲ့ သီချင်းက ကျွန်တော်နဲ့ အကျွမ်းဝင်ပြီး သိပ်ကို နှစ်သက်ရတဲ့ စပိန်သီချင်း တစ်ပုဒ်။
ဒီသီချင်းကို နားထောင်မိတဲ့အတိုင်းလည်း ကျူးဘားဆေးပြင်းလိပ်ကြီးခဲထားပြ
ပြောစကားတွေအရဆိုရင်တော့ ဂျိုဆေးက ဂွမ်တာနာမိုမြို့သူလေး တစ်ယောက်ကို မြင်မြင်ချင်း စွဲလမ်း ချစ်ခင်သွားတယ်။ ဖြစ်ချင်တော့ ကောင်မလေး သူ့ကို ပြန်ချစ်တဲ့ ချစ်ခြင်းက သူလိုချင်တဲ့ ချစ်ခြင်းမျိုးနဲ့ မဟုတ်ဘူး။ ဂျိုးဆေးက ပလေးတိုးနစ်အချစ်ကို အယုံအကြည် မရှိဘူး။ ချစ်သူတွေဟာ တစ်ယောက်ကိုတစ်ယောက် ထိတွေ့ခံစားခွင့်မှ မရှိရင် ဘာအဓိပ္ပာယ် ရှိတော့မလဲလို့ သူထင်တယ်။ ကောင်မလေးကကျတော့ အချစ်ဆိုတာ စိတ်ခံစားမှုသက်သက်ပါ။ လှပတဲ့ ကဗျာတစ်ပုဒ်လိုပါပဲ။ မပိုင်ဆိုင်ရလည်း၊ မကြင်နာရလည်း ချစ်နေလို့ ရပါတယ်လို့ ယုံကြည်နေတဲ့သူ။ အဆုံးသတ်မှာတော့ ချစ်ခြင်းရဲ့ ဘာသာစကားချင်း မတူညီတဲ့ ဂျိုဆေးကို ကောင်မလေးက ထားသွားတာပေါ့။ အဲဒီမှာတင် ဂျိုဆေးတစ်ယောက် အသည်းတွေကွဲပြီး ဒီသီချင်းကို စပ်ဖြစ်ခဲ့တယ်။
ဒီသီချင်းကို ကွဲလွဲတဲ့ စာသားတွေ အမျိုးမျိုးနဲ့ ဗားရှင်းအများကြီး ရေးစပ်ခဲ့ပြီး၊ သီချင်းတိုင်းရဲ့ နောက်ခံမှာလည်း မတူညီကွဲပြားတဲ့ အချစ်ပုံပြင်လေးက ရှိနေပြန်တယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ပလေးတိုးနစ် ချစ်ခြင်းကြောင့် ကွဲကွာခဲ့ရတဲ့ အချစ်ပုံပြင်လေးကိုပဲ ယုံကြည်ချင်တယ်။
ကျွန်တော် စွဲစွဲလန်းလန်း နှစ်ခြိုက်ရတဲ့ သီချင်းလေးကို လှပစွာ လူးလွန့်သီဆိုနေတဲ့ မီးလျှံလေးကြောင့် ကျွန်တော့်ခံစားချက်တွေက နွေးထွေးလို့နေတယ်။
“ကိုယ့်ကို ဝီစကီယူပေးပါ”
ဘေးနားက ကောင်မလေးက ချက်ချင်းပဲ ထသွားပြီး ဝီစကီတွေ၊ ချိစ်တွေနဲ့ ပြန်ရောက်လာတယ်။ အနီရောင်လေးက နောက်ထပ် သီချင်းတစ်ပုဒ် ဆက်ဆိုတယ်။
ကျွန်တော် ကြွေရပြန်ပါတယ်။ သီချင်းလေးမှာ၊ သူမရဲ့ ဆိုဟန်လေးမှာပါ။ ကျွန်တော့် အသည်းနှလုံးတွေကို လှုပ်ခြွေနေရသလား အောက်မေ့မိအောင်ထိပါပဲ။ အခုလည်း ကြည့်လေ။ ဆိုနေတဲ့ သီချင်းကကို ယစ်မူးချင်စရာ။ တေးသွားအရကော၊ စာသားတွေအရကော နှိုင်းရက်စရာမရှိအောင် လှလွန်းတဲ့ သီချင်း။
"အနမ်းမိုးတွေ ခြွေလှည့်ပါ
သည်းသည်းမည်းမည်း ကြွေစမ်းပါ
ဒီညကို နောက်ဆုံးည အမှတ်နဲ့ပေါ့။
မင်းအနား တစ်ဖဝါးမခွာ နေချင်တယ်
မင်းမျက်ဝန်းတွေမှာ ကိုယ့်အရိပ်ကို ပြန်ရှာတွေ့ချင်တယ်
မင်းအငွေ့အသက်ကို ကိုယ် ခံစားသိနေချင်တယ်။
မနက်ဖန်ဆိုတာ မသေချာတဲ့အရာ၊
မနက်ဖန်မှာ ကိုယ်တို့ ဝေးသွားကြရင် မခက်လား။
အနမ်းမိုးတွေ ခြွှေလှည့်ပါ
သည်းသည်းမည်းမည်း ကြွေစမ်းပါ
မင်းကို ဆုံးရှုံးရမှာ ကြောက်လွန်းလို့၊
ကြောက်လွန်လွန်းလို့ပါ။"
ဂျိုဆေးက ဂွမ်တာနာမိုမြို့သူလေးကို လွမ်းနေသလို ကျွန်တော်လည်း ရွှေဝါမြေက ချစ်သူလေးကို လွမ်းဆွတ်မိရော။ သနပ်ခါးဝါဝါလေး ပါးပါးလူးပြီး ပါးကွက်ထူထူလေး ကွက်ထားတတ်တဲ့ သူမရဲ့ ပါးပြင်လေးကို သတိရစိတ်တွေက ပြင်းပြင်းပြပြ ဖြစ်လာတယ်။ လက်ထဲမှာ ခပ်ဆဆကိုင်ထားတဲ့ ခွက်ကို တရှိန်ထိုး မော့ချလိုက်တော့ လည်ပင်းတစ်လျှောက် စီးဝင်သွားတဲ့ အရည်တွေက ပြင်းရှရှ။
“မင်း သူ့ကို ခိုက်သွားတာလား”
နောက်တစ်ခွက် ထပ်ငှဲ့ပေးရင်း သူမက ကျွန်တော့်မျက်လုံးတွေကို ဖတ်ကြည့်ဖို့ ကြိုးစားတယ်။
“နိုး.. သီချင်းကြောင့်ပါ”
“ဘာဖြစ်လို့”
သူမက မျက်မှောင့်ကို လှလှပပလေး ပင့်ချီလိုက်တယ်။
“ကိုယ့်ချစ်သူကို သတိရသွားလို့”
“အိုး.. မင်းက မင်းချစ်သူကို သစ္စာရှိတာလား။ ဟိုလေ.. ကိုယ့်ကို ငြင်းပယ်လိုက်တာက..”
“ချစ်သူကိုရော၊ကိုယ့်ကိုယ်ကိုလည
ကျွန်တော့်အဖြေကြောင့် သူမ ခေါင်းရှုပ်သွားပုံရတယ်။
“ကိုယ်ပြောတာ မင်း နားမလည်ဘူးမို့လား။ ကိုယ်ကလေ ကိုယ့်ခံစားချက်ကို မသွေဖယ်ချင်ဘူး။ ခံစားချက်ကို သွေဖယ်ခဲ့ပြီးမှ လိပ်ပြာမလုံဖြစ်နေရမှာ ကိုယ် မလိုလားဘူး။မင်း သိလား..။ လူဆိုတာ ကိုယ့်ခံစားချက်ကို ကိုယ်သစ္စာရှိရတယ်”
သူမက ခေါင်းညိတ်မလို လုပ်ပြီးတော့မှ လေးတွဲ့စွာ ခေါင်းခါတယ်။
“အချစ်လေ.. အချစ်ဆိုတာကို မင်း ခံစားဖူးတယ် မဟုတ်လား”
စိတ်မရှည်သလို မေးမိတော့
“အချစ်.. ငါ့မှာ ဘယ်လို ရှိမှာလဲ”
လို့ သူမက ချက်ချင်း တုန့်ပြန်တယ်။
“လူတိုင်း ချစ်တတ်တယ် အမိ”
ငေါ့တော့တော့ ပြောမိတော့
“ငါတို့လို မိန်းမတွေ မပါဘူး” တဲ့။
သူမ စကားကြောင့် ကျွန်တော် စိတ်မကောင်း ဖြစ်သွားတယ်။ စိတ်ခံစားချက်တွေ ပြင်းထန်ပြီး စည်းမစောင့်ဘဲ ပြောလိုက်မိတဲ့ ကျွန်တော့် စကားတွေကြောင့် သူမ ခံစားသွားရတယ်ဆိုတာ ကျွန်တော် သိနေတယ်။ သူမကို အတတ်နိုင်ဆုံး နှစ်သိမ့်ပေးဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။
“မင်းကို ကိုယ် ပုံပြင်တစ်ပုဒ် ပြောပြမယ်”
သူမက ဝီစကီကို ကျွန်တော့်အတွက်ရော၊ သူ့အတွက်ပါ ငှဲ့ပြီး ကျွန်တော့်ပုံပြင်ကို စိတ်ဝင်တစားနဲ့ နားထောင်ဖို့ ပြင်တယ်။
“ဟိုးရှေးရှေးတုန်းကပေါ့။ မင်းတို့ရဲ့ ဟောသည် ကျူးဘားကျွန်းလေးမှာ မင်းတို့လိုပဲ ဘားတစ်ခုမှာ အလုပ်လုပ်တဲ့ အမျိုးသမီးငယ်လေး တစ်ယောက် ရှိတယ်။ သူအလုပ်လုပ်တဲ့ ဘားကို လာနေကြ အမျိုးသားတစ်ယောက်လည်း ရှိတယ်တဲ့။ အဲဒီ အမျိုးသားက ကိုယ်တို့လိုပဲ သင်္ဘောသားတစ်ယောက်။
မင်းစဉ်းစားကြည့်လေ။ သူ့သင်္ဘော ကမ်းကပ်တိုင်း အဲဒီဘားကို သွားတယ်။ အဲဒီ အမျိုးသမီးလေးနဲ့ချည်း တွဲတယ်။ တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ်။ ခဏခဏ ဆိုတော့ သူတို့တွေရဲ့ ရင်းနှီးလာမှုကို မင်း တွက်ဆကြည့်ပေါ့။
ဒီတော့ ဘာဖြစ်လဲဆိုတော့ အခကြေးငွေ ယူလေ့ရှိတဲ့ အဲဒီကောင်မလေးက နောက်ကျတော့ မယူတော့ဘူး။ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် တကယ်ချစ်မြတ်နိုးသွားကြတယ်လေ။
ကောင်မလေးကလည်း ဘားကနေ အလုပ်ထွက်လိုက်ပြီး မြို့ထဲက ကုန်စုံဆိုင်မှာ အလုပ်ဝင်လုပ်တတ်တဲ့။ ကောင်လေးကလည်း လေးလတစ်ခါ၊ သူတို့ သင်္ဘောကမ်းကပ်တိုင်း ကောင်မလေးဆီပဲ အပြေးလာသတဲ့။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ ဖြစ်သွားကြတာပေါ့။
ကောင်လေးသင်္ဘောတက်သွားတဲ့ ညနေဖက်တွေဆို ကောင်မလေးခမျာ ပျင်းရိငြီးငွေ့လွန်းလို့ ဆေးရွက်ကြီးတွေကို စက္ကူဖြူနဲ့ လိပ်ပြီး သောက်တာပေါ့။ ဆေးလိပ်တစ်ဖက်၊ ဝီစကီတစ်ခွက်နဲ့ သူမရဲ့ အထီးကျန် ညတွေကို ဖြတ်သန်းပြီး ချစ်သူကို လွမ်းဆွတ်တမ်းတ မျှော်နေလေ့ ရှိသတဲ့။
တစ်နေ့ကျတော့ ရာသီဥတုတွေ ဆိုးဆိုးရွားရွား ဖောက်ပြန်တယ်။ ရက်ပေါင်းများစွာကြာအောင် ပင်လယ်ပြင်မှာ မုန်တိုင်းတွေ ထန်တယ်။ သင်္ဘောတွေ အများကြီး နစ်ကြ၊ မြှုပ်ကြ၊ ပျက်စီးကြပေါ့။ အဲဒီအထဲမှာ ကောင်မလေးရဲ့ ချစ်သူတို့ သင်္ဘောလည်း ပါသွားတယ်။ ကောင်မလေး ဘဝမှာလည်း လှိုင်းထန်တော့တာပေါ့။
အဲဒီကနေ စပြီး ကောင်လေးက ကောင်မလေးဆီ ဘယ်တော့မှ ပြန်မလာတော့ဘူးတဲ့။ သူ့ချစ်သူ သေဆုံးသွားပြီ ဆိုတာကို မယုံနိုင်တဲ့ ကောင်မလေးက နေ့စဉ်နေ့တိုင်း သစ္စာရှိစွာနဲ့ စောင့်မျှော်သတဲ့။ ဘယ်သူတွေ ဘာပြောပြော ကောင်မလေးက ဂရုမစိုက်ခဲ့ဘဲ ကောင်လေး ပြန်အလာကို မျှော်ချည်းနေသတဲ့။
အဲသည်လိုအချိန်တွေမှာ ကောင်မလေးကို အဖော်ပြုပေးနေခဲ့တာက စက္ကူဖြူလေးတွေ၊ ဆေးရွက်ကြီးတွေ၊ မျက်ရည်တွေနဲ့ ရောစပ်ပြီး လိပ်ထားတဲ့ ဆေးလိပ်လေးတွေပေါ့။
တစ်ရက်ထက်တစ်ရက် အစားနည်းလာ၊ အအိပ်နည်းလာပြီး ငိုချည်းနေလေတော့ ကောင်မလေးရဲ့ ကျန်းမာရေးက ချုံးချုံးကျတော့တာပေါ့။ ပြည့်ဖြိုးလှပခဲ့တဲ့ အသားစိုင်တွေဟာလည်း စုပ်ယူခံလိုက်ရသလိုပဲ ပိန်ကပ် ပါးလျသွားတော့တယ်။
ဒါပေမယ့် ညနေစောင်းတိုင်း အိမ်ရှေ့မှာ ထိုင်ပြီး သူ့ချစ်သူကို မျှော်တာတော့ တစ်ရက်မပျက်ဘူးတဲ့။ နောက်ဆုံးမှာတော့ ချစ်သူကို မျှော်နေတဲ့ ကောင်မလေးဟာ အဲဒီ မျက်ရည်နဲ့လိပ်ထားတဲ့ ဆေးလိပ်လေးကို လက်ကြားညှပ်ထားလျက်နဲ့ သေဆုံးသွားတော့တယ်တဲ့လေ။
ဒီကောင်မလေး သေဆုံးသွားတော့ လူတွေက ကောင်မလေးရဲ့ သစ္စာတရား စောင့်စည်းမှုနဲ့ သူ့ချစ်သူအပေါ်ထားရှိတဲ့ သူ့ချစ်ခြင်းကို ချီးမွမ်းကြတာပေါ့။ သိပ်ချစ်တတ်တဲ့၊ သိပ်ပြီး သစ္စာစောင့်သိတဲ့ ဒီကောင်မလေးရဲ့ အကြောင်းဟာလည်း တမဟုတ်ချင်း ပျံ့လွင့်သွားတော့ပေါ့။ လူတွေ အများကြီးက သူမအကြောင်းကို နားထောင်ပြီးတိုင်း မျက်ရည်ဝဲကြတယ်။ အော်.. တစ်ချိန်တုန်းက သူမ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့၊ တကယ် အချစ်နဲ့ တွေ့တဲ့အခါမှာ သိပ်ပြီး ချစ်တတ်ပါလား၊ သိပ်ပြီး သစ္စာစောင့်ထိန်းပါလား ဆိုပြီးတော့လည်း ကရုဏာသက်ကြတယ်။ ဒါနဲ့ ဒီကောင်မလေးကို ဂုဏ်ယူကြမယ်လို့ တွေးကြတာပေါ့။
နောက်ဆုံးတော့ သူတို့ဟာ ကောင်မလေးကို ဂုဏ်ပြုဖို့ အကောင်းဆုံးနည်းလမ်းကို တွေ့သွားသတဲ့။ အဲတာ ဘာလဲဆိုတော့ ချစ်သူကို မျှော်နေတဲ့ ကောင်မလေးရဲ့ နောက်ဆုံးထွက်သက်အထိ တစ်ချိန်လုံး အဖော်ပြုပေးခဲ့တဲ့ ဆေးလိပ်လေးတွေကို သူမအတွက် ရည်းညွှန်းတဲ့ ဂုဏ်ပြုစကားလုံး၊ အစစာလုံးလေးတွေနဲ့ နာမည်ပေးလိုက်တယ်တဲ့။ ဆေးလိပ်လေးတွေကို မြင်တိုင်း သူမရဲ့ သနားစရာ ချစ်ပုံပြင်လေးကို သတိရနေအောင်ပေါ့။”
“ဘယ်လို နာမည်ပေးလိုက်တာလဲဟင်။”
“Cigarettes” လေ။ “Cuber island girls are really eagerly trusted to earliest seamen.” တဲ့။
“အိုး.. ဒီပုံပြင်လေးကို ငါငယ်ငယ်တုန်းက အဘွားပြောခဲ့ဖူးတယ်။ ငါ နည်းနည်းမှတ်မိပြီ။ ဟုတ်တယ်။ ငါ့အဘွားပြောခဲ့ဖူးတာ။ မင်းက ဘယ်လိုလုပ် သိတာလဲဟင်။”
“ငါလည်း ဆယ်ကျော်သက်တုန်းက အဘိုးစာအုပ်တွေ မွှေရင်းကွာ Reader Digest’s အဟောင်းတစ်အုပ်ထဲကနေ ဖတ်မိတာ။ ဘယ်နှခုနှစ်ထုတ်လဲ၊ ဘယ်သူရေးခဲ့သလဲတော့ မမှတ်မိတော့ဘူး။ ပုံပြင်လေးကိုပဲ စွဲကျန်ရစ်ခဲ့တာ။ ဘယ်လိုလဲ။ မင်း နှစ်သက်လား။”
သူမက ခေါင်းသွက်သွက် ညိတ်တယ်။ တကယ်တော့ ပုံပြင်လေး နားထောင်နေတဲ့ တစ်လျှောက်လုံး သူမ မျက်ရည်တွေ ရစ်ဝိုင်းနေကတည်းက ဒီပုံပြင်လေးဟာ သူမ နှလုံးသားထဲ စိုက်ဝင်သွားပြီဆိုတာ ကျွန်တော် သိတာပေါ့။ ပြီးတော့ သူမတို့လို မိန်းကလေးတွေမှာလည်း အချစ်ဆိုတာ ရှိတတ်ပါတယ်လို့ သဘောပေါက်သွားမှန်းလည်း မေးကြည့်စရာ မလိုအောင် သေချာပါတယ်။
“ကျေးဇူးတင်ပါတယ်။ ဒီပုံပြင်လေးက ငါ့အတွက် တန်ဖိုးရှိပါတယ်။ ငါလေ ဒီပုံပြင်လေးကို သေတဲ့အထိ မှတ်မိနေတော့မှာ။”
ပြောပြောဆိုဆိုတဲ့ သူမက မျက်ရည်တစ်စက် ကြွေကျတယ်။ ပါးပေါ်လှိမ့်ဆင်းလာတဲ့ မျက်ရည်တွေကို သူမက လက်ခုံနဲ့ ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်တယ်။ အပြုံးတစ်ပွင့်ကတော့ သူမ နှုတ်ဖျားထက်မှာ။ ဒီအပြုံးတွေက မချိုမြိန်သလို၊ ပန်းနုရောင်လည်း သန်းမနေပါဘူး။ ဒါပေမယ့် သူမမှာ တွေးစရာတွေ အများကြီး ရှိသွားပြီး၊ အဲဒီအတွေးတွေဟာလည်း သူမအတွက် ကောင်းသော ပြောင်းလဲခြင်းတွေပဲ ဖြစ်နေမယ်ဆိုတာ ကျွန်တော် ယုံကြည်နေမိတယ်။
၎။
စင်ပေါ်မှာ အဆိုတော်က နောက်တစ်ယောက် ပြောင်းသွားပြီ။ တေးသံစဉ်တွေကလည်း ပိုပြီးတော့ မြူးကြွလာကြပြီ။ သံစဉ်တွေကြားမှာ စီးမျော ကခုန်ရင်း စိတ်အာရုံတွေကို ဖြေလျော့ပျော်ပါးနေကြသူတွေကလည်း
အဲသည် ဆူညံမှုတွေကြားထဲမှာ ခွက်ကိုယ်စီ ကိုင်ထားတဲ့ ကျွန်တော်တို့နှစ်ယောက်ကတော့ အတွေးကိုယ်စီနဲ့ ငြိမ်သက်နေကြတာပေါ့။
လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်
No comments:
Post a Comment