Wednesday, November 12, 2014

“နှုတ်ခမ်းနီဖြင့် သက္ကရာဇ်ဖြိုခြင်း”

ဒီနေ့ ငယ်သူငယ်ချင်းတွေ ပြန်ဆုံကြမယ်တဲ့။ ချိုသဲတို့၊ မိစုတို့၊ ဝါဝါတို့ အလည်လာကြလို့။ သူတို့သုံးယောက်က သွားနိုင် လာနိုင်တုန်း ရောက်ဖူးတယ် ရှိအောင်ဆိုပြီး ဒီနိုင်ငံကို လာလည်ကြတာ။ မော်လေးနဲ့ ပန်းနု ဒီမှာရှိနေလို့လည်း ပါတာပေါ့။ မော်လေးကတော့ ဒီကိုရောက်နေတာ ၁၀နှစ်လောက်ရှိပြီ။ ကြာပြီ။ ဒါပေမယ့် မော်လေး ဒီရောက်ကာစ အချိန်တုန်းက ပန်းနုတစ်ယောက် ဒီနိုင်ငံရဲ့ အပြာကဒ်လေး ပူပူနွေးနွေးရထားလို့ မြောက်ကြွမြောက်ကြွလေး ဖြစ်နေချိန်ပေါ့။ ဒီတော့ ပန်းနုက မော်လေးထက် ဒီနိုင်ငံပါး ပိုဝခဲ့သူဆိုလို့ရတယ်။

ကျောင်းပြီးကြတာဖြင့် နှစ်ပေါင်း၂၀ကျော်ပြီ။ ကျောင်းတုန်းက တတွဲတွဲ တွဲခဲ့ကြပေမယ့် ကျောင်းပြီးကတည်းက ဒီငါးယောက် ဆုံဖြစ်ဖို့ဆိုတာ သိပ်မလွယ်ခဲ့ဘူး။ သိပ်လည်း မတွေ့ဖြစ်ခဲ့ကြဘူး။ နောက်ဆုံးအကြိမ် တွေ့ဖြစ်ခဲ့တာ လွန်ခဲ့တဲ့ ငါးနှစ်ကျော်က ထင်တာပဲ။


ချိုသဲက စာမေးပွဲနောက်ဆုံးရက်နေ့မှာ လင်နောက်လိုက်တယ်။ ကလေးလည်း ချက်ချင်းယူလိုက်တော့ အသက်လေး ၂၀ကျော်စမှာ တောက်တီးတောက်တဲ့ လျှောက်ပြေးနေတဲ့ ကလေးတစ်ဖက်၊ နို့တန်းလန်းကလေးတစ်ဖက်နဲ့ ဖြစ်ရော။

သူ့လင်က အဖြစ်မရှိဘူး။ သူ့ကို သေမတတ် ချစ်တာပဲရှိတယ်။ နှစ်ယောက်စလုံးက ငယ်လည်းငယ်၊ ကျောင်းကလည်း ပြီးစဆိုတော့ တစ်လတစ်လ ပြေလည်တယ်ကို မရှိဘူးတဲ့။ ကျောင်းတုန်းက သူဝတ်နေကြ ဆွဲကြိုးတွေ၊ လက်ကောက်တွေဆိုတာ ကလေးနှစ်ယောက်ရပြီးနောက် ဘာမှ မမြင်ရတော့ဘူး။ နားပေါက်ဟောင်းလောင်း ကြည့်မကောင်းလို့သာ နားကပ်ဝတ်ထားပုံရတယ်။ စိန်က အရောင်မထွက်တော့ဘူး။ ရုရှားစိန်ပဲ ဖြစ်မယ်။ ကျောင်းတုန်းက သူဝတ်ထားတဲ့ ခြယ်နားကပ်လေးလည်း ကုန်ပေါ့။

သူ့မိဘတွေများ နေစိမ့်တယ်။ မြေးနှစ်ယောက်ရတဲ့ထိ လှည့်မကြည့်ဘူး။ ဒါတောင် ချိုသဲက တစ်ဦးတည်းသော သမီးနော်။ နောက်တစ်ဗိုက်ထပ်ရတော့မှ သူငယ်ချင်းတွေက ချိုသဲ မိဘတွေကို အတင်းသွားတောင်းပန်၊ ချိုသဲတို့ လင်မယားကိုလည်း အတင်းထိုင်ကန်တော့ခိုင်း၊ တောင်းပန်ခိုင်းရတယ်။။ အဲဒီတော့မှ ချိုသဲလည်း မိဘအိမ်ရိပ်နင်းရတော့တယ်။

ဒါတောင် ချိုသဲ မိဘတွေက သူ့သားမက်ကို ကြည်တာ မဟုတ်ဘူး။ မိဘမဲ့၊ အုတ်ကြားမြက်ပေါက်၊ မိန်းမ ထဘီနားခိုစားတဲ့ကောင်တဲ့။ ပြောလည်း ပြောချင်စရာပဲလေ။ ချိုသဲ လင်နောက်လိုက်ပြေးတုန်းက ဝတ်စားထားတဲ့ ရွှေတွေက မနည်းဘူးကိုး။ ၁၅ကျပ်သားကျော်မလားဘဲ။ ၃နှစ်လောက်အတွင်း အကုန်ပြောင်တာကိုး။

သူ့ယောက်ျားကလည်း သနားတော့ သနားပါတယ်။ သူ့ကိုယ်သူ အဖြစ်မရှိမှန်း သိတယ်။ ယောက္ခမတွေ ဘာပြောပြော။ မနာဘူး။ အိမ်ပေါ်ခေါ်တင်ထားတာကိုပဲ ကျေးဇူးတင်နေတဲ့ပုံ။ ဘာပြောပြော ဟုတ်ကဲ့ အဖေ၊ ဟုတ်ကဲ့ အမေ နဲ့ နေတာပဲတဲ့။ ယောက္ခမတွေရဲ့ စီးပွားရေးကို အပိုးကျိုးကျိုး လုပ်တယ်။ သင်ပေးတာတွေ အကုန်မှတ်ထားတယ်။ နှစ်နှစ်သုံးနှစ်လည်း ရှိရော ဆန်ပွဲရုံကြီးတစ်ခုလုံးကို ကောင်းကောင်းဦးစီးနိုင်တဲ့ အရည်အချင်းကို ပိုင်ဆိုင်လာရော။

အကောင်းဆုံးကတော့ သူကိုယ်တိုင် ရှာတတ် ဖွေတတ်လာတော့လည်း ခြေလှမ်းတွေ မှန်နေတာပဲတဲ့။ အပိုးကျိုးနေတုန်းပဲတဲ့။ ကလေးသုံးယောက် အမေ၊ သူ့မိန်းမ ချိုသဲကိုလည်း အပျိုလေးတုန်းကလို ချစ်နေတုန်းတဲ့လေ။ ချိုသဲ မျက်နှာတစ်ချက် အညိုမခံဘူးဆိုဘဲ။ အသောက်အစားလေးလည်း ကင်းတော့ ယောက္ခမတွေက တဖြည်းဖြည်း ကြည်လာပြီ။ သူတို့သမီးကို တကယ်ချစ်မှန်းလည်း သိနေတော့ ရွှေသားမက် ငွေသားမက် ဖြစ်လာတာ့တာပဲ။

မိစုကတော့ ပန်းနုတို့နှစ်ရဲ့ အီကိုကွင်း။ ချောလည်းချော၊ ပိုက်ဆံလည်း ရှိတဲ့ သူဌေးသမီးလေး။ ဒါပေမယ့် ကျောင်းသာပြီးသွားတယ်။ ရည်းစားတစ်ယောက်မှ မထားဘူး။ အားလုံးက သူ့ကို အပျိုကြီး လုပ်မယ် အောက်မေ့ကြတာ။ ဘယ်ဟုတ်မလဲ။ ချိုသဲယူပြီး သိပ်မကြာပါဘူး။ အိမ်ကပေးစားတဲ့သူကို သူကလည်း မြင်မြင်ချင်း ကြိုက်လို့တဲ့။ ပျော်ပျော်ကြီး ယူပစ်လိုက်တာ။ ဖူးစာဆိုတာ ဒါပဲ ထင်ပါရဲ့။ ယူပြီးနောက် မွေးလိုက်တာလည်း တစ်ယောက်ပြီး တစ်ယောက်။ အိမ်ထောင်သက် ၆နှစ်မှာ မွေးထားတာလည်း ၆ယောက်ပဲ။ ရှင်မွေးလွန်းလို့ နာမည်ပြောင်းရမယ်။

မိစုက သိပ်ကံကောင်းတယ်။ သူ့ယောက်ျားက ပညာလေးလည်းတတ်တယ်။ စီးပွားရေးမျက်စိလေးလည်း ရှိဆိုတော့ သူတို့ဘဝက သောင်သာတယ်။ မိဘနဲ့နေတုန်းကတော့ ခြေမွေးမီးမလောင် လက်မွေးမီးမလောင်။ ယောက်ျားရပြန်တော့မှ ပိုလို့တောင် သက်သာသေး။ သူ့အလုပ်က တစ်ယောက်ပြီးတစ်ယောက် မွေးရုံပဲ။ သူမွေးလိုက်တဲ့ ကလေးတွေကို ဖူးဖူးမှုတ် ပြုစုစောင့်ရှောက်ထိန်းကျောင်းမယ့် အခိုင်းအစေတွေကလည်း အဆင်သင့်။ တစ်နေ့တစ်နေ့ ဇိမ်နဲ့ အိပ်လိုက်၊စားလိုက် လုပ်နေမှတော့ သူလည်း အသက်လေး ၃၀မကျော်ခင်ကတည်းက ပုံပျက်နေပြီ။ ခုနေသာ သူဟာ ကျောင်းတုန်းက ကွင်းပါလို့ ပြောချင်ရင် ဘုရားစူးရစေရဲ့လို့ ကျိန်တွယ်ပြရတော့မယ်ထင်တယ်။ အရပ်ရှည်လို့သာ ကြည့်ပျော်ရှုပျော်ဖြစ်နေသေးတယ်။ သူတင် ဝတာ မဟုတ်ဘူး။ သူ့ယောက်ျားကမှ ပိုဆိုး။ တနေကုန် ရုံးခန်းမှာအထိုင်များတော့ အညောင်းမိလို့တဲ့။ သူ့အလုပ်ကလည်း ကြီးကြပ် ညွှန်ကြားရုံ၊ လက်မှတ်လေး ထိုးရုံဆိုတော့ မဝဘဲ ဘယ်နေမလဲ။ ပိုက်ဆံကော၊ အဆီကော ချမ်းသာတဲ့ လင်မယားနှစ်ယောက်။

ဝါဝါကတော့ အေးတယ်။ သူ့ဘဝကလည်း ရှင်းတယ်။ ကျောင်းတုန်းက ရည်းစားတစ်ယောက် ထားဖူးတယ်။ သူ့လူက သစ္စာမဲ့တော့ သူတော်တော် ခံစားလိုက်သေးတယ်။ အဲဒီနောက်တော့ သူက အချစ်ကို မယုံတော့ဘူး။ မချစ်ချင်တော့ဘူး။ ပင်ပန်းတယ်။ ပူလောင်တယ်တဲ့။ ဒီလိုနဲ့ အပျိုကြီး ဖြစ်ရော။ ကျောင်းပြီးတာနဲ့ သူ့မိဘလုပ်ငန်းမှာ ဦးစီးလုပ်ကိုင်လိုက်တယ်။ သူ့မိဘလုပ်ငန်းကလည်း ပင်ပင်ပန်းပန်း မဟုတ်ဘူး။ ရွှေပေါင်ခံငွေတိုးပေးလုပ်ငန်းကို ကြီးကြီးမားမား လုပ်ကိုင်တာ။ မနက်လင်းပြီဆို အလှပြင်၊ ဆိုင်ထိုင်။ ဒါပဲ။ အိမ်အလုပ်လည်း လုပ်စရာ မလို၊ သက်သက်သာသာလေး နေရတာဆိုတော့ အလှမပျက်ဘူး။ တစ်ဦးတည်းသော သမီးဆိုတော့ အမွေလုမယ့်လူလည်း မရှိဘူး။ သူရှာသမျှက သူ့ဖိုးချည်း။ သုံးမလား၊စုမလား၊လှူမလား ကြိုက်တာပြော။ အမြဲတမ်း အပူအပင်ကင်းနေတော့ အသက်ကြီးလာတာတောင် သူ့စိတ်လေးက နုနုလှလှလေး။ စိတ်ထားပုံလေးက ပေါ့ပါးအေးချမ်းလို့။ ချောတုန်း လှတုန်း။ သူ့နားမှာ ပုရိသတွေက ခုထိ ဝိုင်းဝိုင်းလည်နေသေးတာ။ အင်းပေါ့လေ။ လှလည်းလှ၊ ပိုက်ဆံလည်း ရှိမှတော့ အသက်လေးဆယ်ကျော်အရွယ်ဆိုတာလည်း ဘာကြီးသေးတာ မှတ်လို့။

မော်လေးကတော့ ကံကောင်းသလိုလို၊ ကံဆိုးသလိုလို။ ပထမနှစ်ကတည်းက တွဲလာတဲ့ ရည်းစားနဲ့ပဲ ရတယ်။ နှစ်ဖက်မိဘကလည်း သဘောတူတယ်။ မော်လေးယောက်ျားက ဆောက်လုပ်ရေးအင်ဂျင်နီယာ။ မော်လေးကလည်း ဂျပန်ကုမ္ပဏီကြီးတစ်ခုမှာ စာရင်းကိုင်လုပ်တယ်။ နှစ်ဖက်မိဘတွေကော သူတို့လင်မယားကော အားလုံးက ဝန်ထမ်းတွေကြီးပဲ။ စေ့စေ့ငှငှ သုံးတတ်တယ်။ ရှိတာလေးနဲ့ လှအောင်ဝတ်တတ်တယ်။ ဝအောင်စားတတ်တယ်။ စုဆောင်းရကောင်းမှန်း သိတယ်။ စေ့စပ်အောင် သုံးမှတော့ စုဆောင်းဖို့လည်း ထွက်တယ်။ ဒီလို ဘဝလေးမှာ သူ ကံမကောင်းဘူးလား။

အိမ်ထောင်သက်လေး အတော်ရတော့ ကလေးနှစ်ယောက်ယူတယ်။ အကြီးကသားလေး။ အငယ်ကသမီးလေး။ ဘယ်လောက်ပြည့်စုံလိုက်လဲ။ ဒီကလေးတွေကို မြန်မာပြည်မှာ ကျောင်းမထားချင်ဘူး။ နိုင်ငံခြားမှာ ကျောင်းထားချင်တယ်ဆိုတဲ့ ရောဂါကို လင်ကောမယားကော အတူတူ ရတယ်။ ရှိတာတွေ အကုန်ရောင်းပြီး စင်္ကာပူမှာ လင်မယားနှစ်ယောက်စလုံး အလုပ်လာရှာကြတယ်။ သူတို့ ကံကောင်းနေသေးတာပဲ။ တစ်လအတွင်း လင်ကောမယားကော နှစ်ယောက်လုံး အလုပ်ရတယ်။ ကလေးတွေကို လှမ်းခေါ်ကြတယ်။ အဲဒီတုန်းက အကြီးကောင်လေး ၄နှစ်။ အငယ်မလေးက ၂နှစ်။

သူတို့နှစ်ယောက်စလုံး လစာကလည်း ကောင်းတော့ ကလေးတွေရှေ့ရေးက ဖြူးနေတော့တာပဲ။ ရောက်ပြီး ငါးနှစ်လောက်ရှိတော့ သူတို့တစ်မိသားစုလည်း ပီအာဖြစ်ကုန်တယ်။ အကြွေးနဲ့ အိမ်ဝယ်တယ်။ အကြွေးနဲ့ ကားဝယ်တယ်။ ပျော်ပျော်ပဲ။

ကလေးနှစ်ယောက်မှာ အကြီးကောင်လေးက တော်သေးတယ်။ အငယ်မလေးကတော့ မြန်မာစကား မတတ်သလောက် ဖြစ်သွားတယ်။ မှတ်မှတ်ရရ တစ်ခေါက်ရှိဖူးတယ်။ အဲဒီတုန်းက အငယ်မလေးက မရှိဘူးဆို ကိုးနှစ်၊ဆယ်နှစ်လောက်တော့ ရှိပြီ။ သူ့တို့အိမ် အလည်သွားတော့ သူက တံခါး လာဖွင့်ပေးတယ်။

“ဘယ်သူလဲသမီး။”

မော်လေးရဲ့ အသံ။

“မေမေ့သူငယ်ချင်းတစ်ကောင်။”

သူလေး ပြန်ဖြေလိုက်ပုံ။ ခွိကနဲ ရယ်မိသွားတော့ ကလေးမလေးက သူ့ကို ရယ်မှန်း သိတယ်။ မကျေမနပ်နဲ့ တံခါးကို ဆောင့်အောင့်ပြီး ဖွင့်သွားတယ်။

အဲတာပါပဲ။ တစ်သက်လုံး ကံကောင်းခဲ့တဲ့ မော်လေး ခုတော့ စိတ်ညစ်နေရပြီ။ သူ့သားသမီးတွေက မြန်မာစကား ကောင်းကောင်း မပြောတတ်ကြတော့လို့။ မြန်မာစာ ဖတ်တတ် ရေးတတ်ဖို့ဆို ဝေလာဝေးပဲ။

ဒီကြားထဲ သူ့ယောက်ျားက ခါးနာရောဂါဖြစ်လာတာ သုံးလေးငါးနှစ်ရှိပြီ။ မသက်သာဘူး။ တဖြေးဖြေး ဆိုးလာတယ်။ ဆိုက်ထဲ မဆင်းနိုင်တော့ဘူး။ ရုံးထိုင်ရတယ်။ ဒီဇိုင်းတွေ ဆွဲရတယ်။ လစာက အရင်ကထက် နည်းသွားတယ်။ အိမ်အကြွေးနဲ့ ကားအကြွေးတွေက မကြေသေးဘူး။ ကလေးတွေရဲ့ ကျောင်းစားရိတ်က ထောင်းသထက် ထောင်းလာပြီ။ ကြော့ကြော့လေးနေတတ်ခဲ့တဲ့ မော်လေးတစ်ယောက် မကြော့မော့နိုင်တော့ဘူး။ ကလေးနှစ်ယောက် အမေသာဖြစ်တာ နုချက် ဆိုပြီး ချီးကျူးမှုတွေ ရရှိခဲ့ဖူးသမျှ ခုတော့ မျက်ကွင်းတွေလည်း ချောင်ကျပြီ။ မျက်ရစ်တွေလည်း တွဲစပြုပြီ။ တစ်နှစ် နှစ်နှစ်အတွင်း သိသိသာသာကို ရုပ်ကျသွားရှာတယ်။

နိုင်ငံခြားကို တကူးတက အလည်လာတယ်ဆိုတဲ့ ဟိုသုံးယောက်က ဘယ်ပုံတွေနဲ့ လာကြမလဲ မသိဘူး။ ဝါဝါကတော့ ထားပါတော့။ သူက သေချာပေါက် ချောလှနေဦးမယ့်သူ။ ကျန်တဲ့နှစ်ယောက်ကတော့ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ပုံသိပ်မလာတော့ဘူး။ အပြင်အဆင်ကြောင့်ပဲလားမသိ..။ အသက်လေးဆယ်မပြည့်ခင်ကတည်းက အသက်ငါးဆယ်ကျော်ဒီဇိုင်းထွက်နေပြီ။ ဘာပဲဖြစ်ဖြစ် ဒီနိုင်ငံကို အလည်လာကြတာဆိုတော့ အစွမ်းကုန် အပြတ်သတ် ရွှိုင်းထားကြမှာပဲ။ မော်လေးကလည်း ရုပ်ကျသွားတယ်ဆိုပေမယ့် တော်တော်လေး ကျန်နေသေးတယ်။ ဒီမှာ အနေကြာသူဆိုတော့ သူလည်း ပြင်တတ် ဆင်တတ်။ ဖီးလိမ်းခြယ်သလိုက်ရင် လှလာဦးမှာ။ ဒီတော့ ပန်းနု ဘယ်လိုလုပ်မလဲ။

ဒီရောက်ပြီးမှ သိကြတဲ့သူတွေကတော့ ပန်းနုဟာ နာမည်လေးလည်း လှသလို လူလေးကလည်း လှတယ်တဲ့။ ပန်းနုကတော့ မထင်ပါဘူး။ တက္ကသိုလ်မှာတုန်းကတော့ ပန်းနု လှတယ်ဆိုတာ ချိုသဲတို့ ဝါဝါတို့ကို မမှီပါဘူးလေ။ သူတို့တွေက ပိုလှကြတယ်။ အလှတွေချည်း စုထားတဲ့ ပန်းနုတို့ ငါးယောက်စလုံးဟာ တစ်ယောက်တစ်မျိုးစီ လှခဲ့ကြပေမယ့် ပန်းနုက အလှဆုံးမှ မဟုတ်ခဲ့ဘဲ။

ဟိုးတစ်ခေါက် ပြန်ဆုံကြတုန်းက ချိုသဲနဲ့ မိစုကလွဲလို့ ဝါဝါ၊ မော်လေးနဲ့ ပန်းနုက အပြိုင် လှနေကြတုန်းပဲ။ အပျိုကြီး ဝါဝါကတော့ ထားပါ။ မော်လေးလို ကလေးနှစ်ယောက်အမေထက်တော့ ကလေးမရှိတဲ့ ပန်းနုက ပိုလှသင့်၊ ပိုနုသင့်တယ် မဟုတ်လား။ ဒါကြောင့်လည်း အဲသည်ကနေ ပြန်လာကတည်းက ပန်းနုတစ်ယောက် အသားအရေကို သေသေချာချာ ဂရုစိုက်တော့တယ်။ မနက်တစ်ခါ၊ ညတစ်ခါ အသားရေထိန်းသိမ်းပြုပြင်ပေးတဲ့ ခရင်မ်တွေကို အဆင့်ဆင့်၊ အထပ်ထပ် စိတ်ရှည်လက်ရှည်း လိမ်းတယ်။ တစ်ပတ်တစ်ခါ ပေါင်းတင်တယ်။ ကိုယ်ခန္ဓာအလှကို ထိန်းနိုင်ဖို့ အဆီမတက်ဖို့ လေ့ကျင့်ခန်း မှန်မှန်လုပ်တယ်။

အဲသည်လို ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့နောက်ပိုင်း ကိုကိုနဲ့ ပန်းနုနဲ့ တွဲသွားကြရင် လူတွေက ပန်းနုတို့နှစ်ယောက်ကို ဆယ်နှစ်လောက် ကွာတယ် ထင်ကြတယ်။ တကယ်တော့ ကိုကိုက ပန်းနုထက် ငါးနှစ်ပဲ ကြီးတာ။ ကိုကို့သူငယ်ချင်းတွေရဲ့ အမျိုးသမီးတွေနဲ့ ယှဉ်လိုက်တိုင်းလည်း ပန်းနုက သိပ်ပြီး နုတာပဲ။ ဒါကို ကိုကိုက ဂုဏ်ယူနေတာ။ ပန်းနုကို လှသည်ထက် လှစေချင်လို့ အလှအပအတွက်ဆိုရင် ကြိုက်သလောက်သုံးစေတယ်။ ပန်းနုကို နုနုရွရွလေးပဲ နေစေတယ်။ ပန်းနု အရွယ်တင်ပြီး လှပနေတာကို ကိုကိုက ကျေနပ်နေတယ်။ ပန်းနုကတော့ မကျေနပ်နိုင်သေးဘူး။ ပန်းနုက သူငယ်ချင်းတွေထဲမှာ အလှဆုံး၊ အနုဆုံး ဖြစ်ချင်တယ်လေ။

ဒီကနေ့ သူငယ်ချင်းတွေနဲ့ ချိန်းထားတာ ညနေ ၆နာရီမှ ဆိုပေမယ့် ပန်းနုက ၃နာရီလောက်ကတည်းက ရေချိုးလိုက်တယ်။ ရေချိုးခန်းထဲက ထွက်ထွက်ချင်း အသားလေးတွေမှာ အစိုဓါတ်လေးတွေ ရှိနေတုန်း မျက်နှာကို တိုနာလေး အရင်လူးတယ်။ နောက်တော့ မျက်နှာရဲ့ အတွင်းသားတွေထဲက ဆဲလ်တွေထဲထိ စိမ့်ဝင်ပြုပြင်ပေးတဲ့ မျက်နှာအားဖြည့်ရည်ကို သေသေချာချာလေး လိမ်းကျံရင်း မျက်နှာကို ဖွဖွလေး နှိပ်နယ်ပေးတယ်။ ပြီးတော့ နေလောင်ခံခရင်မ်လေး လိမ်းတယ်။ အဲတာတွေ လိမ်းပြီးတော့ တစ်ကိုယ်လုံးကို ဗီနီလာပန်းရနံ့လိုးရှင်းလူးတယ်။ ပြီးတော့မှ တဘက်နဲ့ ထုပ်ထားတဲ့ ဆံပင်အစိုကို အပူခံဆေးရည် ဖျန်းလိုက်တယ်။ ဆံပင်ရဲ့ အဖျားတွေကို အားဖြည့်ဆေးရည် ထပ်ဖြန်းတယ်။ ပြီးတော့ ဆံပင်ကို အသွားကျဲကျဲဘီးနဲ့ အသာအယာ ဖီးသင်လိုက်တယ်။
မိတ်ကပ်မလူးခင် အကျီတစ်ခါတည်း ဝတ်ထားလိုက်တယ်။ ခါးမှာ စည်းပြီး သိမ်းထားတဲ့ ဒီ ကျောက်စိမ်းရောင် ဝတ်စုံလေးက ဝတ်လိုက်တဲ့အခါမှာ လူကို ပိုပြီး သွယ်လျသွားစေတယ်။ အရှည်ကလည်း ဒူးဖုံးတာမို့ သိပ်မရိုင်းလှဘူး။ ဝတ်စုံလေးက လည်ပင်းပေါက် အဝိုင်းလေး။ သိပ်လည်းမဟိုက်ဘူး။ လည်ပင်းပေါက်တစ်ဝိုက်မှာ အနက်ရောင်ကျောက်လေးတွေ စီထားတယ်။ နောက်ကျောဖက်ခြမ်းမှာတော့ ဗွီပုံ ခပ်နက်နက်လေး ဖောက်ထားတယ်။။ ဝတ်စုံလေးရဲ့ အရောင်လေးက စိုနေတာပဲ။

အဲဒီနောက်တော့ မျက်နှာကို မိက်ကပ်လူးတယ်။ မိတ်ကပ်အရည်လေးတွေကို မျက်နှာပေါ်မှာ အစက်ပြောက်လေးတွေအဖြစ် အရင်တင်လိုက်တယ်။ ဘရှပ်လေးနဲ့ ဖွဖွလေး ဆွဲယူညှိတယ်။ မျက်ကွင်းညိုတာတွေကို သေသေချာချာလေး ဖုံးဖိထားနိုင်ဖို့အတွက် Concelar သုံးရပြန်တယ်။ မျက်နှာထက်က အစက်အပြောက်တွေကိုလည်း Concelar နဲ့ ဖုံးဖိရင်း လည်ပင်းနဲ့ မျက်နှာ အသားရောင် ထပ်တူကျနေအောင် စိတ်ရှည်လက်ရှည် ညှိယူလိုက်တယ်။ စိတ်တိုင်းကျပြီဆိုတော့မှ ပေါင်ဒါလေး အသာအယာ ရိုက်လိုက်တယ်။

အဲဒီနောက်တော့ မျက်လုံး။ ပထမဆုံး ပုံကျပြီးသား မျက်ခုံးမွှေးလေးကို ဆေးပါးပါးလေး လူးလိုက်တယ်။ မျက်ခုံးလေးနှစ်ဖက်က ထင်းသွားရော။ မျက်ခုံးဆိုတာ မျက်နှာပြင်တစ်ခုလုံးရဲ့ ပြတင်းပေါက်တဲ့။ ပြီးတော့မှ မျက်တောင်ကော့ကိရိယာလေးနဲ့ မျက်တောင်လေးတွေကို ကော့ယူလိုက်တယ်။ မျက်လုံးလေး ဖောင်းပြီး လှနေအောင် မျက်ခွံပေါ်မှာ ပုလဲဖြူရောင်ကို ခပ်ပါးပါး လိမ်းခြယ်လိုက်တယ်။ မျက်ရစ်ပေါ်မှာတော့ အညိုရောင်လေးကို မထူမပါးလေးပေါ့။ ကျင့်သားရနေပြီး ဖြစ်တဲ့ လက်က လိုင်နာကို တစ်ကြောင်းတည်း၊ တစ်ချက်တည်းနဲ့ ကော့ပြီး လှနေအောင် ဆွဲလိုက်နိုင်တယ်။ ပြီးတော့ မျက်တောင်ဆိုးဆေး ဆိုးတယ်။ မျက်လုံးတွေ တော်တော်လှသွားကြပြီ။

နှုတ်ခမ်းကို ပန်းဆီရောင်ဖျော့ဖျော့လေး ဆိုးမှာမို့ ပါးပြင်လေးနှစ်ဖက်ပေါ်ကိုလည်း ပန်းဆီရောင်ဖျော့ဖျော့လေး တင်လိုက်တယ်။ နောက်ပြီး အသားရေလေး စိုပြီး ပြောင်တင်းနေတယ် ထင်ရအောင် ပါးနီလေးရဲ့အပေါ်က ပါးရိုးလေးထက်မှာ ပုလဲဖြူရောင်လေးနည်းနည်း သုတ်လိမ်းလိုက်တယ်။ တော်တော်လေးတော့ အဆင်ပြေသွားပြီ။

နှာခေါင်းကျန်သေးတယ်။ နှာတံက အစကတည်းက ပေါ်ပြီးသားပဲ။ ဒါပေမယ့် ပိုလှသွားအောင် နှာတံရဲ့ အလယ်တည့်တည့်မှာ ပုလဲဖြူရောင်လေးနဲ့ ဆွဲပေးလိုက်တယ်။ နှာတံလေးက ပိုပြီး ထင်းလာတယ်။ ကြွရွလာတယ်။ မှန်တင်ခုံထဲမှာ မျက်နှာကို အနီးကပ်တစ်ခါ၊ ဝေးဝေးကတစ်ခါ အပြန်ပြန် အလှန်လှန်ကြည့်လိုက်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို သိပ်ပြီး ကျေနပ်သွားတယ်။ ယုံလား ၄၅ လို့တောင် မေးပစ်လိုက်ချင်မိပါရဲ့။

ပြီးတော့ ဆံပင်တွေကို စိတ်ရှည်လက်ရှည် လေမှုတ်ယူတယ်။ စိတ်တိုင်းကျ ပုံသွင်းတယ်။ အဖျားလေးတွေကို ဆံပင်လိပ်တဲ့ အပူပေးကိရိယာနဲ့ လိပ်လိုက်တယ်။ အားလုံး ပြင်ပြီးသွားတော့ ကိုယ့်ကိုယ်ကို မှန်ကြည့်လို့တောင် မဝဘူး။ နာရီကို ကြည့်လိုက်တော့ ငါးနာရီထိုးပြီး ၁၀မိနစ်တောင် လိုသေးတယ်။

စောနေသေးတာနဲ့ အိမ်က မထွက်သေးဘဲ အစွမ်းကုန် ခြယ်သထားတဲ့ ကိုယ့်ကိုယ်ကို မှန်ရှေ့မှာ တကြည့်ကြည့်နဲ့ ကြည့်မဝ ဖြစ်နေတယ်။ သေချာတယ်၊ ဒီနေ့ ငါအလှဆုံးဖြစ်မှာပဲလို့ ပန်းနုဘာသာ ပြောနေမိတယ်။

မှန်ရှေ့မှာ ကြည့်ရင်းကြည့်ရင်း မိတ်ကပ်တွေ သိပ်ပြီး များနေသလားလို့ စိတ်မှာ ထင်ယောင်စပြုလာတယ်။ သေသေချာချာ ထပ်ကြည့်လိုက်တယ်။ ပန်းနုပုံစံက ဟော်တယ်တစ်ခုခုမှာ ညစာစားပွဲတို့၊ မင်္ဂလာဆောင်တို့ သွားတက်မယ့် ပုံပေါက်နေတယ်။ သူငယ်ချင်းတွေနဲ့ ညစာသွားစားမှာ သည်လောက် ပြင်ဖို့ လိုရဲ့လား။ အို.. လိုတာပေါ့။ ငါ အလှဆုံး ဖြစ်ရမယ်လေ။ ဒါပေမယ့် တအားပြင်ထားလို့ လှနေတာပါလို့ ပြောရင် မခက်ဘူးလား။

မှန်ကြည့်ရင်း ကြည့်ရင်း စိတ်အိုက်လာတယ်။ ပါးနီးတွေ များနေသလိုပဲ။ နှာတံကလည်း ဆွဲထားတာ သိသာလွန်းတယ်။ မျက်ခုံးမွှေးလည်း တအားများ မည်းနေသလဲ။ မျက်လုံးမှာ လိုင်နာဆိုးထားတာလည်း ကလေးဆန်နေပြီ ထင်တယ်။ ငါ ဘာလုပ်ရမလဲ။ နာရီကို ကြည့်လိုက်တော့ ငါးနာရီအတိ။ ဆုံးဖြတ်ချက်တစ်ခုကို တိကနဲ ချလိုက်တယ်။ ပုံသွင်းပြီးသားဆံပင်တွေကို အသာလေး နောက်ဖက်သိမ်းယူပြီး ခပ်လျော့လျော့လေး စည်းနှောင်လိုက်တယ်။ နောက် မိတ်ကပ်ဖျက်တဲ့ တစ်သျှူးအစိုနဲ့ မိတ်ကပ်တွေကို ဆွဲပွတ်ဖျက်လိုက်တယ်။ မျက်နှာပြန်သစ်တယ်။

ပြီးတော့ အစအဆုံးတစ်ခေါက်ပြန်လိမ်းတယ်။ လိမ်းပြီးသွားတော့ ငါးနာရီခွဲ။ အိမ်က ထွက်သင့်ပြီ။

အိမ်က မထွက်ခင် မှန်ထပ်ကြည့်လိုက်သေးတယ်။ ဒီလိုမှပေါ့။ အခုမှပဲ စိတ်တိုင်းကျတော့တယ်။ ပါးနီလေးလည်း အနေတော်၊ မျက်လုံးက လိုင်နာလေးလည်း အနေတော်၊ မျက်ခုံးမွှေးလည်း အနေတော်။ ကိုယ့်ကိုယ်ကို ကျေနပ်သွားလို့ လက်ဖျစ်လေးတောင် တစ်ချက် တီးပစ်လိုက်သေး။

ပြီးတော့ သားရေအိတ် အနက်ရောင်သေးသေးလေးကို ပုခုံးထက်မှာလွယ်၊ ဒေါက်ဖိနပ်လေးကို လက်ကနေကိုင်ပြီး မှန်တင်ခုံကြီးကို ကျောပေးရင်း အခန်းထဲကနေ ထွက်သွားတော့တယ်။

သူ့ကိုသူ အကျေနပ်ကြီး ကျေနပ်ပြီး သူငယ်ချင်းတွေဆီ ချီတက်သွားတဲ့ ပန်းနုကို မှန်တင်ခုံကြီးက ကျိတ်ပြီး ရယ်နေခဲ့တာကို ပန်းနုကတော့ ဘယ်သိမလဲ။ သူက သူငယ်ချင်းတွေရဲ့ ချီးကျူးသံတွေကြားမှာ ပုခုံးလေး သိမ့်သိမ့်တုန်အောင် ရယ်မောသဘောကျနေခဲ့ပြီကိုး။

လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်

No comments:

Post a Comment