Tuesday, November 11, 2014

ရင်းနှီးငွေကြီးကြီးမားမားမရှိဘဲ အနည်းငယ်မျှဖြင့် သင်၏စီးပွားရေးလုပ်ငန်းအား စတင်ရန် မဖြစ်မနေ ဆောင်ရွက်ရမည့်အချက်(၈)ချက်

စီးပွားရေးစွမ်းဆောင်ရှင်များသည် တစ်ခါတစ်ရံတွင် အံ့အားသင့်လောက်စရာ စီးပွားရေး အကြံဥာဏ်ကောင်းများ ရတတ်ပါလိမ့်မည်။ သို့သော် ငွေအရင်းအနှီး မရှိခြင်းကြောင့် ၎င်းအကြံဥာဏ်ကောင်းများအား ရပ်ဆိုင်းထားကြပါသည်။ ၎င်းအကြံဥာဏ်ကောင်းများအား နောက်ကွယ်တွင် ထောက်ပံ့ပေးမည့် အဓိကကျသော ငွေကြေးမရှိလျှင် ဆောင်ရွက်ရန် အလှမ်းဝေးလိမ့်မည်ဟု ယူဆကြပါသည်။

အစပျိုးလုပ်ငန်းအသစ်တစ်ခုသည် အရင်းအနှီးများစွာဖြင့် စွန့်စားလုပ်ကိုင်ခြင်းမှ ဒေါ်လာ သန်းပေါင်းများစွာ နေ့စဉ်နေ့တိုင်း လက်ခံရရှိနေသည်ဟု ထင်မြင်ပုံပေါ်ပါသည်။ သို့သော် ဒေါ်လာသန်းများစွာဖြင့် ဟုန်းဟုန်းတောက် လုပ်ကိုင်ဆောင်ရွက်ခဲ့သော အချို့သော ကနဦးလုပ်ငန်း ကျရှုံးမှုများသည် အဖျားရှုးသွားခဲ့ပြီး ၎င်းတို့၏ အခွင့်အလမ်း တံခါးပေါက်များ ထာဝရ ပိတ်သွားခဲ့သည့် အကြောင်းကို သင် မကြားဖူးပါ။

အကယ်၍ သင်၏အကြံဥာဏ်နှင့် စီမံချက်အား အစကတည်းမှ ကောင်းမွန်စွာ အကောင်အထည်မဖော်လျှင် ငွေပမာဏမည်မျှပင်ရှိစေကာမူ အောင်မြင်သူတစ်ယောက်အဖြစ် မပြောင်းလဲနိုင်ပါ။ ငွေနည်းနည်းနဲ့ မဟာအကြံဥာဏ် ရှိနေသလား။ ရပ်တန့်မသွားပါစေနဲ့။ ဟုတ်ပါတယ်။ ငွေနည်းနည်းနဲ့ အိပ်မပျော်တဲ့အထိ ရက်တွေကြာရှည်နေပါလိမ့်မယ်။ ဟုတ်ပါတယ်။ သင် စိတ်ဖိစီးမှုတွေ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အင်မတန် အသည်းအသန် ဆန္ဒရှိသူတွေ လုပ်ဆောင်နိုင်ပါလိမ့်မယ်။

ငွေကြေးနည်းနည်းနဲ့ သင့်ရဲ့စိတ်ကူးတွေကို ရရှိပိုင်ဆိုင်စေဖို့ အထောက်အကူပြုနိုင်မယ့် အချက်များ ဖြစ်ပါတယ်-

    သင် နားလည်တတ်ကျွမ်းသည့် စီးပွားရေးလုပ်ငန်းကို အခြေပြုပျိုးထောင်ပါ။ – မတွေ့ကြုံ မလေ့လာဖူးသေးသော နယ်မြေအတွင်းသို့ ၀င်ရောက်စွန့်စားသည့်အစား သင်၏ ကျွမ်းကျင်မှုနှင့် သိရှိနားလည်မှုကို အခြေပြုသော စီးပွားရေးကို ပျိုးထောင်ပါ။ ပြင်ပအရင်းအမြစ်များအပေါ် သင် မှီခိုမှုနည်းပါးလေ ပိုမိုကောင်းမွန်လေ ဖြစ်ပါသည်။ သင်ကိုယ်တိုင် တတ်ကျွမ်းသော ပညာရပ်ဖြင့် စီးပွားရေးကို ပျိုးထောင်သောအခါ အတိုင်ပင်ခံများနှင့် ပြင်ပအထောက်အပံ့အကူအညီများကို သင် ဖယ်ရှားနိုင်ပါသည်။ ထို့ပြင်လည်း ထိုအသိပညာ ရှိခြင်းသည်လည်း တစ်ခါတစ်ရံတွင် စီးပွားရေး စွမ်းဆောင်မှု အတတ်ပညာအား စွန့်စားဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိရန် လိုအပ်ချက်လည်း ဖြစ်တတ်ပါသည်။
    သင်လုပ်ကိုင်ဆောင်ရွက်နေသည်တို့ကို သင် တတ်ကျွမ်းနားလည်ကြောင်း အားလုံးကို ပြောပြပါ။ သင်၏မိသားစု၊ မိတ်ဆွေသူငယ်များ၊ စီးပွားရေးလုပ်ငန်း အဆက်အသွယ်များနှင့် ကျောင်းနေဘက် ဖြစ်ခဲ့သူများအား သင်၏စီးပွားရေးလုပ်ငန်း အသစ်အကြောင်းအား သတင်းပေးပြောဆိုပါ။ ဖုန်းဆက်သွယ်ပါ။ အီးမေးလ်များပေးပို့ပြီး သင်၏လူမှုဆက်သွယ်ရေး profiles ပေါ်တွင် သင်၏စီးပွားရေးလုပ်ငန်းအသစ်အကြောင်းအား တင်ပြပါ။ သင့် မိတ်ဆွေသူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေက သတင်းဖြန့်ပေးဖို့ ကူညီပေးနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်း အဆက်အသွယ် ရှိခဲ့သူများကလည်း သူတို့ရဲ့ အောင်မြင်တဲ့ စီးပွားရေး အဆက်အသွယ်ကြီးကို သင့်လုပ်ငန်းအကြောင်း မိတ်ဆက်ပြောကြားနိုင်ပါတယ်။ ဒီလို အခြေခံကျတဲ့ မားကက်တင်းပုံစံဟာ သင့်ရဲ့ကုမ္ပဏီတွေကို လူအမြောက်အမြားသိလာစေဖို့ စတင်မိတ်ဆက်ရာမှာ အထောက်အပံ့ပေးနိုင်ပါတယ်။
    မလိုအပ်သော ကုန်ကျစရိတ်များကို ရှောင်ရှားပါ။ – သုံးစွဲရမယ့် ကုန်ကျစရိတ်တွေ များစွာ ရှိလာမှာပါ။ ရှောင်လို့မရနိုင်တဲ့ ကုန်ကျစရိတ်တချို့လည်း ရှိပါတယ်။ ဒါပေမယ့်လည်း သုံးစွဲလွန်းတာကိုတော့် သင် ရှောင်နိုင်ပါတယ်။ လုပ်ငန်းလိပ်စာကတ်ပြားလို ရိုးရှင်းတဲ့ ဥပမာတစ်ခုကို ကြည့်ကြည့်ရအောင်။ တည်ငြိမ်ရင့်ကျက်တဲ့ အချက်အလက်ကို ပေးတဲ့ စီးပွားရေးလုပ်ငန်းလိပ်စာ သတ္တုကတ်ပြား (၅၀၀)မှာ သင် ဒေါ်လာ ၁၀၀၀ သုံးစွဲနိုင်ပါတယ်။ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်း ပုံမှန်လိပ်စာကတ်ပြား (၅၀၀) မှာ ၁၀ ဒေါ်လာ သုံးစွဲနိုင်ပါတယ်။ ကနဦးမှာ ခြိုးခြံချွေတာခြင်းဟာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းနဲ့ ကျရှုံးတဲ့စီးပွားရေးလုပ်ငန်း တို့ရဲ့ ကွာခြားချက်ဖြစ်နိုင်ပါတယ်။
    Credit Card အကြွေးမှာ မနစ်မြုပ်ပါစေနဲ့ – စီးပွားရေးလုပ်ငန်း စတင်ဆောင်ရွက်တဲ့အခါ credit card ကို အသုံးပြုဖို့ အကောင်းဆုံးနည်းလမ်းဖြစ်သလို ဒုက္ခရောက်စေတဲ့ နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။ ကွန်ပြူတာအသစ်တွေ၊ ရုံးသုံးပရိဘောဂတွေ၊ ဖုန်းတွေနဲ့ အထောက်အပံ့ပစ္စည်းတွေကို အလျှင်အမြန် ထည့်သွင်းနိုင်ပါတယ်။ အားလုံးကို တစ်ပြိုင်နက်တည်း ၀ယ်ပြီး credit card ကို သုံးပစ်လိုက်မယ့်အစား သင့်ရဲ့ကုန်ကျစရိတ်ကို ထောက်ပံ့ဖို့ သင့်ကုမ္ပဏီရဲ့လုပ်ငန်းဝင်ငွေကို အသုံးပြုပါ။ အကြွေးတင်ခြင်းရဲ့ စိတ်ဖိစီးမှုနဲ့ ၀န်ထုပ်ဝန်ပိုးတွေကို ရှင်းထုတ်ပစ်တာဟာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖန်တီးစေဖို့ အခွင့်အလမ်းများ များစွာ တိုးမြင့်စေပါလိမ့်မယ်။
    သင့်ရဲ့ကြွေးကျန်စနစ်တွေမှာ သင် မနစ်မြုပ်အောင် စီစစ်ဆောင်ရွက်ပါ။ – သင့်ရဲ့ စီးပွားရေးလုပ်ငန်းဟာ လက်လီရောင်းချတဲ့လုပ်ငန်းတစ်ခု ဆိုရင်တော့ ကျင့်သုံးစရာ မလိုပါဘူး။ အကြံပေးလုပ်ငန်း ဒါမှမဟုတ် လက်လီဖြန့်ချိသူများထံ ကုန်ပစ္စည်း တင်သွင်းခြင်း တို့လို ၀န်ဆောင်မှုတွေ ပံ့ပိုးဆောင်ရွက်နေတယ်ဆိုရင်တော့ ငွေပေးချေမှု ပုံစံကို သေသေချာချာ စီစဉ်ဆောင်ရွက်ပါ။ နောက်ဆုံး(၁၅)နှစ် ဒါမှမဟုတ် အနှစ်(၃၀) သက်တမ်းလောက် အောင်မြင်စွာ ဆက်လက်တည်ရှိနိုင်သလား။ သင့်ရဲ့ဖောက်သည်တွေ လိုချင်မယ့်အရာလို့ သင်ထင်ပြီး အဲဒီအပေါ် အကြွေးနဲ့ရင်းနှီးမြုပ်နှံမှုမပြုပါနဲ့။ သင့်ရဲ့ စီးပွားရေးလုပ်ငန်း အောင်မြင်စွာ လည်ပတ်အောင် ဆောင်ရွက်ပေးမယ့်အရာပေါ်မှာ အခြေပြု ဆောင်ရွက်ပါ။
    အားထုတ်မှုတန်ဖိုးကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ပါ။ – ကျွန်တော့်ရဲ့ စီးပွားရေးလုပ်ငန်းကို ပထမဆုံး ကျွန်တော် စတင်ခဲ့ချိန်မှာ လုပ်ငန်းရဲ့ရှုထောင့်တိုင်းကို ကိုင်တွယ်ဆောင်ရွက်ရင်း ကျွန်တော် (၂၄)နာရီပတ်လုံး အလုပ်လုပ်ခဲ့ပါတယ်။ မားကက်တင်းနဲ့ တိုးတက်မှုတို့လည်း ပါဝင်ပါတယ်။ ကြိုးကြိုးစားစားနဲ့ နေ့ရက်ပေါင်းများစွာ သင် လုပ်ကိုင်လာခဲ့တာတွေအားလုံးဟာ အလကားသက်သက် မဖြစ်ပါဘူး။ သင်ဟာ အမှတ်တံဆိပ်တစ်ခုကို တည်ဆောက်နေပြီး သင့်ရဲ့ကြိုးစားအားထုတ်မှုဟာ သင့်စီးပွားရေး လုပ်ငန်းရဲ့တန်ဖိုးကို အခြေခံအားဖြင့် မြင့်တက်နေစေပါတယ်။ သင့်ကုမ္ပဏီရဲ့ ပစ္စည်းတစ်ခုခုကို ရောင်းချဖို့ ဒါမှမဟုတ် စီးပွားဖက်တစ်ဦးကို ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လျှင် သင့်ရဲ့အားထုတ်မှုတန်ဖိုးဟာ အကျိုးသက်ရောက်မှု ရှိလာပါလိမ့်မယ်။
    အခမဲ့ ကြော်ငြာခြင်းနှင့် ဈေးကွက်ထိုးဖောက်ခြင်း အကျိုးကျေးဇူးကို ရယူပါ။ – ဘဏ်အကြွေးကို အသုံးမပြုဘဲ သင့်စီးပွားရေးလုပ်ငန်းအတွက် လှုပ်ရှားဆောင်ရွက်တစ်ခု ဖြစ်ပေါ်လာစေဖို့ နည်းလမ်းများစွာ ရှိပါတယ်။ လူမှုဆက်သွယ်ရေးဟာ ကြော်ငြာခြင်းပြုလုပ်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ရပ်ပြီး နောင်ရရှိလာမယ့် ဖောက်သည်များကို တုံ့ပြန်စေပါတယ်။ ပြည်တွင်း ဆက်သွယ်ရေးမီဒီယာများနှင့်လည်း ဆက်သွယ်ဆောင်ရွက်နိုင်ပြီး သင့်ရဲ့ကျွမ်းကျင်မှု အပိုင်းကို ကမ်းလှမ်းနိုင်ပါတယ်။ပြည်တွင်းမီဒီယာ အဆက်အသွယ်များ များနိုင်သမျှများစွာ ပြုလုပ်ပြီး ၎င်းတို့ရဲ့ တောင်းဆိုမှုတွေကို ချက်ချင်း အလိုက်သင့်တုံ့ပြန်သင့်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ သင့်ရဲ့စီးပွားရေးလုပ်ငန်းအတွက် အခမဲ့ပုံနှိပ်ပေးခြင်းတွေ များစွာ ထွက်ပေါ်လာပြီး ပြည်တွင်း အာဏာရှိသူများအဖြစ် ဈေးကွက်တွင် နာမည်ရှိလာအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။
    အားထုတ်မှုအပြည့်နဲ့ဆောင်ရွက်ဖို့ အသင့်ပြင်ပါ။ – ကြိုးကြိုးစားစား အလုပ်လုပ်ဖို့ကတော့ အပြည့်အ၀ လိုအပ်ပါတယ်။ ဒါပေမယ့် ရင်းနှီးငွေကြီးကြီးမားမားမရှိဘဲ အနည်းငယ်မျှနှင့် သင် လုပ်ငန်းကို စတင်တဲ့အခါ စီးပွားရေးမှာ အောင်မြင်မှုရရှိအောင် ဆောင်ရွက်ပေးမယ့် အရာရာတိုင်းမှာ နစ်မြုပ်ဖို့ အဆင်သင့်ဖြစ်နေရပါမယ်။ လုံးဝမသိသေးတဲ့ သူများကို ရောင်းချခြင်း၊ ဖောက်သည်အား ပံ့ပိုးပေးခြင်းကို ကိုင်တွယ်ဆောင်ရွက်ခြင်း၊ ငွေတောင်းခံခြင်းနှင့် စာရင်းတို့ကို ကိုင်တွယ်ဆောင်ရွက်ခြင်းနှင့် သင့်စီးပွားရေးလုပ်ငန်း၏ အခြား လုပ်ငန်းလုပ်ကိုင်သည့် အပိုင်းတိုင်းကို ဆိုလိုပါသည်။ အမျိုးမျိုး ပြောင်းလဲဆောင်ရွက် ရမည်ဖြစ်ပြီး လုပ်ငန်းအား အောင်မြင်သည်အထိ ဆောင်ရွက်မည်ဆိုလျှင် သင်၏ အချိန်နှင့် စွမ်းအင်အများစု လိုအပ်ပါလိမ့်မည်။

ရင်းနှီးငွေ နည်းပါးမှုသည် အကြံဥာဏ်ကောင်းနှင့် ၎င်းအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအတွက် အတားအဆီးမဖြစ်ပါစေနှင့်။ ခက်ခဲပြီး သောကရောက်ရတဲ့ အခြေအနေတွေ ကြုံလာရမှာလား။ ကြုံရမှာပေါ့။ ဒါပေမယ့် ဒီလိုကြုံရတာဟာလည်း စီးပွားရေး စွမ်းဆောင်မှု အတတ်ပညာရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတစ်ခုကို တစ်ယောက်တည်း အားထုတ်မှုနဲ့ စတင်ခဲ့ရပါသလား။ ဒီလိုဆိုရင် အောက်မှာရှိတဲ့ မှတ်ချက်ကဏ္ဍမှာ သင့်ရဲ့အတွေ့အကြုံတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ကို ပြောပြပါ။

Translated by Tinzar

Ref: 8 Musts to Start Your Business With Little to No Capital by Jonathan Long

Founder and CEO, Market Domination Media

No comments:

Post a Comment