Tuesday, November 11, 2014

ဟိုးတုန်းက သူ ငယ် ချင်း

ကျွန်တော်ရဲ့ တက္ကသိုလ်ကျောင်းသားဘဝ အစက တစ်ခြားကျောင်းသားတွေနဲ့ မခြားခဲ့ပါဘူး။ ကျောင်းသူလှလှလေးတွေ အမြဲရှိတတ်တဲ့ ကျောင်းကင်တင်းန်ရယ်၊ ၂နှစ်ကြာခွဲခွါနေတဲ့ သူငယ်ချင်းတွေနဲ့ ပြောမကုန်တဲ့ စကားတွေရယ်က ပထမနှစ် တက္ကသိုလ်ကျောင်းသား ကျွန်တော့်စိတ်ကို ပိုလန်းဆန်း တက်ကြွစေခဲ့ပါတယ်။ နှစ်ချီကြာ တိတ်ဆိတ်ခဲ့တဲ့ စာသင်ခန်းက အခုတော့ ကျောင်းသူကျောင်းသားတွေရဲ့ ရယ်မောသံနဲ့ သက်ဝင်လှုပ်ရှားလာခဲ့တယ်။

ပထမနှစ်ကျောင်းသားပီပီ ကျွန်တော်တို့ရဲ့အချိန်က စာသင်ခန်းမှာထက် ကင်တင်းန်မှာ ပိုများခဲ့တယ်။ တစ်ခြားမေဂျာက သူငယ်ချင်းအသစ်တွေနဲ့ ပိုခင်မင်ရင်းနှီးအောင် အဆောင်မှာ ဝိုင်းဖွဲ့တာလဲ ခဏခဏပါပဲ။ တက္ကသိုလ်ကျောင်းသားဘဝကို လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ကြီး ဖြတ်သန်းဖို့ ကျွန်တော်စိတ်ကူးခဲ့တယ်။

ဒါပေမယ့် ပျော်စရာအချိန်တွေက တိုတောင်းလွန်းခဲ့တယ်။ ကျောင်းသူတွေရဲ့ မျက်နှာလှလှကို ငေးမောမဝခင် ပထမနှစ် စာသင်နှစ်က ကျွန်တော်တို့အပါးကနေ ရက်ရက်စက်စက် ထွက်ခွာသွားခဲ့တယ်။ ကျောင်းစာတွေ ဗလာစာအုပ်တစ်အုပ် မပြည့်ခင်မှာ ကျွန်တော်တို့ စာမေးပွဲဖြေခဲ့ကြရတယ်။

ဒုတိယနှစ်ကျောင်းအဖွင့်မှာ ကျွန်တော့်ကိုကျွန်တော် ကင်တင်းန်လျှော့ထိုင်မယ်၊ အတန်းမှန်မှန်တက်မယ်လို့ သတိပေးလိုက်တယ်။ တကယ်လည်း ဒုတိယနှစ်က ပထမနှစ်ထက် စာပိုများပြီး ဂုဏ်ထူးတန်းအတွက် အရေးကြီးတဲ့နှစ်ဖြစ်တယ်။ ဒါပေမယ့် အပေါင်းအသင်းကို ကျောင်းစာထက် ပိုခုံမင်မိတဲ့ကျွန်တော် ပရယ်တီကယ် မှန်မှန်လုပ်ဖို့လောက်ပဲ ကိုယ့်ကိုယ်ကို သတိပေးနိုင်ခဲ့တယ်။

အဲဒီလိုနဲ့ သူငယ်ချင်းတွေနဲ့ ကင်တင်းန်မှာထိုင်ပြီး အချိန်ရထားကြီး တဖြေးဖြေး ထွက်ခွါသွားတာကို ကျွန်တော်ငေးမောခဲ့တယ်။ ကျွန်တော့်စာအုပ် အဖြူစင်လေးက မင်တစ်စက်တောင် အစွန်းမခံခဲ့သေးပါဘူး။

"ဟေ့ကောင်.. ကျော်လှိုင် .. မင်းကို ဟိုကောင်မလေးတွေက စာကူးပေးမလို့တဲ့"

အတန်းပြောင်းချိန်မှာ ကျိုင်းတုံသား သက်ထွန်းက ကျွန်တော်ကိုလာပြောတယ်။ ရေငတ်တုန်း ရေတွင်းထဲ ပြုတ်ကျတဲ့ကျွန်တော် သက်ထွန်းညွှန်ပြတဲ့ ကောင်မလေးတွေကို လှမ်းကြည့်လိုက်တယ်။ ဆံပင်ရှည်ရှည် အသားညိုညိုနဲ့က နှစ်ယောက်၊ ဆံပင်တိုတို အသားဖြူဖြူနဲ့က နှစ်ယောက် .. အဲဒီထဲမှာ ဆံပင်တိုအသားဖြူတဲ့ တစ်ယောက်ကလွဲရင် အားလုံးက ပိန်ပိန်ပါးပါးတွေချည်းပဲ။ အတန်းပြောင်းချိန်မို့ လေးယောက်သား နေကြာစေ့ တစ်ဖျောက်ဖျောက် ဝါးရင်း စကားတွေ ဖောင်ဖွဲ့နေခဲ့တယ်။ ကျွန်တော်လှမ်းကြည့်တာကို သတိထားမိပုံ မရခဲ့ဘူး။

"စာကူးကူမလို့ဆို.. " အတန်းပြောင်းချိန်မှာ သူတို့ရှေ့မှာရပ်ပြီး ကျွန်တော်အရဲစွန့်မေးလိုက်တယ်။ နေကြာစေ့သံနဲ့ စကားပြောသံတွေ စက္ကန့်ပိုင်းလောက် တိတ်ဆိတ်သွားခဲ့တယ်။ အဲဒီနောက် စာကူးမယ့်ကိစ္စ တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုး မေးနေခဲ့တယ်။ ကျွန်တော် သဘောပေါက်လိုက်ပါတယ်။ ဟိုကောင်သက်ထွန်း ကျွန်တော်ကို တမင်နောက်သွားပြီဆိုတာ... "မသိပါဘူး.. ကျွန်တော်က အဟုတ်မှတ်လို့" ပြောပြီး သူတို့ရှေ့ကနေ ကျွန်တော်လှည့်ထွက်လာခဲ့တယ်။

မနက်ပိုင်းသာ တက်ရတဲ့အတန်းမို့ ကျောင်းဆင်းတော့ သူငယ်ချင်းတွေနဲ့ ကင်တင်းန်မှာ ကျွန်တော်တို့ထိုင်ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ထိုင်တဲ့ ဆိုင်ရှေ့က ခေါက်ဆွဲဆိုင်မှာ စာကူးကူမယ်ဆိုတဲ့ ကျောင်းသူလေးယောက်ကို တွေ့လိုက်တယ်။ ကျွန်တော်ကိုတွေ့တော့ တစ်ယောက်က လက်ယပ်ခေါ်ပြီး စာအုပ်ထောင်ပြတယ်။ စာကူးပေးမယ်ဆိုတဲ့ သဘောပေါ့... သေချာတဲ့ ဒီတစ်ခေါက်မှာ ကျွန်တော်တုံ့ဆိုင်း မနေတော့ဘူး။ စာအုပ်ယူပြီး သူတို့ကိုသွားပေးလိုက်တယ်။

နောက်တစ်ရက်ခြားမှာ ကူးပေးတဲ့စာအုပ် ကျွန်တော်ပြန်ရခဲ့တယ်။ သပ်သပ်ရပ်ရပ် ကူးထားတဲ့စာအုပ်ထဲမှာ လက်ရေးနှစ်မျိုးတွေ့ရတယ်။ ကျေးဇူးတင်တဲ့အနေနဲ့ သူတို့ကို ကျွန်တော် လက်ဖက်ရည်တိုက်ချင်ပေမယ့် အမေပေးတဲ့ တစ်နေ့၅ဝကျပ်ဆိုတဲ့ မုန့်ဖိုးက သူတို့လေးယောက်အတွက် မလောက်ခဲ့ဘူး။ "ကျေးဇူးတင်ပါတယ်"ဆိုတဲ့ စကားတစ်ခွန်းသာ ကျွန်တော်ပြောနိုင်ခဲ့တယ်။

တစ်တန်းသားချင်း စာလည်းကူးပေးတယ်ဆိုပေမယ့် ခင်မင်တဲ့အထိ ကျွန်တော်တို့ အဆင့်မတိုးခဲ့ပါဘူး။ သူတို့လေးယောက်က အမြဲတပူးတွဲတွဲမို့ ကျွန်တော်ကစပြီး စကားသွားမပြောရဲခဲ့ဘူး။ ခင်မင်ရင်းနှီးဖို့ အခွင့်အရေးက ကျွန်တော့်အပါးကနေ ကွေ့ပတ်သွားခဲ့တယ်။

အဲဒီနေ့က ဟိုကောင် ကျိုင်းတုံသားသက်ထွန်း ကျွန်တော့်ကို စာအုပ်တစ်အုပ် လာပေးခဲ့တယ်။ ကျွန်တော့်ရဲ့ သင်္ချာကျူတိုရီရယ် စာအုပ်ပါ။ ထူးထူးဆန်းဆန်း ဒီကောင် ကျွန်တော့်စာအုပ်တစ်အုပ်ပဲ ဘာဖြစ်လို့ ယူလာတာလဲလို့ တွေးလို့မဆုံးခင် သူငယ်ချင်း စောကျော်သူရက "ဟေ့ကောင် ဖတ်ကြည့်..." ဆိုပြီး စာအုပ်ကို ထိုးပေးပါတယ်။ ကျွန်တော်ယူကြည့်တော့ အမှတ်ပေးထားတဲ့ နေရာမှာ ခဲတံနဲ့ရေးထားတဲ့ ကဗျာတိုတစ်ပုဒ်ကို တွေ့လိုက်တယ်။ ဒီတစ်ခါတော့ သက်ထွန်းမနောက်မှန်း ကျွန်တော် တပ်အပ်ပြောရဲခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကဗျာလက်ရေးက ဟိုးတစ်ခါ ကျွန်တော့်ကို စာကူးပေးတဲ့ လက်ရေးထဲက တစ်ယောက်ဖြစ်နေလို့ပါပဲ။ စာကူးပေးတဲ့ လေးယောက်ကို ကျွန်တော် မသိမသာ လှည့်ကြည့်လိုက်တယ်။ ကျန်သုံးယောက်ကလွဲရင် ဝတုတ်တုတ် ကောင်မလေးတစ်ယောက်ပဲ ခေါင်းငုံ့နေခဲ့ပါတယ်။

မျှော်သာမျှော်လျှက်
အခေါ်ခက်ပြန်
နှုတ်ဆက်ရန်လည်း
မရဲမဝံ့
မျက်ရည်လွင့်ချင်
ရင်နင့်ကျန်မှာ စိုးပါသည်။ (ရှား)

ကဗျာကြောင့် သူတို့အဖွဲ့ကို ကျွန်တော်ပိုသတိထား ကြည့်ခဲ့မိတယ်။ သူတို့က ကြည့်လိုက်တိုင်း ပြောမကုန်တဲ့ စကားတွေနဲ့ အမြဲပြုံးရယ်နေတတ်တယ်။ အဆိုးဆုံးက ဟိုဝတုတ်မလေး အစားနဲ့ပါးစပ် မပြတ်သလို စကားကလည်း တတွတ်တွတ် ပြောနိုင်သေးတယ်။ အမြဲတမ်း စိတ်လွတ်ကိုယ်လွတ် ဘာမှ အပူအပင် မရှိတဲ့ပုံစံနဲ့ တစ်ခါတလေ ကျွန်တော့်ဖက်ကို ကြည့်ပြီး သူတို့တစ်ခုခု ပြောနေတတ်တယ်။

ကျွန်တော့်စိတ်မှာ မတင်မကျဖြစ်နေတယ်။ အဖြေရှိတဲ့ ပုစ္ဆာတစ်ပုဒ်ရဲ့ တိကျတဲ့အဖြေကို ကျွန်တော်သိချင်နေမိတယ်။ သိလိုစိတ်ကို ကျွန်တော်တားမရတဲ့အဆုံး သင်္ချာကျူတိုရီရယ် ဖြေတဲ့နေ့က ဆရာမကို စာအုပ်တွေ နားနေခန်း လိုက်ပို့မယ်ဆိုပြီး ဖြေထားတဲ့စာအုပ်တွေ ကျွန်တော်ယူလာခဲ့တယ်။ ပြီးတော့ စာအုပ်တွေထဲက စာအုပ်တစ်အုပ်ကို ကျွန်တော် ခပ်မြန်မြန်လေး ရှာလိုက်တယ်။ တွေ့ပါပြီ.. "မီးမီး" လို့ နာမည်ထိုးထားတဲ့ စာအုပ်တစ်အုပ်... စာအုပ်ကို လှန်မကြည့်ခင် တစ်ခုခုကို ကျွန်တော်တိတ်တခိုး ဆုတောင်းလိုက်မိတယ်။ ပြီးမှ လှုပ်ရှားနေတဲ့စိတ်နဲ့ စာအုပ်ထဲက လက်ရေးကို တစ်ရွက်ချင်း ကျွန်တော်လှန်ကြည့်လိုက်တယ်။ သေချာပါပြီ... ကျွန်တော့်ရင်ထဲက ဆုတောင်းလေး ပြည့်ခဲ့ပါတယ်။ စာအုပ်ကို ဆရာမစားပွဲပေါ် အမြန်တင်ပြီး ဝရံတာရှေ့ ကျွန်တော်ပြေးထွက်လာခဲ့တယ်။ ကျောင်းအောက်ကို လှမ်းကြည့်လိုက်တော့ ဝတုတ်တုတ် လိပ်ပြာလေးတစ်ကောင်က သူ့အဖော် သူငယ်ချင်းတွေနဲ့ ကျောင်းရှေ့ပန်းခြံမှာ လွတ်လွတ်လပ်လပ် ဝဲပျံနေခဲ့တယ်။

အဲဒီနောက်မှတော့ ဆွဲဆောင်မှုတစ်ခုနောက် ကျွန်တော် စီးမျှောလိုက်ပါခဲ့တယ်။ ကျွန်တော် အတန်းချိန်တွေ မှန်ခဲ့တယ်။ မသိမသာတစ်မျိုး၊ သိသိသာသာတစ်မျိုးနဲ့ ဘုတ်အီးမကို ကျွန်တော်ချောင်းကြည့်လာတတ်တယ်။ မနက်စောစော ပရယ်တီကယ် မတက်ခင် ဘုတ်အီးမအလာကို ဝရံတာအကွယ်ကနေ ကျွန်တော် စောင့်ကြည့်တတ်ခဲ့တယ်။

မနက်တိုင်း ကျောင်းတက်ခါနီး ၅မိနစ်အလိုမှာ လိုင်းကားစီးပြီး ကျောင်းကို အိပ်ချင်မူးတူးနဲ့ ဘုတ်အီးမ ရောက်လာတတ်တယ်။ လူလိုသူလို လှလှပပ လိမ်းမထားတဲ့ ကြောင်ခြစ်သနပ်ခါး ပါးကျားနှစ်ကွက်က ဘုတ်အီးမရဲ့ အမှတ်တံဆိပ်ဖြစ်တယ်။ မညီညာတဲ့ ထမိန်နဲ့ ဖလန်ထည် ရှပ်အင်္ကျီပွပွကြီးကို အမြဲဝတ်တတ်တဲ့ ဘုတ်အီးမ၊ လမ်းလျှောက်ရင် လမ်းကျွံသွားမလား ထင်ရတဲ့ ခြေလှမ်းမျိုးနဲ့ ကျွန်တော်ကြည့်မဝခင် ကျောင်းဆင်ဝင်အောက် ရောက်လာတတ်တယ်။ လှေကားပေါ် တဒုန်းဒုန်း တက်လာတဲ့ သူ့ခြေသံကြားရင် စာသင်ခန်းထဲ ကျွန်တော်အပြေးဝင်လိုက်တယ်။ ခိုးကြည့်တာကို လူသိမခံနိုင်တဲ့ပုံစံနဲ့ အခန်းထဲမှာ ကျွန်တော်မှင်သေနေခဲ့မိတယ်။

ဒီလိုနဲ့ ကျောင်းသူလှလှလေးတွေကြားက သာမန်ထက် ပိုပြီးမသာမန်နိုင်တော့တဲ့ ဘုတ်အီးမကို စောင့်ကြည့်၊ ခိုးကြည့်တဲ့ အဆင့်ကနေ ကျွန်တော်မတက်ခဲ့ဘူး။ ပုခုံးလောက်သာရှိတဲ့ ဆံပင်တိုနဲ့ ချည်လွယ်အိတ်ကြီး လွယ်ထားတတ်တဲ့ ဘုတ်အီးမကို အမြဲခိုးကြည့်မိအောင် ကျွန်တော့်ကို ဘာတွေက ဆွဲဆောင်နေခဲ့လဲ မသိခဲ့ပါဘူး။ စိတ်လွတ်ကိုယ်လွတ်နဲ့ အပြစ်ကင်းတဲ့ ကလေးလေးတစ်ယောက်လို အမြဲတမ်း ပြုံးရယ်နေတတ်တဲ့ သူပုံစံကြောင့် ဖြစ်လိမ့်မယ် ထင်ပါတယ်။

ဒီလိုပါပဲ.. ဘုတ်အီးမနဲ့ စကားတစ်ခွန်းတောင် ကျွန်တော် မပြောလိုက်ရခင်မှာ ၆လတစ်တန်းဆိုတဲ့ စာသင်နှစ်က ကုန်ဆုံးသွားခဲ့ပြန်တယ်။ ဒုတိယနှစ် နွေကျောင်းပိတ်ရက်မှာ ခါတိုင်းလုပ်နေကျ ပန်းတိမ်အလုပ်အပြင် အပြင်ထွက်တိုင်း ဘုတ်အီးမကို ရှာရတဲ့အလုပ်တစ်ခု ကျွန်တော့်မှာ ပိုလာတယ်။ ဒါပေမယ့် ဝတုတ်တုတ် ဘုတ်အီးမတစ်ယောက်ကို ရှာဖို့ တောင်ကြီးမြို့က ကျွန်တော့်အတွက် ကျယ်လွန်းခဲ့တယ်။ နွေလေနဲ့အတူ သစ်ရွက်ကြွေတွေကိုကြည့်ပြီး ဘာကြောင့်ရယ်မသိ ဘုတ်အီးမကို ကျွန်တော်လွမ်းမိတယ်....

တတိယနှစ် ကျောင်းဖွင့်ချိန်က ကျွန်တော့်အတွက် အပျော်ဆုံးအချိန်တွေဖြစ်ခဲ့တယ်။ ဘုတ်အီးမတို့ အဖွဲ့လေးယောက်ထဲက အသားညိုညိုနဲ့နှစ်ယောက် ဂုဏ်ထူးတန်းဝင်သွားတယ်။ တော်သေးတယ်.. ဘုတ်အီးမ ကျန်နေခဲ့လို့။ သူဂုဏ်ထူးတန်း မဝင်တာကို ရင်ထဲမှာ မသိမသာ ကျေနပ်ရင်း အဖွဲ့အင်အားနည်းသွားတဲ့ သူ့ကို ခင်မင်ရင်းနှီးအောင် ကြိုးစားဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။

အဲဒီနေ့က ညနေကျောင်းဆင်းအပြန် ကျွန်တော်စီးတဲ့ လိုင်းကားနောက်မှာ ဆိုင်ကယ်နဲ့ဘုတ်အီးမကို တွေ့လိုက်တယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ မင်းလမ်းတစ်လျှောက် လွတ်လွတ်လပ်လပ် ဆိုင်ကယ်စီးနေခဲ့တယ်။ ကြည့်ရတာ သူ့ပုံစံအတိုင်း စိတ်လွတ်ကိုယ်လွတ် ဖြစ်နေခဲ့ပြီ ထင်ပါရဲ့..... ဈေးနားရောက်တော့ ကားပေါ်က ကျွန်တော်ဆင်းလိုက်တယ်။ ဘုတ်အီးမကို ရှာမတွေ့တော့ဘူး။ ရှေ့နားမှ လူတွေ၊ ယာဉ်ထိန်းရဲတွေ ဝိုင်းအုံ့နေတာကို ကျွန်တော်လှမ်းမြင်လိုက်တယ်။ ကျွန်တော်စိတ်ထဲ ထင့်ခနဲ့ဖြစ်သွားတယ်။ ပြေးကြည့်တော့ ကျွန်တော်ထင်ထားတဲ့အတိုင်းပဲ လဲနေတဲ့ဆိုင်ကယ်နဲ့ ယာဉ်ထိန်းရဲရှေ့မှာ တုန်တုန်ရီရီ ရပ်နေတာကို ဘုတ်အီးမကို တွေ့လိုက်တယ်။ ယာဉ်ထိန်းရဲကို ကျောင်းသားပါလို့ တောင်းပန်ပြီး သူ့ကိုအိမ်အထိ ကျွန်တော်လိုက်ပို့ပေးလိုက်တယ်။ လန့်သွားတယ်ထင်ပါရဲ့ တစ်လမ်းလုံး သူစကားတစ်ခွန်းမှ မပြောခဲ့ဘူး။ ကျွန်တော်လည်း မပြောခဲ့ပါဘူး.... ဘာကြောင့်မှန်းမသိ ငါရင်တွေ ခုန်နေလိုက်တာ ဘုတ်အီးမရယ်.......

နောက်တစ်နေ့ ကျောင်းရောက်တော့ ဘုတ်အီးမကို ကျွန်တော်စကားသွားပြောဖြစ်ခဲ့တယ်။ ဆိုင်ကယ်တိုက်တာကို အခွင့်အရေးယူပြီး ကျွန်တော်တို့ရဲ့ ခင်မင်ရင်းနှီးမှုကို စခဲ့တယ်ဆိုပါတော့။ အဲဒီနောက်တော့ ဘုတ်အီးမနားမှာ အကြောင်းမရှိ အကြောင်းရှာပြီး ကျွန်တော်စကားတွေ သွားပြောတတ်တယ်။ ဆိုင်ကယ်နဲ့ သူ့အိမ်ကို လိုက်ပို့တတ်ခဲ့တယ်။ တစ်ခါတလေ အတန်းမတက်ဘဲ အဆောင်မှာ ဝိုင်းဖွဲ့မယ့်နေ့တွေမှာတောင် ဘုတ်အီးမမျက်နှာကို အရင်မကြည့်ရရင် သူငယ်ချင်းတွေ ဘယ်လိုခေါ်ခေါ် ကျွန်တော်မလိုက်တော့ဘူး။ အနီအောက် ဝမ်းဆက်ဝတ်တတ်တဲ့ ဘုတ်အီးမကို သားညီ (စောညီညီလှ) က "မင်းရဲ့ စာတိုက်ပုံးလှိမ့်လာနေပြီ.. ကြည့်လို့ဝရင် ငါတို့နဲ့ အဆောင်လိုက်ခဲ့ကွာ"တဲ့... နင့်ရဲ့ဘာအလှက ငါ့ကိုစွဲမက်စေခဲ့သလဲ ဘုတ်အီးမရယ်... ငါကိုယ်တိုင်လည်း မသိခဲ့ဘူး....

တတိယနှစ်ရဲ့ နွေရာသီကျောင်းပိတ်ရက်မှာ ဘုတ်အီးမကို ကျွန်တော်အပျောက်မခံတော့ဘူး။ ကျွန်တော်နဲ့ဆက်သွယ်ဖို့ သူ့ကို ဖုန်းနံပါတ်ပေးလိုက်တယ်။ သံယောဇဉ်မှန်ရင် ကျွန်တော့်ဆီ သူဖုန်းဆက်မယ်ဆိုတာ ကျွန်တော်ယုံကြည်ထားတယ်။ ယုံကြည်တဲ့အတိုင်းပဲ တစ်ခါတလေ ကျွန်တော်တို့နှစ်ယောက် အပြင်မှာ တွေ့ဖြစ်ကြတယ်။ ချစ်သူစုံတွဲတွေ ထိုင်တတ်တဲ့နေရာမှာ ကျွန်တော်တို့ ထိုင်ဖြစ်ခဲ့တယ်။ ဒါပေမယ့် သူငယ်ချင်းအဆင့်ထက် ကျွန်တော်တို့ မပိုခဲ့ကြဘူး။ သူ့ကို တစ်ခုခုဖွင့်ပြောမယ်ကြံတိုင်း ကျွန်တော်နှုတ်နှေးနေခဲ့တယ်။ အဆင့်တစ်ခုကိုကျော်ဖို့ ကြိုးစားရင် အခုလို သူနဲ့ ရင်းရင်းနှီးနှီး မနေရမှာကိုလည်း ကျွန်တော်စိုးရိမ်မိတယ်။ နင့်အနားမှာ အမြဲနေပြီး နင့်ကိုငေးနေရရုံနဲ့တင် ငါကျေနပ်တယ် ဘုတ်အီးမရယ်...

နောက်ဆုံးနှစ်... ကျောင်းတော်ကြီးကို ခွဲဖို့၊ သူငယ်ချင်းတွေနဲ့ခွဲဖို့ အချိန်ရောက်လာခဲ့ပါတယ်။ တက္ကသိုလ်စာသင်နှစ်ရဲ့ အမှတ်တရများစွာထဲက နောက်ဆုံးအမှတ်တရတစ်ခု လူတိုင်းရင်မှာ ထင်ကျန်ရစ်ခဲ့အောင် ပါမောက္ခချုပ်က တစ်တန်းလုံးကိုခေါ်ပြီး ပုဂံ-ညောင်ဦး- မုံရွာဖက် လေ့လာရေးထွက်ဖို့ စီစဉ်ခဲ့တယ်။ ဂုဏ်ထူးတန်းက ကျောင်းသားတွေလည်း ပါတာကြောင့် ကားကြီး ၄စီးငှားခဲ့ရတယ်။ ဘုတ်အီးမနဲ့ ကားတစ်စီးထဲကျဖို့ ကျွန်တော်နေရာ သွားပြောင်းခဲ့ပါသေးတယ်။ ဒါပေမယ့် လူစုခွဲပြီးသားဆိုပြီး ဆရာမရဲ့ အငေါက်သာခံခဲ့ရတယ်။

ပုဂံ-ညောင်ဦးမသွားခင် ပထမဆုံး ပုပ္ပါးတောင်ကို ကျွန်တော်တို့ရောက်ခဲ့ကြတယ်။ ပုပ္ပါးတောင်အတက်မှာ မသိမသာ ဘုတ်အီးမတို့နောက် လိုက်တက်ရင်း တစ်နေရာရာမှာ မထင်မှတ်တဲ့ပုံစံနဲ့ ဆုံသလိုမျိုး ကျွန်တော်ဖန်တီးခဲ့တာလည်း အကြိမ်ကြိမ်ပဲ။ မျောက်တွေနဲ့အပြိုင် သဘောင်္သီးစားနေတဲ့ ဘုတ်အီးမကို လူမသိ၊ မျောက်မသိအောင် ခိုးကြည့်ရတာလည်း ခဏခဏပါပဲ။ ငါသာ မျောက်တစ်ကောင်ဆိုရင် နင့်ရင်ခွင်ထဲ ခဏလောက်တိုးဝင်ချင်မိတယ် ဘုတ်အီးမရယ်....

ပုဂံရောက်တော့ ကျွန်တော်တို့တစ်ဖွဲ့လုံး အပျော်လွန်ပြီး မူးနေကြပြီ။ သောက်ထားတဲ့ထန်းရည်က လေညှင်းဒဏ်ကြောင့် တစ်ရိပ်ရိပ် အရှိန်တက်နေခဲ့တယ်။ မြစ်ဘေးမှာ သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်နေတဲ့ ဘုတ်အီးမကို ကျွန်တော်လှမ်းမြင်လိုက်တယ်။ ရီဝေဝေ ကျွန်တော့်မျက်စိထဲမှာ ဘုတ်အီးမရယ်၊ ရှပ်အင်္ကျီဖားလျား၊ သနပ်ခါးပါးကွက်ကြားနဲ့ ညနေဆည်းဆာအောက်မှာ အလှတွေပိုနေခဲ့တယ်။ ဓာတ်ပုံအတူရိုက်ဖို့ ကျွန်တော့်ကို သူလှမ်းခေါ်တယ်။ ကျွန်တော်လေ ပျော်လိုက်တာ... ကျွန်တော့်အပျော်တွေ ဧရာဝတီမြစ်ထဲ ပျော်ဝင်ပြီး မြန်မာပြည်အနှံ့ ဖြတ်သန်းစီးဆင်းသွားအောင် မြစ်ထဲကို ကျွန်တော်ခုန်ချလိုက်မိတယ်။ အပျော်တွေကလွဲပြီး ငါဘာမှ မသိတော့ဘူး ဘုတ်အီးမ....

ဘုတ်အီးမနဲ့ အတူတွဲကလိုက်ရတဲ့ မီးပုံပွဲကို ကျွန်တော်တစ်သက် မေ့လို့မရခဲ့ဘူး။ လက်ကိုမြှောက်ပြီး စည်ပိုင်းကြီး ဘယ်ညာယိုင်ထိုးနေသလို ကနေတဲ့ ဘုတ်အီးမရဲ့အလှ,က ကျွန်တော့်မျက်စိထဲမှာ ဒေါင်းမပျိုလေးနဲ့ တူတယ်ဆိုရင် ကျွန်တော်လွန်သွားမလားဗျာ... ဘုတ်အီးမရေ.. နင်ဘယ်လိုနေနေ ငါ့မျက်စိထဲမှာ လှနေခဲ့တယ်။ ဒါကပဲ.. အချစ်လားကွယ်.....

စာမေးပွဲနောက်ဆုံးည နှုတ်ဆက်ညစာစားပွဲကို ဆန်းမင်းစားသောက်ဆိုင်မှာ ကျွန်တော်တို့လုပ်ခဲ့ကြတယ်။ ညလုပ်တဲ့ပွဲမို့ ဘုတ်အီးမ မလာမှာကို ကျွန်တော်စိုးရိမ်နေခဲ့တယ်။ လာပါစေလို့ ဆုတောင်းမိတာလဲ အခါခါပဲ။ ထင်တဲ့အတိုင်းပဲ ပွဲစပြီး တစ်နာရီကြာမှ ဘုတ်အီးမရောက်လာခဲ့တယ်။ သူ့သူငယ်ချင်းတွေ တစ်ယောက်မှ မပါခဲ့ဘူး။ အဲဒီညက သူငယ်ချင်းတွေအားလုံးနဲ့ ခွဲခွါရမယ့်ည ဆိုပေမယ့် အားလုံးက ဝမ်းနည်းမှုတွေကို မျိုသိပ်ပြီး နောက်ဆုံးတွေ့ဆုံပွဲလေးကို အပျော်တွေနဲ့ ပြီးဆုံးချင်ခဲ့ကြတယ်။ ဖုန်းနံပါတ်တွေပေး၊ အော်တိုတွေရေးနဲ့ ရှေ့ဆက်လျှောက်မယ့်လမ်းတွေ သာယာဖြောင့်ဖြူးဖို့ တစ်ယောက်ကိုတစ်ယောက် ဆုတောင်းပေးကြတယ်။

ပွဲသိမ်းခါနီးမှ အဖော်မပါခဲ့တဲ့ ကျောင်းသူတွေကို လိုက်ပို့ဖို့ ကျွန်တော်တို့ တိုင်ပင်ခဲ့ကြတယ်။ အတန်းထဲက အချောအလှ ကွင်းစရင်းဝင် ကျောင်းသူတစ်ယောက်က "ကျော်လှိုင်.. ငါ့ကို လိုက်ပို့နော်"တဲ့။ ကျွန်တော်ချက်ချင်း ခေါင်းခါလိုက်မိတယ်။ ဟင့်အင်း.. ငါ့မှာ ဘုတ်အီးမရှိသေးတယ်.. စိတ်ထဲက အလိုလိုဖြေရင်း ဘုတ်အီးမဆီ ကျွန်တော်လျှောက်သွားခဲ့တယ်။ သူ့ကိုတစ်ခြားလူ လိုက်ပို့မှာလည်း စိုးတာကြောင့် "ရော့.... ဒီသော့ကိုင်ထား" ဆိုပြီး သူ့လက်ထဲ ဆိုင်ကယ်သော့ အတင်းထိုးထည့်ပေးလိုက်မိတယ်။ သော့ကိုင်ပြီး ဘုတ်အီးမ ကျွန်တော့်ကို ကြောင်ကြည့်နေတယ်။ "ဘာလုပ်ဖို့လဲ"တဲ့...နင့်ရဲ့ အဲဒီလို အူတူတူ အ,တတကိုပဲ ငါက စွဲလမ်းနေမိတယ် ထင်ပါရဲ့ ဘုတ်အီးမရယ်....

ချစ်သူများနေ့က ချစ်သူမဟုတ်ကြသေးတဲ့ ဘုတ်အီးမနဲ့ကျွန်တော်တို့ တောင်ကြီးမြို့အဝင်က ကြိုးတံတားမှာ သွားထိုင်ဖြစ်ခဲ့တယ်။ သူ့အတွက် ချစ်သူများနေ့သီချင်းခွေကို ကျွန်တော်က လက်ဆောင်ပေးတော့ သူက ကျွန်တော့်ကို မုတ်ဆိတ်ရိတ်စက်တစ်ခု လက်ဆောင်ပြန်ပေးတယ်။ မုတ်ဆိတ်ဓား ထက် မထက် သူ့လက်မောင်းက မွေးညှင်းတွေကို သူစမ်းရိုက်ကြည့်ခဲ့တယ်။ အိမ်ပြန်ရောက်တော့ စက်မှာကျန်နေတဲ့ သူ့မွေးညှင်းလေးတွေကို ယူပြီး ဓာတ်ခဲထည့်တဲ့အကန့်ထဲ ကျွန်တော်ထည့်ပြီး သိမ်းထားလိုက်မိတယ်။ အဲဒီစက်ကို ကျွန်တော်လုံးဝ မသုံးဖြစ်ခဲ့တော့ဘူး။

တစ်ညနေမှာ ထိုင်နေကျဆိုင်ကိုလာဖို့ ကျွန်တော့်ကို ဘုတ်အီးမ ဖုန်းဆက်တယ်။ သူရန်ကုန်သွားမယ်တဲ့... နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ သူသွားရတော့မယ်တဲ့။ ထင်မှတ်မထားတဲ့စကားမို့ ကျွန်တော် အရမ်းတုန်လှုပ်သွားမိတယ်။ ငါတို့ ခွဲရတော့မှာပေါ့ ဘုတ်အီးမ.... ရင်ထဲက ခံစားချက်တွေကို ထုတ်ဖော်မပြောမိခင်က ဘုတ်အီးမက ကျွန်တော့်အပါးကနေ ခွဲထွက်သွားတော့မယ်။ အဲဒီညနေက သူ့ကို ကျွန်တော်ချစ်တဲ့အကြောင်း ထုတ်ဖော်ပြောသင့် မပြောသင့် ကျွန်တော်တွေဝေနေခဲ့တယ်။ ဖွင့်ပြောလိုက်ရင် နိုင်ငံရပ်ခြားမှာ ပညာကို စိတ်ဝင်တစား မသင်နိုင်ဘဲ သူနောက်ဆံတင်းနေတော့မယ်။ နောက်ဆုံးတော့ မဖွင့်ပြောဘဲ အရင်လို တစ်ယောက်ထဲ ကျိတ်မှိတ်ခံစားဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့ ရင်ထဲမှာ ခံစားချက်ကိုယ်စီ ကိန်းအောင်းနေမယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ ကျွန်တော့်ကို သူသုံးနေကျ ရေမွှေးပုလင်းလေး တစ်ပုလင်း လက်ဆောင်ပေးခဲ့တယ်။ နင့်ကိုယ်သင်းနံ့နဲ့ ငါလွမ်းနေမှာပါ ဘုတ်အီးမရယ်....

ဘုတ်အီးမ မရှိတဲ့ တောင်ကြီးမြို့က ကျွန်တော့်အတွက် ခြောက်ကပ်လွန်းခဲ့တယ်။ လိပ်စာမရှိ၊ နေရပ်မသိ .. ဘုတ်အီးမတစ်ယောက် တိုင်းတစ်ပါးမှာ နေကောင်းကျန်းမာပါရဲ့လား၊ အစစ အရာရာ အဆင်ပြေရဲ့လား၊ ဆုတောင်းပေးရုံက လွဲလို့ ကျွန်တော်ဘာမှမတတ်နိုင်ခဲ့ဘူး။ သူ ဆက်သွယ်လာမယ့်နေ့ကိုပဲ ကျွန်တော်မျှော်နေခဲ့တယ်။

ဘုတ်အီးမရဲ့စာ ရတဲ့နေ့က ကျွန်တော်အရမ်းပျော်မိတယ်။ သူအဆင်ပြေကြောင်း သိရလို့ ဝမ်းသာမိတယ်။ အဲဒီညက ဘုတ်အီးမရဲ့စာကို ရင်ဘတ်ပေါ်တင်ပြီး ကျွန်တော်အိပ်ခဲ့မိတယ်။ အအိပ်ကြမ်းတဲ့ကျွန်တော် မိုးလင်းတဲ့အထိ စာကိုကိုင်ပြီး အိပ်ခဲ့တဲ့ပုံစံ မပျက်ခဲ့ဘူး။ ငါ့ကိုယ်ငါလည်း အံ့သြမိတယ်... လွမ်းလိုက်တာ ဘုတ်အီးမရယ်.....

နောက်ပိုင်း ဘုတ်အီးမဆီက စာအလာကျဲသွားသလို ကျွန်တော်လည်း သူ့ဆီစာသိပ်မရေးဖြစ်ခဲ့ဘူး။ ကျောင်းစာတွေ၊ အလုပ်တွေနဲ့ သူမအားမလပ်ဖြစ်နေမယ်ဆိုတာ ကျွန်တော်နားလည်ခဲ့တယ်။ သားအကြီးဆုံးဖြစ်တဲ့ ကျွန်တော်လည်း မိသားစု စားဝတ်နေရေးအတွက် ပန်းတိမ်အလုပ်အပြင် တစ်ခြားအရောင်းအဝယ် အလုပ်ပါ လုပ်ကိုင်ခဲ့တယ်။ အဆက်အသွယ်ကျဲခဲ့ပေမယ့် ငါ့ရင်ထဲမှာ နင်အမြဲရှိတယ် ဘုတ်အီးမ.. ငါတို့တစ်နေ့နေ့ ပြန်ဆုံမယ်ဆိုတာလို့ ငါယုံကြည်ထားတယ်။

ယုံကြည်တဲ့အတိုင်းပဲ ၃နှစ်အကြာမှာ ဘုတ်အီးမ မြန်မာပြည်ကို ပြန်ရောက်လာခဲ့တယ်။ နိုင်ငံခြားမှာ ပင်ပန်းခဲ့တဲ့ ဒဏ်ကြောင့်ထင်တယ် သူတော်တော်ပိန်သွားတယ်။ ပိန်ပါးပါး ကိုယ်လုံးနဲ့ ကျွန်တော့်ဘုတ်အီးမ ပိုလှလာတယ်။ ဒီတစ်ခေါက်တော့ နှစ်ရှည်ကြာ တစ်ယောက်ထဲကျိတ်မှိတ်ခံစားရတဲ့ ဝေဒနာတွေကို ကျွန်တော် မအောင့်နိုင်တော့ဘူး။ ဘုတ်အီးမကိုချစ်ကြောင်း ကျွန်တော်ဖွင့်ပြောလိုက်မိတယ်။ ဘုတ်အီးမရေ နင့်မျက်နှာလေ ဝင်သွားတဲ့နေနဲ့အပြိုင် နီရဲလို့... ရှက်နေတဲ့ နင့်ကိုကြည့်ပြီး ငါရယ်ချင်မိသလို အရမ်းလည်း ချစ်သွားခဲ့မိတယ် ဘုတ်အီးမရယ်...

ဒါပေမယ့် ကျွန်တော့်အချစ်ျန့မကူးခင် ခွဲခွာခြင်းက အလျင်စလိုနဲ့ ရောက်လာခဲ့တယ်။ ပညာဆက်သင်ဖို့ နိုင်ငံခြားကို ဘုတ်အီးမ ပြန်တော့မယ်တဲ့.. နင့်ရည်မှန်းချက်မှာ ငါဆူးညှောင့်ခလုတ် မဖြစ်ချင်ခဲ့ဘူး ဘုတ်အီးမ.. မတားရက်သလို သွားတော့လို့လည်း ငါပြောမထွက်ခဲ့ဘူး ဘုတ်အီးမရယ်...

နောက်ထပ်တစ်ဖန်ခွဲထွက်သွားတဲ့ ဘုတ်အီးမကို လွမ်းဆွတ်လို့မဝခင် ကျွန်တော့်အမေ အသဲခြောက်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်။ မကွယ်လွန်ခင်မှာ ကျန်ရစ်ခဲ့တဲ့ မောင်နှမတွေကို ဂရုစိုက်ဖို့၊ ဆုံးခန်းတိုင် ပညာသင်ကြားပေးဖို့ မှာခဲ့တယ်။ ကျွန်တော့်ဘဝက လွမ်းရေးထက် ဝမ်းရေးပိုခက်ခဲ့တယ်။ ဘုတ်အီးမကို လွမ်းတဲ့စိတ်တွေ အလုပ်ထဲမှာပဲ ကျွန်တော်နစ်မြုပ်ခဲ့လိုက်တယ်။ အမေ့ကိုပေးခဲ့တဲ့ကတိအတိုင်း မောင်နှမတွေရဲ့ ပညာရေးဆုံးခန်းတိုင်ဖို့ ကျွန်တော်ကြိုးစားခဲ့တယ်။ ဘုံးလုံးတစ်လှည့် ငါးပျံတစ်လှည့်ဆိုသလို ကံကြမ္မာရဲ့ ဝဲဂယက်ထဲမှာ ကျွန်တော်နစ်လိုက်၊ ပေါ်လိုက်၊ ပျောက်လိုက်.... ဘဝအမျိုးမျိုး ကျင်လည်ခဲ့ရတယ်။ ဘုတ်အီးမရေ... အဆင်မပြေသေးတဲ့ ငါ့ဘဝမှာ နင့်ကိုခဏလောက် မေ့ထားပါရစေ.... ဒုက္ခဆင်းရဲတွေဝေနေတဲ့ ငါ့အတွေးထဲတောင် နင့်ကိုမခေါ်ရက်ခဲ့ဘူးကွယ်...

မျက်စိတစ်မှိတ်အတွင်းမှာ အချိန်တွေဟာ မြှားအလျင်လို ကျွန်တော့်ဘေးက ဖြတ်ကျော်သွားခဲ့တယ်။ အချိန်နဲ့အတူ လက်လွတ်လိုက်ရတဲ့ အရာတွေ ကျွန်တော့်ဘဝမှာ မရေတွက်နိုင်ခဲ့ဘူး။ အမေ့ကိုပေးခဲ့တဲ့ကတိအတိုင်း ကျွန်တော်အောက်က မောင်နှမ၃ယောက်ကို ဘွဲ့ရတဲ့အထိ ကျွန်တော် ကျောင်းထားပေးခဲ့တဲ့အပြင် သူတို့ဘဝ တစ်အိုးတစ်အိမ် ထူထောင်ပေးနိုင်ခဲ့တယ်။ သူတို့တစ်တွေ မိသားစုဘဝ ကိုယ်စီပိုင်ဆိုင်ထားချိန် အမေထားခဲ့အိမ်မှာ ကျွန်တော့်တစ်ယောက်ထဲ ကျန်ရစ်ခဲ့တယ်။

ဘဝအမော တစ်ထောက်ရပ်နားချိန်မှာ ဘုတ်အီးမကို ကျွန်တော်ပြန်သတိရမိတယ်။ နှစ်တွေ ကြာခဲ့ပါပြီ... သူလည်း ပညာတတ်ကြီးဖြစ်လို့ မိသားစုဘဝနဲ့ ပျော်ရွှင်နေလောက်ပါပြီ။ ကျွန်တော်ဆိုတဲ့ ဟိုးတုန်းက သူငယ်ချင်းကို မေ့နေလောက်ပြီ ထင်ပါတယ်။ ဘုတ်အီးမရေ.. နင့်ဘဝ သာယာပျော်ရွှင်ဖို့ ငါဆုတောင်းလိုက်တယ်။

အမေမရှိတော့တဲ့ ဘဝ၊ မောင်နှမတွေပါ ခွဲထွက်သွားတဲ့ ဘဝ... အထီးကျန်ခြင်းက နေ့ရော၊ ညပါ ကျွန်တော့်ကို နှိပ်စက်ခဲ့တယ်။ မိသားစုတာဝန်၊ မောင်နှမတာဝန်... ကျွန်တော့်မှာ ဘာတာဝန်မှ မရှိတော့ဘူး... စိတ်လွတ်ကိုယ်လွတ် နေချင်သလို ကျွန်တော်နေပစ်လိုက်တယ်။ တစ်ယောက်တည်း အထီးကျန်တဲ့ဝေဒနာကို ဖြေဖျောက်ဖို့ ကျွန်တော့်အတွက် အကောင်းဆုံးနည်းက အပေါင်းအသင်းတွေ သောက်စားသုံးဖြုန်းတာပါပဲ။ နေ့မှန်းမသိ၊ ညမှန်းမသိ၊ လူမှန်းသူမှန်းမသိဘဲ အချိန်တွေကို တစ်နှစ်ပြီးတစ်နှစ် ကျွန်တော် အလာဟသ သုံးဖြုန်းပစ်ခဲ့တယ်။

အဲဒီလိုနဲ့ တစ်နေ့မှာ ညီတော်မောင် အငယ်ဆုံးအိမ်ကို ကိစ္စတစ်ခုနဲ့ ကျွန်တော်ရောက်သွားခဲ့တယ်။ ဧည့်ခန်းမှာကျွန်တော်ထိုင်ရင်း တစ်ခါက ဘုတ်အီးမ ကျွန်တော့်ကို လက်ဆောင်ပေးခဲ့ဖူးတဲ့ မုတ်ဆိတ်ရိတ်စက်ကို သွားတွေ့မိတယ်။ ကျွန်တော်မသုံးရက်ဘဲ သိမ်းထားတဲ့ အဲဒီမုတ်ဆိတ်ရိတ်စက်ကို ညီတော်မောင်က ကျွန်တော့်ဆီတောင်းခဲ့တယ်။ ဘုတ်အီးမ ပေးခဲ့တဲ့လက်ဆောင်မို့ ကျွန်တော်မပေးရက်ခဲ့ဘူး။ ဒါပေမယ့် ညီအငယ်ဆုံးလည်းဖြစ်၊ သူ့အတွက် အသစ်ဝယ်ပေးဖို့ရာ ကျွန်တော့်မှာလည်း ငွေကြေးက မလုံလောက်၊ အစ်ကိုအကြီးဆုံးဖြစ်ပြီး အငယ်ကို မလိုက်လျောရာရောက်မှာ စိုးတာကြောင့် မုတ်ဆိတ်ရိတ်စက်ကို နှာမြောသတနဲ့ သူ့ကို ကျွန်တော်ပေးခဲ့ရတယ်။ မုတ်ဆိတ်ရိတ်စက်ကို ကြည့်ပြီး ဘုတ်အီးမကို ကျွန်တော်ဖျတ်ခနဲ သတိရလိုက်မိတယ်။ ဘုတ်အီးမရေ... နင်ဘယ်ရောက်နေမလဲ...

တိုက်ဆိုင်လွန်းတယ်လို့ ဆိုရမလား၊ ညီတော်မောင်အိမ်က မုတ်ဆိတ်ရိတ်စက်ကို တွေ့ပြီး ၃ရက်အကြာမှာ သူငယ်ချင်းတစ်ယောက်ဆီက သတင်းတစ်ခုရလိုက်တယ်။ ဘုတ်အီးမ ပြန်လာတော့မယ်တဲ့... လကုန်ရင် ဘုတ်အီးမ မြန်မာပြည်ကို ပြန်လာတော့မယ်တဲ့။ သတင်းကြားကြားချင်း ကျွန်တော်အရမ်း ပျော်သွားမိတယ်။ ဒါပေမယ့် အဲဒီအပျော်က တဒင်္ဂလေးပါပဲ။

အချိန်တွေပြောင်းလဲခဲ့သလို သူ့ဘဝလည်း မပြောင်းလဲခဲ့ဘူးလို့ ပြောနိုင်မလား၊ ဗလာနတ္တိဖြစ်နေတဲ့ ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်အဖြစ် သူလက်ခံနိုင်ဦးမလား၊ အရာရာ လက်မြှောက်အရှုံးပေးထားတဲ့ ကျွန်တော့်ကို ပျော့ညံ့သူဆိုပြီး သူလှောင်ရယ်နေလား၊ ဘယ်လိုပဲဖြစ်ဖြစ်.. ဟိုးတုန်းက သူငယ်ချင်းဆိုတဲ့သံယောဇဉ် သူ့မှာရှိသေးရင် ကျွန်တော်နဲ့သူ ထပ်ဆုံဦးမယ်လို့ ကျွန်တော်ယုံကြည်မိပါတယ်။

စာကြွင်း။ ။ ဘုတ်အီးမနဲ့ကျွန်တော် လူချင်းဆုံဖြစ်ခဲ့ပါတယ်။ ပြောင်းလဲသွားတဲ့နှစ်တွေနဲ့အတူ ဘုတ်အီးမ မျက်နှာပေါ်မှာ ရင့်ကျက်တဲ့ ဇရာအရစ်အကြောင်းတွေ တွေ့ခဲ့ရပေမယ့် အရင်လို လန်းဆန်းတဲ့အပြုံးက ပျောက်ကွယ်မသွားခဲ့ပါဘူး။ လူအများရဲ့ ဝိုင်းပစ်ပယ်ခံထားရသူကျွန်တော့်ကို အားပေးသူ၊ တွဲခေါ်သူ၊ လမ်းညွှန်ဆုံးမသူအဖြစ် ကျွန်တော့်ဘေးမှာ ဘုတ်အီးမရှိခဲ့ပါတယ်။

ပိန်းမှောင်တဲ့ဘဝလမ်းခရီးမှာ မျှော်လင့်ချက် မီးအိမ်ကို အသစ်တစ်ဖန် ပြန်ထွန်းပေးတဲ့ ဘုတ်အီးမကို ကျွန်တော်အရမ်း ကျေးဇူးတင်မိပါတယ်။ ဟိုးတုန်းက သူငယ်ချင်းလေး ကျွန်တော်အပါး ပြန်ရောက်လာခဲ့ပါပြီ။ ကံကြမ္မာ ဝဲဂယက်ထဲမှာ ဒုက္ခတွေသာမက၊ သုခတွေလည်း လည်ပတ်နိုင်ပါသေးတယ်။ ဒီတစ်ခေါက်တော့ ဘုတ်အီးမ အဝေးကို လွင့်ထွက်မသွားအောင် ကျွန်တော်တို့ရဲ့ သံယောဇဉ်ကြိုးကို နှလုံးသားဘီးလုံးနဲ့ ကျွန်တော် အသေချာရစ်ပတ်လိုက်ပါတော့တယ်။

~~မင်းရဲ့အနမ်းတစ်ရှိုက်နဲ့ ငါ့ရဲ့အနမ်းတစ်ရှိုက်နဲ့~~ ခံစားချက်တူညီ ရှိခဲ့တဲ့နောက်~~
~~မင်းရဲ့အတွေးများနဲ့ ငါ့ရဲ့အတွေးများနဲ့~~ အနာဂတ်သစ်တူညီ ထားခဲ့တဲ့နောက်တော့~~
ခမ်းနားခြင်းကင်းမဲ့ အရိုးသားဆုံးခရီးတစ်ခု.. ငါတို့နှစ်ယောက်ကိုယ်တိုင် .. ရွေးထားခဲ့ပြီ..
သဘောထားများအပြည့်နဲ့ ဆူးလမ်းများနင်းဖြတ်.. ဘာဖြစ်ဖြစ်ပါကွယ်.. ခရီးများ အဆုံးထိလျှောက်...

~~အဆိုးများ ကြုံကြိုက်တုန်းမှာ.. ဒုက္ခတွေဟာ ခဏပါ~~
~~အနမ်းများကို အသက်သွင်းကာ.. ခရီးများ အဆုံးထိလျှောက်~~
~~လက်တွေ့ဟာ ရင်ဘတ်မှာ... လမ်းဆုံးဟာ ခဏလေးပါ~~
~~အနမ်းများကို အသက်သွင်းကာ.. ခရီးများ အဆုံးထိလျှောက်~~

*** "ဟိုးတုန်းက သူငယ်ချင်း"မှာ ရူးသွပ်တဲ့ စွဲလမ်းတပ်မက်ခြင်း၊ ချစ်ခြင်းတွေ မပါသလို အတ္တ၊ အမုန်းနာကျည်းခြင်းတွေလည်း မပါခဲ့ဘူး။ "ဟိုးတုန်းက သူငယ်ချင်း"မှာ ကျောင်းနေဘဝ ဆယ်ကျော်သက်အရွယ်ရဲ့ ပျိုမျစ်တဲ့ရင်ခုန်သံ၊ ဖြူစင်တဲ့ချစ်ခြင်းမေတ္တာနဲ့ လွမ်းဆွတ်ကြည်နူးမှု အပြုံးအပျော်လေးတွေကို တွေ့ရမှာပါ။ ဒီလိုရင်ခုန်မှုမျိုးကို နုနုယ်ပျိုမျစ်ခဲ့ဖူးသူတိုင်း ခံစားခဲ့ဖူးကြပါလိမ့်မယ်။ ကျွန်မက ကျွန်မရဲ့ရင်ကိုကြည်နူးလှုပ်ရှားစေခဲ့ဖူးတဲ့ အဲဒီရင်ခုန်သံကို တတ်သမျှ မှတ်သမျှ စကားလုံးတွေနဲ့ ဖွဲ့သီခဲ့ပါတယ်။ ဘဝမှာ အမှတ်တရတစ်ခုအဖြစ်နဲ့ပေါ့....

နိုင်းနိုင်းစနေ

No comments:

Post a Comment