သားချစ် (Seth)
 
 သားအသက် အခုမှ(၃)နှစ်ပဲရှိသေးတော့ သားစာမဖတ်တတ်သေးဘူး။ ဒီစာထဲမှာ 
သားကိုဖေဖေပြောပြချင်တဲ့ အကြောင်းအရာတွေကို သားပိုလို့နားလည်သေးမှာ 
မဟုတ်ပါဘူး။ ဒါပေမယ့်သားရင်ဆိုင်ကြုံတွေ့လာရမယ့်ဘဝနဲ့ ဖေဖေရဲ့ဘဝအခြေအနေ၊
 ဖေဖေသင်ယူခဲ့တာတွေ ဒါတွေကို ဖေဖေအချိန်ယူပြီး တွေးတောခဲ့တယ်။ 
သားရင်ဆိုင်ကြုံတွေ့လာရမယ့် အခက်အခဲတွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့ 
ဖခင်တစ်ဦးဖြစ်တဲ့ ဖေဖေ့မှာတာဝန်ရှိတယ်လို့ ဖေဖေထင်တယ်။
 
 
စာထဲကအကြောင်းအရာကို ဒီကနေ့ သားနားလည်သေးမှာမဟုတ်ပါဘူး။ ဒါပေမယ့် 
တစ်ချိန်ချိန် သားကြီးပြင်းလာတဲ့အခါ ဖေဖေမျှဝေခဲ့တဲ့ အကြောင်းအရာတွေထဲကနေ 
အသိပညာနဲ့ တန်ဖိုးတချို့ကို သားရှာတွေ့နိုင်မယ်လို့ ဖေဖေမျှော်လင့်ပါတယ် 
သား။
 
 သား အသက်ငယ်သေးတယ်။ ဘဝက သားကို စမဖျက်ဆီးသေးဘူး။ 
သားရဲ့ဘဝခရီးလမ်းပေါ်ကို စိတ်ပျက်ခြင်း၊ ကြေကွဲခြင်း၊ အထီးကျန်ခြင်း၊ 
ရုန်းကန်ခြင်း၊ နာကျင်ခြင်းတွေနဲ့ မခင်းကျင်းထားသေးဘူး။ 
ငြီးငွေ့စရာကောင်းတဲ့ ကာလကြာအလုပ်တွေနဲ့ နေ့စဉ်ဘဝရိုက်နှက်ချက်တွေက သားကို 
လက်ပန်းမကျစေသေးဘူး။
 
 ဒီ့အတွက် ကျေးဇူးတင်ပါ။ 
ဘဝရဲ့အလှဆုံးအဆင့်တစ်ဆင့်မှာ သားရောက်နေပါတယ်။ ဒီလိုလှပတဲ့အဆင့်တွေကို 
ဘဝမှာ သားကြုံတွေ့ရဦးမှာပါ။ ဒါပေမယ့် ဒါတွေကို လွယ်လွယ်မရနိုင်ဘူး သား။ 
ထိုက်သင့်တဲ့တန်ဖိုးနဲ့ စွန့်စားမှုတွေကို ပေးဆပ်မှရနိုင်လိမ့်မယ်။
 
 ဖေဖေမျှဝေပေးမယ့် ဖေဖေသင်ယူခဲ့တဲ့ အကောင်းဆုံးအရာတွေက သားရဲ့ဘဝခရီးလမ်းကို
 အထောက်အကူပြုလိမ့်မယ်လို့ ဖေဖေမျှော်လင့်တယ် သား။ အကြံဉာဏ်တွေကိုတော့ 
အစာပလာ(ဟင်းခတ်အမွှေးအကြိုင်)လို့ပဲ သဘောထားလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ 
ဖေဖေနဲ့သင့်တော်တယ်ဆိုတိုင်း သားနဲ့အသုံးတည့်နိုင်မှာ မဟုတ်ဘူးလေ။
 
 "ဘဝက ရက်စက်နိုင်တယ် Life Can Be Cruel"
 
 သားရဲ့ဘဝထဲမှာ မကောင်းသူတွေလည်း ရှိနိုင်တယ်။ သူတို့နဲ့အသွင်မတူလို့ 
ဒါမှမဟုတ် ဒီထက်ကောင်းတဲ့အကြောင်းပြချက်မရှိလို့ဆိုပြီး သားကို 
သူတို့ကဲ့ရဲ့လှောင်ပြောင်ကြလိမ့်မယ်။ သားကို သူတို့ 
အနှိမ်ကျင့်ကောင်းကျင့်မယ်။ ဒါမှမဟုတ် ထိခိုက်နာကျင်စေအောင် လုပ်မယ်။
 
 ဒီလိုလူမျိုးတွေနဲ့ သင့်မြတ်အောင်နေဖို့ သင်ယူရုံမှတစ်ပါး 
သားမှာတခြားလုပ်နိုင်တာ မရှိတော့ဘူး သား။ တစ်ပြိုင်တည်းမှာပဲ 
သူငယ်ချင်းအပေါင်းအသင်းတွေကို သားရွေးတတ်ရမယ်။ သားအပေါ် တကယ်ကြင်နာတဲ့သူ၊ 
သားကို တကယ်ဂရုစိုက်သူတွေ၊ သားအပေါ်ကောင်းတယ်လို့ သားထင်တဲ့လူတွေကို 
သူငယ်ချင်းလုပ်ပါ။ ဒီလိုသူငယ်ချင်းမျိုး သားရှာတွေ့ခဲ့ရင် ဒီခင်မင်မှုကို 
ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားပါ။ သူတို့ကို တန်ဖိုးထားပါ။ 
သူတို့နဲ့အတူနေဖို့ အချိန်ပေးပါ။ သူတို့အပေါ်ကောင်းပါ။ ချစ်မြတ်နိုးပါ။
 
 တစ်ခါတလေမှာ အောင်မြင်မှုအစား စိတ်ပျက်အားငယ်တာတွေနဲ့ 
သားကြုံတွေ့ရလိမ့်မယ်။ ဘဝဆိုတာ သားဖြစ်ချင်တဲ့အတိုင်း အမြဲတမ်း 
အဆင်ပြေချောမွေ့နေမှာ မဟုတ်ဘူး။ ဒါဟာ နောက်ထပ် သားသင်ယူ၊ ဆက်ဆံရမယ့် အရာပါ။
 ဒီအရာတွေက သားကို ချောက်နက်ထဲတွန်းချနေသည့်တိုင် သားတောင့်ခံပြီး 
ရှေ့ဆက်ရမယ်။ စိတ်ပျက်အားငယ်ခြင်းတွေကို လက်ခံပြီး ကြံ့ခိုင်ခြင်းကို 
သင်ယူရမယ်။ မထင်မှတ်ဘဲ ကျရောက်နိုင်တဲ့ အန္တရာယ်တွေကိုမမူဘဲ 
သားရဲ့စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်နိုင်ရမယ်။ အပျက်သဘောကို 
အပြုသဘောအဖြစ် ပြောင်းလဲတတ်ဖို့ သင်ယူနိုင်ရမယ်။ အဲဒီနောက်မှာတော့ 
ဘဝရဲ့အကောင်းဆုံးတွေကို သားလုပ်နိုင်ပါလိမ့်မယ်။
 
 သားဘဝမှာ 
သားချစ်တဲ့ချစ်သူရဲ့ အသည်းခွဲခြင်း၊ စွန့်လွှတ်ခြင်းတွေကို 
သားခံရလိမ့်ဦးမယ်။ ဒီလိုကိစ္စမျိုးနဲ့ သားသိပ်မကြုံတွေ့ရဖို့ 
ဖေဖေမျှော်လင့်ပါတယ်။ တကယ်လို့ ကြုံလာခဲ့ရင်၊ ရွေးချယ်ခွင့်မရခဲ့ရင်လည်း 
နောက်တစ်ကြိမ် ဒဏ်ရာတွေကို ဖြည်းဖြည်းချင်းကုစားပြီး ဘဝလမ်းကို 
သားဆက်လျှောက်ပါ။ ပိုကောင်းတဲ့ဘဝလမ်းကိုရောက်ဖို့ ဒီဒဏ်ရာ၊ 
ဒီနာကျင်မှုတွေကို လမ်းခင်းကျောက်လို သဘောထားပြီး မိမိကိုယ့်ကိုယ် 
ကြံ့ခိုင်သန်မာဖို့ သင်ယူပါ။
 
 "ဘာအကြောင်းပဲဖြစ်ဖြစ် အတောင်ပံဖြန့်ပြီး ဘဝကိုပွေ့ဖက်ပါ
 But Be Open to life Anyway"
 
 ဟုတ်ပါတယ်။ ဘဝခရီးလမ်းတစ်လျှောက်မှာ ရက်စက်မှုတွေ၊ ဆင်းရဲဒုက္ခတွေနဲ့ 
သားကြုံတွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒီအရာတွေကြောင့် လတ်ဆတ်တဲ့အသစ်အဆန်းတွေကို
 သားမငြင်းပယ်မိပါစေနဲ့။ ဘဝကို အရှုံးမပေးနဲ့။ မပုန်းရှောင်နဲ့။ 
ကိုယ့်ကိုယ်ကို မပိတ်လှောင်နဲ့။ အသစ်အဆန်းတွေကို ပွေ့ဖက်ပါ။ 
အတွေ့အကြုံသစ်ကို ယူပါ။ မိတ်ဆွေသစ်တွေကို လက်ခံပါ။
 
 သား 
(၁ဝ)ကြိမ်အသည်းကွဲကောင်း ကွဲလိမ့်မယ်။ ဒါပေမယ့် (၁၁)ကြိမ်မြောက်မှာ 
အကောင်းဆုံးမိန်းကလေးကို သားတွေ့နိုင်တယ်။ တကယ်လို့ အသည်းကွဲလို့ဆိုပြီး 
အချစ်ရဲ့တံခါးအပြင်ဖက်မှာ ကိုယ့်ကိုယ်ကို ပိတ်လှောင်သော့ခတ်ထားရင် 
အဲဒီမိန်းကလေးနဲ့ ဘဝမှာအပျော်ဆုံးအချိန်တွေကို သားလက်လွှတ်သွားလိမ့်မယ်။
 
 သားကြုံတွေ့ခဲ့ရသူတွေရဲ့ အလှောင်ပြောင်၊ အနိုင်ကျင့်တာကို သားခံရကောင်း 
ခံရလိမ့်မယ်။ ဒီလိုကို့ရို့ကားယားနိုင်တဲ့ လူတစ်ဒါဇင်လောက်နဲ့ 
တွေ့ကြုံပြီးရင် စစ်မှန်တဲ့သူငယ်ချင်းကောင်းတစ်ယောက်ကို သားတွေ့ပါလိမ့်မယ်။
 တကယ်လို့ သူငယ်ချင်းမိတ်ဆွေသစ်တွေနဲ့ သားမပေါင်းသင်းဘူး၊ 
ပွင့်ပွင့်လင်းလင်းလည်း မရှိဘူးဆိုရင် သားထိခိုက်နာကျင်ရလိမ့်မယ် မဟုတ်ဘူး။
 ဒါပေမယ့် တစ်ပြိုင်တည်းမှာပဲ သားဘဝမှာ အခက်အခဲကြုံချိန် သားကို 
ကူညီဖေးမပေးမယ့်သူ၊ သားဘဝအတွက် အလှဆုံးအချိန်ကို သယ်ဆောင်လာပေးမယ့်သူ၊ 
ဒီလိုမယုံနိုင်စရာလူတချို့နဲ့ ခင်မင်ရင်းနှီးဖို့ အခွင့်အရေးကိုတော့ 
သားဆုံးရှုံးသွားလိမ့်မယ်။
 
 အကြိမ်ပေါင်းများစွာ 
သားရှုံးနိမ့်လိမ့်မယ်။ ဒါပေမယ့် ရှုံးနိမ့်ဖို့ ခွင့်ပြုလိုက်ပြီး 
ဆက်မကြိုးစားခဲ့တော့ရင် ပြီးမြောက်အောင်မြင်ခြင်းရဲ့ အထွတ်အထိပ်က 
အောင်မြင်ခြင်းရဲ့အရသာမျိုးကို သားခံစားရလိမ့်မယ် မဟုတ်ဘူး။ 
ရှုံးနိမ့်ခြင်းဆိုတာ အောင်မြင်ခြင်းရဲ့ လှေကားထစ်ပါ သား။
 
 "ဘဝဆိုတာ ပြိုင်ပွဲမဟုတ်ဘူး Life Isn't a Competition"
 
 ကျောင်းမှာ၊ တက္ကသိုလ်မှာ၊ အလုပ်မှာပဲဖြစ်ဖြစ် သားထက် 
ပိုသာလွန်ချင်တဲ့သူတွေကို သားကြုံတွေ့ရလိမ့်မယ်။ ပိုကောင်းတဲ့ကား၊ 
ပိုကြီးတဲ့အိမ်၊ ပိုကောင်းတဲ့အဝတ်အစား၊ ပိုမိုက်တဲ့ကစားစရာတွေကို 
သူတို့ပိုင်ဆိုင်ချင်ကြတယ်။ သူတို့အတွက် ဘဝဆိုတာ ပြိုင်ပွဲတစ်ခုလို 
ကိုယ့်ကိုယ်ကိုပျာ်ရွှင်ဖို့ တခြားလူထက် သာလွန်အောင် သူတို့ယှဉ်ပြိုင်ကြတယ်။
 
 ဒီနေရာမှာ လျှို့ဝှက်ချက်တစ်ခုရှိတယ် သား။ ဘဝဆိုတာ ပြိုင်ပွဲမဟုတ်ဘူး။ 
ဘဝဆိုတာ ခရီးတစ်ခုပဲဖြစ်တယ်။ တကယ်လို့ ဒီခရီးမှာ တခြားသူ 
သဘောကျဖို့ပဲလုပ်မယ်၊ တခြားသူထက် သာလွန်ဖို့ပဲလုပ်မယ်ဆိုရင် ဒီခရီးကို 
သားဖြုန်းတီးနေမိပြီ။ ဆန့်ကျင်ဘက်အနေနဲ့ ဒီခရီးကိုနှစ်သက်အောင် 
သားသင်ယူပါ။ အပျော်ရွှင်ဆုံးခရီးဖြစ်အောင် လုပ်ပါ။ အမြဲတမ်း 
သင်ယူတဲ့ခရီးဖြစ်အောင် လုပ်ပါ၊ အမြဲတမ်း ချစ်ခြင်းမေတ္တာတွေနဲ့ 
တိုးတက်တဲ့ခရီးလမ်း ဖြစ်အောင်လုပ်ပါ သား။
 
 ပိုကောင်းတဲ့ကားတစ်စီး 
ပိုင်ဆိုင်ဖို့ ဒါမှမဟုတ် ပိုကောင်းတဲ့အိမ်တစ်လုံး ပိုင်ဆိုင်ဖို့ 
ဒါမှမဟုတ် ပစ္စည်းဥစ္စာကြောင့် ဒါမှမဟုတ် ဝင်ငွေပိုကောင်းတဲ့ 
အလုပ်တစ်ခုအတွက်နဲ့ စိုးရိမ်စိတ်တွေ မပိုနဲ့သား။ ဒါတွေဟာ အရေးမပါသလို 
သားကိုလည်း ပျော်ရွှင်စေမှာ မဟုတ်ဘူး။ ဒါတွေကို သားရယူခဲ့ရင် ဒီထက် 
သားပိုလိုချင်လာလိမ့်မယ်။ ဆန့်ကျင်ဘက်အနေနဲ့ ရှိတာနဲ့ 
ရောင့်ရဲတင့်တိမ်တတ်ဖို့ သားသင်ယူပါ။ ငွေရှာပြီးမှ ဝယ်ယူရမယ့်ပစ္စည်းအပေါ် 
ဖြုန်းတီးမယ့်အချိန်ကို တခြား သားတကယ်နှစ်သက်တဲ့အရာတွေကို လုပ်ပါသား။
 
 သားမက်မောတဲ့အရာကို သားရှာတွေ့ပြီဆိုရင် မလျော့တဲ့ဇွဲနဲ့ ရအောင်ရယူပါ။ 
အကြွေးဆပ်တဲ့အလုပ်ထဲ ကိုယ့်ကိုယ်ကို မပင်ပန်းပါစေနဲ့။ ဘဝဆိုတာ 
တိုတောင်းလွန်းတယ်။ ဒါကြောင့် ကိုယ်ငြီးငွေ့တဲ့အလုပ်ပေါ်မှာ အချိန်ကို 
ပိုမဖြုန်းတီးသင့်ဘူး သား။
 
 "ချစ်ခြင်းမေတ္တာက သားရဲ့ ဘဝစည်းမျဉ်းဖြစ်သင့်တယ်
 Love Should Be Your Rule"
 
 တကယ်လို့ စကားလုံးတစ်လုံးနဲ့ သားဘဝကို ပံ့ပိုးထောက်မထားစေမယ်ဆိုရင် 
အဲဒီစကားလုံးဟာ "ချစ်ခြင်းမေတ္တာ"ပဲဖြစ်မယ်။ ဒါဟာ ကြားရသူအဖို့ 
မဲပြာပုဆိုးလို ဖန်တစ်ရာတေ ဖြစ်ကောင်းဖြစ်မယ်။ ဒါကို ဖေဖေလည်းသိတယ်။ 
ဒါပေမယ့် ဒီထက်ပိုကောင်းတဲ့ ဘဝစည်းမျဉ်းမရှိဘူးဆိုတာ ဖေဖေကို ယုံပါ။
 
 လူတချို့က "အောင်မြင်ခြင်း"ကို ဘဝရဲ့စည်းမျဉ်းလို့ သတ်မှတ်ကြတယ်။ သူတို့ဟာ
 ဘဝမှာ ကြောင့်ကြမှုတွေနဲ့ နေထိုင်ရလိမ့်မယ်။ မပျော်ရွှင်သလို ဘဝလည်း 
တိမ်ကောနေလိမ့်မယ်။
 
 လူတချို့ရဲ့ ဘဝစည်းမျဉ်းက 
ဓတစ်ကိုယ်ကောင်းဆန်မှု"ဖြစ်တယ်။  တခြားလူရဲ့လိုအပ်မှုကို 
သူတို့ရဲ့ရလိုမှုဖြစ်အောင် လုပ်ဆောင်တယ်။ ဒီလိုလူမျိုးတွေဟာ 
အထီးကျန်ကျန်နေရသလို ဘဝဆုံးသည့်တိုင် ပျော်ရွှင်ရမှာ မဟုတ်ဘူး။
 
 
နောက်ပြီး လူတချို့က ဖြောင့်မတ်မှန်ကန်ခြင်းအတွက် အသက်ရှင်တယ်ဆိုပြီး 
သူတို့ရဲ့လမ်းကြောင်း ဖြောင့်မတ်မှုကို ကြိုးစားဖော်ညွန်းကြတယ်။ ပြီးတော့ 
သူတို့လမ်းကြောင်းအတိုင်း မနေထိုင်သူတွေကို ဆိုဆုံးမတတ်ကြတယ်။ လူတွေကို 
သူတို့ဂရုစိုက်ပေမယ့် အပျက်သဘောကို ဆောင်နေခဲ့တယ်။ နောက်ဆုံးမှာ သူတို့ရဲ့ 
ကြောက်ရွံ့စရာကောင်းတဲ့အဖော်အဖက် ကိုယ်ပိုင်ဖြောင့်မတ်မှန်ကန်တာကိုပဲ 
ရင်ဝယ်ပိုက်ပြီး ဘဝဆုံးကုန်ကြတယ်။
 
 ချစ်ခြင်းမေတ္တာနဲ့ သားဘဝကို 
ကူညီပံ့ပိုးပါ။ ဇနီးမယားကို ချစ်ပါ။ သားသမီးကို ချစ်ပါ။ မိဘ၊ သူငယ်ချင်း 
အပေါင်းအသင်းတွေကို နှလုံးသားနဲ့အရင်းခံပြီး ချစ်ပါ။ သူတို့လိုအပ်တာတွေကို 
ပေးပါ။ ချစ်ခြင်းမေတ္တာကလွဲလို့ ရက်စက်တဲ့၊ သဘောမတူတဲ့၊ အေးစက်တဲ့ ဒါမှမဟုတ်
 မျှော်လင့်ချက်မဲ့တဲ့ အရိပ်မယောင် စိုးစိမျှ မပြပါနဲ့။ 
သားရဲ့စိတ်ဝိညာဉ်ကို သူတို့အပေါ် ဖြန့်ကျက်ထားပါ။
 
 
သားချစ်တဲ့သူကိုပဲ သားချစ်ရမှာမဟုတ်ဘူး။ သားရဲ့ အိမ်နီးနားချင်း၊ 
လုပ်ဖော်ကိုင်ဖက်၊ သူစိမ်းတွေကိုလည်း သားချစ်ရမယ်။ သူတို့ဟာ 
သားရဲ့လူသားမျိုးနွယ်ထဲက မောင်နှမတွေပါ။ သားတွေ့ကြုံတဲ့ လူတိုင်းကို 
အပြုံးတစ်ပွင့်ပေးပါ၊ ကောင်းတဲ့ စကားတစ်ခွန်းပေးပါ၊ ရင်းနှီးတဲ့ 
အပြုအမူတစ်ခုပေးပါ။ ကူညီဖို့ လက်တစ်စုံကမ်းပါ။
 
 အိမ်နီးနားချင်း၊ 
သူစိမ်းတွေအပြင် သားရဲ့ရန်သူကိုလည်း သားချစ်ရမယ်။ သားအပေါ် အရက်စက်ဆုံးလူ၊ 
သားအပေါ် မကောင်းခဲ့သူတွေကို ချစ်ပါ။ သူ့ရဲ့ အနှိပ်စက်ခံဝိညာဉ်တစ်စုံက 
သားရဲ့ချစ်ခြင်းမေတ္တာကို လိုအပ်နေပါတယ်။
 
 အရေးကြီးဆုံးက 
ကိုယ့်ကိုယ်ကိုချစ်ဖို့ပါပဲ သား။ တခြားလူ ဝေဖန်လာတဲ့အခါ ကိုယ့်ကိုယ်ကို 
ရုပ်ဆိုးတယ်၊ တုံးအတယ် ဒါမှမဟုတ် ချစ်ဖို့မထိုက်တန်ဘူးလို့ အတင်းအကြပ် 
မတွေးတောမိဖို့ သားသင်ယူပါ။ ကိုယ့်ကိုယ်ကို ပြီးပြည့်စုံသူတစ်ယောက်၊ 
ပျော်ရွှင်ထိုက်သူ၊ အချစ်ကိုပိုင်ဆိုင်ထိုက်သူလို့ တွေးတောပြီး 
ကိုယ့်ကိုယ်ကိုချစ်တတ်ဖို့ သင်ယူပါ သား။
 
 နောက်ဆုံးပြောချင်တာက 
သားကို ဖေဖေချစ်တယ်။ ထာဝရချစ်တယ်ဆိုတာကို နားလည်ထားပါ။ ထူးခြားဆန်းကြယ်တဲ့၊
 ကြောက်ဖို့ကောင်းတဲ့၊ ချောက်ချားစရာကောင်းပြီး နောက်ဆုံးမှာ 
မယုံနိုင်စရာနဲ့ပြည့်နေတဲ့ ဘဝခရီးလမ်းကို သားစရတော့မယ်။ သားဘေးမှာ 
ဖေဖေရှိနေပါတယ် သား။ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်ပါစေ....
 
 ချစ်တဲ့
 သားရဲ့ဖေဖေ
 
 မူရင်းလင့် -- http://www.duwenzhang.com/wenzhang/yingyuwenzhang/20090206/35912.html
 (အင်္ဂလိပ် + တရုတ်)
 
 နိုင်းနိုင်းစနေ
No comments:
Post a Comment