Pages

Thursday, August 14, 2014

"နောင်ဘဝတိုင် မောင်နှံနှစ်ဖော် ပေါင်းလိုသော်"

မြတ်စွာဘုရားရဲ့ တရားတော်တွေမှာ လောကုတ္တရာ ကောင်းကျိုးအပြင် လောကီ ကောင်းကျိုးတွေ အတွက်လည်း အများအပြား ရှိပါတယ်။
မြတ်စွာဘုရားက သတ္တဝါတွေ အားလုံး နိဗ္ဗာန်ကို ဒီဘဝမှာပဲ ချက်ချင်း အကုန်သွားလို့ မဟောခဲ့ပါဘူး။
နိဗ္ဗာန်ကို ရောက်နိုင်တဲ့ ပုဂ္ဂိုလ်တွေလည်း နိဗ္ဗာန်ကို ဒီဘဝမှာပဲ ရောက်အောင် သွားဖို့ နည်းလမ်းတွေ ပေးခဲ့သလို သံသရာမှာ ကျင်လည်နေသူတွေကိုလည်း သံသရာခရီး သွားတဲ့ လမ်းခရီးမှာ နေနည်း ထိုင်နည်း စိတ်နေစိတ်ထားတွေကိုလည်း အားလုံး သင်ပေးခဲ့ပါတယ်။


မိဘနဲ့ သားသမီး၊ ဆရာနဲ့ တပည့်၊ လင်နဲ့မယား၊ မိတ်ဆွေအပေါင်းအသင်းအချင်းချင်း အစရှိတဲ့ ဘဝနေနည်းတွေကိုလည်း သင်ပေးထားခဲ့ပါတယ်။
မြတ်စွာဘုရားရဲ့ ကျေးဇူးတွေ သိပ်ကို ကြီးမားလှပါတယ်။

လင်နဲ့ မယား ဇနီးမောင်နှံတွေအတွက် အခု ဘဝမှာတင် မဟုတ်ဘဲ နောင်ဘဝတိုင် ချစ်ခင် ပေါင်းသင် နေထိုင်ချင်တယ် ဆိုရင် ဘယ်လို ပြုမူ ကျင့်ကြံရမယ် ဆိုတာတွေလည်း သင်ပေးထားခဲ့ပါတယ်။

မြတ်စွာဘုရားက ဘဂ္ဂတိုင်း၊ သုသုမာရဂိရမြို့၊ သားရဲတိရစ္ဆာန်တွေကို ဘေးမဲ့ပေးထားတဲ့ ဘေသကဠတော မှာ သီတင်းသုံးတော်မူနေတဲ့ အချိန်။
အဲဒီမြို့မှာ မြတ်စွာဘုရားကို သားအရင်းကို ချစ်ခင်မြတ်နိုးကြတဲ့ နကုလပိတာ နဲ့ နကုလမာတာ သူဌေးလင်မယား နှစ်ဦး ရှိကြတယ်။
မြတ်စွာဘုရားနဲ့ အင်မတန် ရင်းနှီးအကျွမ်းဝင်လို့ အကျွမ်းဝင်တဲ့နေရာမှာ ဧတဒဂ် အဖြစ် ချီးမြောက်ခံရတဲ့ လင်မယားပါ။

တစ်နေ့သော နံနက် ချိန်ခါမှာ မြတ်စွာဘုရားက မြို့ထဲကို ဆွမ်းခံကြွတော့ သူဌေးနကုလပိတာ အိမ်ကို ဆွမ်းခံ ကြွခဲ့တယ်။
မြတ်စွာဘုရား ထိုင်ပြီး သီတင်းသုံးဖို့ ခင်းထားတဲ့ နေရာမှာ ထိုင်နေတုန်း နကုလပိတာ နဲ့ နကုလမာတာ လင်မယား နှစ်ယောက်စလုံးက လာပြီးရှိခိုးကြတယ်။

အဲဒီအခါမှာ သူဌေးနကုလပိတာ က မြတ်စွာဘုရားကို မေးလျှောက်တာက
သူဟာ နကုလမာတာ ကို ငယ်စဉ်ကတည်းက လက်ထပ်ထိမ်းမြားယူခဲ့တယ်။
အဲဒီ အချိန်ကတည်းက စပြီး ဇနီးသည်အပြင် အခြား ဘယ်အမျိုးသမီးးကိုမှ စိတ်နဲ့တောင် လွန်ပြီး မပြစ်မှားခဲ့ဖူးပါ။
ကာယကံမြောက် ကျူးလွန်ဖို့ ဆိုတာ ပိုပြီးတောင် မဖြစ်နိုင်ပါဘူး။
ဒါကြောင့် ဒီဘဝမှာတင် မဟုတ်ဘဲ နောင်ဘဝမှာလည်း ပေါင်းသင်း နေထိုင်လိုပါတယ် လို့ လျှောက်တယ်။

အဲဒီလိုပဲ ဇနီးဖြစ်သူ နကုလမာတာ ကလည်း မြတ်စွာဘုရားကို လျှောက်တယ်။
သူမကလည်း ခင်ပွန်းဖြစ်သူ နကုလပိတာ နဲ့ ငယ်စဉ်ကတည်းက လက်ထပ်ထိမ်းမြားခဲ့တဲ့ အချိန်ကစပြီး ခင်ပွန်းသည်အပြင် အခြား ဘယ်အမျိုးသားကိုမျှ စိတ်နဲ့ လွန်ပြီး မပြစ်မှားခဲ့ဖူးပါ။
ကာယကံမြောက် ကိုယ်ဖြင့် ကျူးလွန်ဖို့ ဆိုတာလည်း ပိုပြီး မဖြစ်နိုင်တော့ပါ။
ဒါကြောင့် သူမက နောင်ဘဝမှာလည်း ခင်ပွန်းသည် နကုလပိတာ နဲ့ ပေါင်းသင်းနေထိုင်လိုပါတယ် လို့ လျှောက်တယ်။

အဲဒီတော့ မြတ်စွာဘုရားက ပြန်ပြီး မိန့်တော်မူတယ်။
လင်မယား နှစ်ဦးစလုံးဟာ ဒီဘဝမှာရော နောင်ဘဝမှာပါ အတူတူ ပေါင်းသင်းလိုတယ် ဆိုရင် သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ အဲဒါတွေ တူညီရမယ် တဲ့။
ရတနာသုံးပါးနဲ့ ဓမ္မကို ယုံကြည်သက်ဝင်တဲ့ သဒ္ဓါ တူညီကြရမယ်။
ကိုယ်၊ နှုတ်၊ စိတ်ကို ထိန်းသိမ်း စောင့်ရှောက်တတ်တဲ့ သီလ တူညီကြရမယ်။
ပေးကမ်းစွန့်ကြဲတတ်တဲ့ စာဂ လည်း တူညီကြရမယ်။
အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ ပညာ လည်း တူညီကြရမယ်။
အဲဒီလို မိန့်ကြားတော်မူတယ်။

လင်မယား နှစ်ဦးစလုံး သဒ္ဓါတူညီနေကြပြီ ဆိုတော့ ဘုရားသွားကျောင်းကန် သွားလည်း အတူတူ၊
ကုသိုလ်ရေး ပြုလုပ်ရာမှာလည်း အတူတူပဲပေါ့။
အနည်းဆုံး ငါးပါးသီလ ကို လုံခြုံအောင် ကျင့်ကြမယ် ဆိုရင် ဒီလင် ဒီမယား ကတော့ စိတ်အေးချမ်းသာစွာနဲ့ အကျိုးစီးပွား များပြားမှာပဲ။
လင်မယားနှစ်ဦး စကားပြောဆို ဆက်ဆံရာမှာလည်း မေတ္တာကို အခြေခံပြီး ပြေပြေပြစ်ပြစ် ရှိကြတဲ့အတွက် အမြဲတမ်း စိတ်ချမ်းသာစရာ ကောင်းပါတယ်။
ပေးကမ်းလှူဒါန်းကြတဲ့ စာဂ စိတ်ဓာတ်ကလည်း အတူတူ ဆိုတော့ ဒါနကုသိုလ်ရေးမှာ တစ်ဦးနဲ့ တစ်ဦး ပိတ်ပင်တာ မရှိကြဘူး။
တစ်ဦးက လှူဒါန်းရင် တစ်ဦးက သာဓု ခေါ်မှာပဲ။
အဆိုး အကောင်း အမှား အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ကြတဲ့ ပညာ ကလည်း တူညီနေတော့ ဘာပဲ လုပ်လုပ် တိုင်ပင် ညှိနှိုင်းပြီး လုပ်ကိုင်ကြတဲ့ အတွက် ပြဿ နာ ထွေထွေထူးထူး မရှိကြဘူး။

ဒီတော့... ဒီလင် ဒီမယား ဒီဘဝမှာ သေချာတာက သက်ဆုံးတိုင်အောင် ချစ်ချစ်ခင်ခင် ပေါင်းသင်းနိုင်ပြီး သာယာတဲ့ အိမ်ထောင်ရေးဘဝကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

အဲဒီလို စိတ်ထားတွေနဲ့ လင်မယားနှစ်ဦး ပေါင်းသင်း ကြမယ် ဆိုရင် နောင်ဘဝအထိလည်း အတူတူ ပေါင်းကြရမယ် ဆိုတာ မြတ်စွာဘုရားက ဆုံးမထားတာ ယနေ့ခေတ် အိမ်ထောင်ရှင်များ မှတ်သားထိုက်ပါတယ်။

ဇနီးမောင်နှံများ အားလုံး မြတ်ဗုဒ္ဓရဲ့ တရားတော်များကို လိုက်နာရင်း နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ.....

အရှင်ဉာဏဒီပ
“မဟာသတိပဋ္ဌာနဝိဟာရ ဝိပဿ နာဓမ္မရိပ်သာ” ရန်ကုန်။
“Mahāsatipaṭṭhānavihāra Vipassanā Meditation Centre”
[MVM Centre]

မှီငြမ်း -
[အင်္ဂုတ္တိုရ်ပါဠိတော်၊ စတုက္ကနိပါတ်၊ ပုညာဘိသန္ဒဝဂ်၊ ပဌမ သမဇီဝီသုတ်]

No comments:

Post a Comment